ရန်ကုန်ရဲ့ ရခိုင်ဝန်ကြီးနေရာ ပြိုင်ဆိုင်မှုပြင်းထန်

ရခိုင်တိုင်းရင်းသား မဲဆန္ဒရှင် ၇၀၀၀၀ ကျော် နေထိုင်တဲ့ ရန်ကုန်တိုင်းဟာ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးသစ်ကို လာမယ့် ရွေးကောက်ပွဲမှာ ရွေးချယ်ရတော့မှာပါ။

၄၂ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို ရန်ကုန်တိုင်း သာကေတမြို့နယ်က တိုင်းရင်းသားကျေးရွာမှာ ၂၀၁၆၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျင်းပစဉ် Photo: Thant Zin Oo/ RFA

ရခိုင်တိုင်းရင်းသား မဲဆန္ဒရှင် ၇၀၀၀၀ ကျော် နေထိုင်တဲ့ ရန်ကုန်တိုင်းဟာ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးသစ် ကို လာမယ့် ရွေးကောက်ပွဲမှာ ရွေးချယ်ရတော့မှာပါ။

ရခိုင်လူထုကြား လူသိများကြတဲ့ လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ရန်ကုန်တိုင်း ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

ဒေါ်ထုမေက ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အပြင် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့  ဝင်ရောက်ယှဉ်ပြိုင်တာလို့ ပြော ပါတယ်။

“တိုင်းရင်းသားရေးရာဝန်ကြီးသည် ရန်ကုန်က ရခိုင်အတွက်ပဲကွက်ပြီးတော့လုပ်မယ်ဆိုတဲ့ ထင်မြင်ချက်က နေပြီးတော့ ကျွန်မအနေနဲ့ ဒီထက်မက ဖောက်ထွက်နိုင်အောင် ကျွန်မကြိုးစားမယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မက သာမန်ဝန်ကြီးပုံစံ သွားမှာမဟုတ်ဘူး။ ရခိုင်တိုင်းရင်းသားကို ကိုယ်စားပြုတဲ့ ဝန်ကြီးဖြစ်တဲ့အတွက် ကြောင့် ရန်ကုန်မှာနေကြတဲ့ ရခိုင်တိုင်းရင်းသားများရဲ့ ဘဝလုံခြုံရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ် တွေရဲ့ ပညာရေး၊ ပညာရေး ဆိုတဲ့အထဲမှာ ပရော်ဖက်ရှင်နယ် ပညာရေးပေါ့၊ ဒါကို ကျွန်မ ရန်ကုန်တိုင်းက လုပ်နိုင်တယ်။ ဘာကြောင့်လဲဆိုရင် ရန်ကုန်တိုင်းသည် ပညာရေး၊ စီးပွားရေး အခရာကျတဲ့မြို့ဖြစ်တယ်။ ပြီးရင် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ဖို့အတွက် ကျွန်မမှာ အိမ်မက်တွေရှိတယ်။ ဒီအိမ်မက်ကို ရန်ကုန် တိုင်းက ငါးနှစ်တာ ပြုစုပြီးရင် အကောင်အထည်ဖော်မယ် ဆိုပြီးဆုံးဖြတ်ထားတယ်။“

ရခိုင်အမျိုးသား ပါတီ ANP ရဲ့ ကိုယ်စားလှယ်လောင်းကတော့   ရခိုင်လူမှုအသင်းအဖွဲ့တွေမှာ နှစ်ပေါင်းများစွာ တာဝန်ယူဆောင်ရွက်လာခဲ့တဲ့  ဦးဦးမြင့်ကျော် ဖြစ်ပါတယ်။

ဦးဦးမြင့်ကျော်ကတော့ ရန်ကုန်ရောက် ရခိုင်လူထုအတွက်တင်မကဘဲ ရခိုင်မှာရှိတဲ့ ရခိုင်လူမျိုးတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် ဖော်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။

“ဝန်ကြီးအနေနဲ့ တာဝန်ပေးခံရရင် ရန်ကုန်မှာရှိတဲ့ ရခိုင်အများစု၊ ဥပမာ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေ ရဲ့ အလုပ်အကိုင်အခွင့်အလမ်းကိစ္စတွေ အဆင်ပြေဖို့ရယ် အလုပ်လုပ်ကိုင်နေတဲ့အခါမျိုးမှာလည်း အလုပ်ရှင် အလုပ်သမားကြောင့် အနှောင့်အယှက်အခက်အခဲ ပြဿနာတွေဖြစ်လာရင် ဖြေရှင်းနိုင်ဖို့၊ ရန်ကုန်မှာရှိတဲ့ ရခိုင်အလုပ်သမားထုတွေရဲ့ အခက်အခဲလောက်ပဲ မဟုတ်ဘဲနဲ့ ရခိုင်ဒေသမှာလည်း အလုပ်အကိုင်အခွင့်အလမ်း တွေ များများပေါ်ပေါက်လာနိုင်ဖို့အတွက် ရန်ကုန်မှာရှိတဲ့ ရခိုင်ဝန်ကြီးတစ်ယောက်အနေနဲ့ လုပ်ငန်းရှင်ကုမ္ပဏီ တွေ အပါအဝင် နိုင်ငံခြားကုမ္ပဏီတွေနဲ့ပါ ရခိုင်အမျိုးသားပါတီရဲ့  မူဝါဒအတိုင်း ချိတ်ဆက်ပြီး ကြိုးစား ဆောင်ရွက်သွားမယ်။"

ရန်ကုန်ရဲ့ ရခိုင်ဝန်ကြီးနေရာကို ဦးမြင့်ကျော်တို့ရဲ့ ANP ပါတီကပဲ နှစ်ကြိမ်ဆက်တိုက် ရရှိခဲ့တာပါ။

အဲဒီလို နှစ်ကြိမ်ဆက်တိုက် အနိုင်ရခဲ့တဲ့  ဦးဇော်အေးမောင်ကို ဒီနှစ်ရွေးကောက်ပွဲမှာတော့ ဧရာဝတီတိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် သွားရောက်ယှဉ်ပြိုင်ဖို့ ပါတီက ရွေးချယ်ထားပါတယ်။

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင်ကလည်း ရခိုင်လူထုတွေကြား လူသိများပါတယ်။ သူက ရခိုင်ပြည်နယ်အတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်   ဘေးဒုက္ခ ကျရောက်နေသူတွေကို အစဉ်တစိုက် ကူညီဆောင်ရွက်ပေးနေတယ်လို့ ထင်ရှားသလို လူမှုကူညီရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ရခိုင်အမျိုးသား ကွန်ရက်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

ဦးတင်ထူးအောင်က ရခိုင်တိုင်းရင်းသားတွေရဲ့ ဘဝလုံခြုံမှုနဲ့ ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းနိုင်အောင် ဆောင်ရွက် သွားဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

“ရန်ကုန်မှာရှိနေတဲ့ ရခိုင်တွေအပါအဝင် အဝေးမှာရောက်နေတဲ့ ရခိုင်တွေအားလုံးအတွက် ဘ၀လုံခြုံမှု၊ ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းနိုင်ဖို့။ ဘဝလုံခြုံမှုဆိုတာက စီးပွားရေး ဘဝလုံခြုံမှုရှိမယ်၊ နိုင်ငံရေး ဘဝလုံခြုံမှု ရှိမယ်။ လူငယ်တွေအတွက် ပညာရေး ဘဝလုံခြုံမှုရှိမယ်။ နောက်ပြီးတော့ ရခိုင်စင်တာတစ်ခု လုပ်ချင်တယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ ရခိုင်အသိုင်းအဝိုင်းမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရှိဘူး။ ရန်ကုန်မှာရှိတဲ့ အလုပ်သမားလူဦးရေ ခြောက်သောင်းကျော်ရဲ့ နေ့စဉ်ဘဝလူမှုဒုက္ခ ပြဿနာတွေ အများကြီး ရှိတယ်။ ဒီပြဿနာတွေအပေါ်မှာ အလုပ်သမားတွေရဲ့အခြေခံအခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေအတွက် တောင်းဆို တိုက်ပွဲဝင်နိုင်တာလည်း မရှိဘူး။ ပြောင်းလဲနိုင်တာလည်း မရှိဘူး။ အလုပ်သမားတွေရဲ့ လူမှု ဖူလုံရေးဥပဒေတွေကိုလည်း အသက်ဝင်လာအောင် အစိုးရ အဆက်ဆက် မလုပ်နိုင်ခဲ့ဘူး။ ဒီအချက်တွေကို ပြုပြင်ပြောင်းလဲဖို့ အဓိကရည်မှန်းထားတယ်။"

လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ကိုယ်စားလှယ်လောင်းက   ရခိုင်တိုင်းရင်းသူ ဒေါ်ခင်မျိုးဦးပါ။ ဒေါ်ခင်မျိုးဦးကတော့ ရခိုင်ဒေသက ရန်ကုန်ကိုရွှေ့ပြောင်းလာတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ် စုတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးသွားဖို့ ရည်မှန်းထားပါတယ်။

“ရခိုင်ကနေ ရန်ကုန်ကိုရောက်လာတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေဟာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးကြတယ်။ ရန်ကုန်ကိုရောက်လာတဲ့ ရခိုင်မျိုးနွယ်စု လူငယ်တွေအတွက် သက်မွေးပညာသင်တန်း ကျောင်းတစ်ခု တည်ထောင်ချင်တယ်။ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးချင် ပါတယ်။ အားလုံးကတော့ ကိုယ့်ရခိုင်လူမျိုးကို ချစ်တဲ့လူချည်းပဲ။ ဒါပေမဲ့ စွမ်းဆောင်မှုမှာ အားသာချက်၊ အားနည်းချက်တွေတော့ ကွဲပြားမယ်လို့ ယူဆတယ်။ အာမခံနိုင်တာ တစ်ခုကတော့ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီက ဖြစ်တဲ့အတွက်ကြောင့်  ပိုပြီး ထိထိရောက်ရောက် ကူညီနိုင်မယ်လို့ ယုံကြည်တယ်။“

ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် နောက်သုံးဦးကတော့  ရခိုင်အမျိုးသားပါတီ ANP က ဦးဦးမြင့်ကျော်၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီက ဦးကျော်စွာနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာ စံလှကျော်တို့ပါပဲ။

ရခိုင်တိုင်းရင်းသားတွေကြား ထင်ရှားသူတွေ ပါဝင်သလို နောက်ခံပါတီ အားကောင်းသူတွေလည်း ပါဝင် တာကြောင့် ဒီနှစ်အတွက်  ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာက  ခါတိုင်းနှစ်တွေထက် ပိုပြီးတော့ အကြိတ်အနယ် ပြိုင်ဆိုင်ရမယ့် အခြေအနေရှိပါတယ်။

ဒါတောင်မှ ပါတီကြီးတွေဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီတို့က ရန်ကုန်တိုင်း ရခိုင်ဝန်ကြီးနေရာအတွက် ဝင်မပြိုင်ခဲ့ပါဘူး။

ရန်ကုန်ရောက် ရခိုင်လူထုကရော ဘယ်လို ပုဂ္ဂိုလ်မျိုးကိုမဲပေးဖို့ ဆုံးဖြတ်ထားကြပါသလဲ။

မဲဆန္ဒရှင်တွေထဲက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ကနေ ရန်ကုန်ကို ပြောင်းရွှေ့ နေထိုင်ပြီး ပန်းတိမ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ဦးမောင်မြင့်လှိုင်ကတော့ ကိုယ်ကျိုးစီးပွားကို မကြည့်ဘဲ ရခိုင်တိုင်းရင်းသားတွေအတွက် အနစ်နာခံ ဆောင်ရွက်ပေးမယ့်ပုဂ္ဂိုလ်ကို ရွေးချယ်မဲပေးသွားမယ်လို့ ပြောပါတယ်။

“ရန်ကုန်မှာ ရခိုင်က ရွှေ့ပြောင်းလာတဲ့သူဦးရေ များတယ်။ ကျွန်တော်တို့ ပန်းတိမ်သမားတွေလည်း အကုန်လုံး ရွှေ့ပြောင်းအလုပ်သမားတွေပါပဲ။ ကျွန်တော်တို့ မျှော်လင့်တာက ကျွန်တော်တို့က အလုပ်သမားဖြစ်တဲ့အတွက် အလုပ်သမားရဲ့အခက်အခဲတွေ အများကြီးရှိတယ်။ စက်ရုံမှာ အလုပ်ရှင်အလုပ်သမား အငြင်းပွားတာတွေ ရှိတယ်။ မိန်းကလေးတွေဆိုရင် တော်တော် ဒုက္ခရောက်တယ်။ အဓိက ကျွန်တော်တို့ တောင်းဆိုချင်တာက ရခိုင်အရေးနဲ့ ပတ်သက်လာရင် မားမားမတ်မတ် ရပ်တည်ဖို့၊ ပွဲလမ်းသဘင်လောက်ပဲ လုပ်လို့မရဘူး။ ဥပမာ စစ်ဘေးရှောင်အတွက်တွေ အလုပ်ရှင် အလုပ်သမားပြဿနာဖြစ်ရင် ဥပဒေဘောင်အထဲက ဖြေရှင်းပေး စေချင်တယ်။ ရခိုင်မှာ စစ်ဘေးရေဘေး ကြုံလာရင်လည်း တိုင်းရင်းသားရေးရာဝန်ကြီးက ဦးစီးပြီး စုပေါင်း ဆောင်ရွက်စေချင်တယ်။"

အခုဆိုရင် ရန်ကုန်ရဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးလောင်းတွေဟာ ရန်ကုန်တိုင်း တစ်တိုင်းလုံးမှာ ရှိတဲ့ ရခိုင်တိုင်းရင်းသားတွေကို မဲဆွယ်စည်းရုံးနေကြပါပြီ။

ပြည်နယ်နဲ့တိုင်းဒေသကြီးတစ်ခုမှာ တိုင်းရင်းသားလူမျိုးစုတခုရဲ့ လူဦးရေက နိုင်ငံလူဦးရေရဲ့ ၀ ဒသမ ၁ ရာခိုင်နှုန်း ရှိရင် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ တောင်းဆိုပိုင်ခွင့်ရှိတယ်လို့ ဥပဒေက ပြဌာန်းထားပါတယ်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးရာထူးတွေထဲမှာ တိုင်းရင်းသားရေးရာဝန်ကြီး နေရာမျိုးကိုပဲ လူထုက တိုက်ရိုက် ရွေးကောက်နိုင်တာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် လုပ်ပိုင်ခွင့် သိပ်မရှိဘူးလို့ ပြောဆိုမှုတွေ ရှိနေကြပါတယ်။ ဒါပေမဲ့ ရခိုင်လူမျိုးတွေရဲ့အသံကို ကိုယ်စားပြု ပြောဆိုနိုင်ဖို့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်ရောက်ရခိုင်တွေ အနေနဲ့ မဲထည့်ပေးကြဖို့ တိုက်တွန်းနေကြပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org