လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ကော့ဇ်ဘဇား သွားမည်
ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယိုမယ်နာလို ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ လာမယ့် မေလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ကို သွားဖို့ ရှိနေပါတယ်။
-
2019-04-08 -
-
-
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း သံအမတ်ကြီး Rosario Manalo ရိုဆာရီယို မယ်နာလို ကို တွေ့ရစဉ်
Photo: dfaphl
Your browser doesn’t support HTML5 audio
မြန်မာအစိုးရက ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနိုင်ဖို့ ဖိလစ်ပိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယိုမယ်နာလို ဦးဆောင်ပြီး ဖွဲ့စည်းပေးထားတဲ့ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင်ဟာ လာမယ့် မေလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ကို သွားဖို့ ရှိနေပါတယ်။
RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
■ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ အစီရင်ခံစာတင်သွင်းဖို့ လေးလကျော်သာ အချိန်ကျန်ရှိတော့တဲ့ ဒီကော်မရှင်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ကို သွားရောက်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ သဘောတူထားကြောင်း ကော်မရှင်ဘက်က အခုလ ၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒီခရီးစဉ်အသေးစိတ်နဲ့ ပတ်သက်ပြီး လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ရုံး ဖုန်းကို ဆက်သွယ် မေးမြန်းရာမှာ တာဝန်ရှိသူတစ်ဦးက ….
"ICOE အတွင်းရေးမှူးအဖွဲ့ကို ပြန်လည်တင်ပြတော့ သူတို့က အခုမှ အဲဒီခရီးစဉ်ကို ညှိနှိုင်းနေတုန်း ရှိပါသေးတယ်တဲ့ ခရီးစဉ်အသေးစိတ်က ပြောလို့မရသေးပါဘူး။ အကုန်လုံးပါပဲရှင့်"
ဒီကော်မရှင်မှာ ဂျပန်နိုင်ငံ သံအမတ်ကြီးဟောင်း ကင်ဇိုအိုရှီးမား အပါအဝင် မြန်မာနိုင်ငံဘက်က ဒေါက်တာ အောင်ထွန်းသက် လည်း ပါဝင်ပါတယ်။ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ အောင်ထွန်းသက်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
ကော်မရှင် ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ရိုဆာရီယိုမယ်နာလို က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးဆီကို သွားရောက်တွေ့ဆုံခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားရောက်လိုကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနနဲ့ ကော်မရှင်တို့ တွေ့ဆုံကြဖို့ ညှိနှိုင်းသဘောတူခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့က မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ တာဝန်ရှိသူတစ်ဦး က အခုလိုပြောပါတယ်။
"လောလောဆယ် ICOE အဖွဲ့က သူတို့တွေ လာဖို့မလာဖို့ သံရုံးကို ညွန်ကြားစာမျိုးတော့ မရှိသေးဘူး။ ဘာလို့လဲဆိုတော့ ရှေ့လမှ ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ဆီကို ခရီးစဉ်နီးကပ်မှပဲ အကြောင်းကြား လေ့ရှိပါတယ်။ သိရင်ပြောပါတယ်ခင်ဗျ။ မသိသေးလို့သာပါ"
ကော်မရှင်ဟာ မောင်တောမြို့နယ်က ငါးခူရ၊ ရွှေဇား၊ ပန်းတောပြင်၊ အောင်ဗလ စတဲ့ ကျေးရွာတွေကို သွားရောက်ခဲ့ဖူးသလို အကြမ်းဖက်မှုဖြစ်စဉ်တွေအတွင်း ကြုံတွေ့ခဲ့ရတဲ့ မျက်မြင် သက်သေတွေနဲ့လည်း တွေ့ဆုံခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ကော့ဇ်ဘဇားခရိုင်အတွင်းက တန်ခါလီ ဒုက္ခသည်စခန်းမှာရှိတဲ့ ဦးခင်မောင်က ကော်မရှင် ဘင်္ဂလားဒေ့ရှ်ကို လာမယ်ဆိုတာကို ကြိုဆိုတယ်လို့ ပြောပါတယ်။
"သူတို့ပထမအကြိမ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွားပြီးတော့ ဒီလူတွေနဲ့ တွေ့ဆုံစရာအကြောင်းမရှိဘူးလို့ ပြောကြားခဲ့တာရှိတယ်။ အခု ဘာကြောင့်လာမယ်ဆိုတာ ကျွန်တော်တို့မသိဘူး။ ဒါပေမဲ့ အဲ့ဒီကော်မရှင် လာမှာကို ကျွန်တော်တို့ ဝမ်းသာပါတယ်။ မျက်မြင်သက်သေနဲ့ မိမိရွာကို ဘယ်လိုလုပ်တယ်။ မိမိအိမ်ကို ဘယ်လို မီးရှို့တယ်။ မိမိသားကို ဘယ်လိုသတ်တယ်။ အဲဒီပုံစံနဲ့ မြင်ခဲ့တဲ့သူတွေလည်း ဒီမှာရှိတယ်"
ကော်မရှင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ ညွန်ကြားရေးမှူးချုပ် ဦးစိုးဟန်နဲ့ ဦးချမ်းအေး တို့ကို ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တိုက်ရိုက် ဖုန်းပြောခွင့်မရခဲ့ပါဘူး။
ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်ကတော့ ကော်မရှင်က စတင်ဖွဲ့စည်းစဉ်ကတည်းက ဒီနေ့အထိ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေမှာ အားရစရာ အခြေအနေ မရှိဘူးလို့ ပြောပါတယ်။
"ဒီကော်မရှင်အနေနဲ့ ဘာမှလည်း လုပ်ဆောင်တာလည်း ကျွန်တော်တို့မတွေ့ဘူး။ ပြီးတော့ ဒီကော်မရှင်က ဟန်ပြအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားပြမယ်။ ဒီလို အစီရင်ခံစာတစ်ခုထုတ်မယ်။ နိုင်ငံတကာရဲ့ ဖိအားလျော့ဖို့ ဒါတွေကို လုပ်ရခြင်းဖြစ်တယ်"
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လက ဖွဲ့စည်းခဲ့ပြီး ကော်မရှင်ဟာ တွေ့ရှိချက်တွေကို လာမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ နိုင်ငံတော် သမ္မတထံ နောက်ဆုံးထား တင်ပြရမှာ ဖြစ်ပါတယ်ရှင်။
ကျွန်မ ဝေမာထွန်းပါ။