ရခိုင်ဒေသ ကမ္ဘာ့စံချိန်တင် အင်တာနက်ဖြတ်တောက်မှု တစ်နှစ်ပြည့်လာပြီ


2020.06.19

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ရှစ်မြို့နယ်မှာ အင်တာနက် ဖြတ်တောက်ထားတာ လာမယ့် ဇွန် ၂၁ ရက်နေ့ဆိုရင် တစ်နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ အခုလို ရခိုင်ဒေသက အင်တာနက် ဖြတ်တောက်မှုဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး စံချိန်တင် ဖြတ်တောက်မှုဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေအပြင် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့ HRW က အင်တာနက်ပြန်ဖွင့်ပေးဖို့ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၇ မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ် တွေမှာ အစိုးရက လုံခြုံရေးအကြောင်းပြပြီး ၂၀၁၉ ခုနှစ် ဇွန်လက ၂၁ ရက်နေ့က စပြီး အင်တာနက်တွေ ဖြတ်တောက်ခဲ့ဟာ တစ်နှစ်ပြည့်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။

ရခိုင်ပြည်နယ်လို တခြားပြည်နယ်တွေမှာ တိုက်ပွဲတွေရှိပေမယ့် အင်တာနက် ဖြတ်တောက်တာမရှိဘဲ ရခိုင်မှာပဲ ဖြတ်တောက်ထားတာဟာ ခွဲခြားဆက်ဆံ ခံရတယ်လို့ မြင်ကြောင်း မြောက်ဦးဒေသခံ ကိုမင်းမင်း က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အကုန်လုံး အင်တာနက်တွေ ရကြတယ်။ ကျွန်တော်တို့ ရခိုင်ဒေသလို တခြားဒေသ တွေမှာလည်း စစ်ဖြစ်တာတွေ ရှိတာပဲ။ တခြားဒေသတွေကြတော့ အင်တာနက် ဖြတ်တောက်မှုတော့ မရှိဘူး။ ကျွန်တော်တို့ ရခိုင်ဒေသမှာတော့ အင်တာနက် ဖြတ်တောက်မှုတွေ ရှိတာကြတော့ တကယ်ကို ခွဲခြား ဆက်ဆံသလို ထင်တယ်ဗျ။ တကယ့်ကို ချိုးနှိမ်တဲ့ သဘောပေါ့ဗျာ ပြောမယ်ဆိုရင်တော့။ ကျွန်တော်တို့ ဘာမှကို မသိတဲ့ အတိုင်းအတာတစ်ခုမှာ ရှိတယ်။ အင်တာနက်ကိုတော့ အမြန်ဆုံးရစေချင်တယ်။”

အင်တာနက် ပြန်ဖွင့်ပေးဖို့ ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အမျိုးမျိုး တောင်းဆိုခဲ့သလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက တောင်းဆိုခဲ့ကြပေမယ့် ထူးခြားလာတော့ မတွေ့ရပါဘူး။

အစိုးရကို လွှတ်တော်ထဲမှာ တရားဝင် အဆိုတွေ၊ မေးခွန်းတွေနဲ့ တိုက်တွန်း တောင်းဆိုခဲ့ပေမယ့် အခု တစ်နှစ်ပြည့်မယ့် အချိန်အထိ ဖွင့်မပေးတာဟာ စဉ်းစားလို့ မရဘူးလို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

“လွှတ်တော်ထဲမှာ တရားဝင် အစိုးရကို အဆိုတွေ၊ မေးခွန်းတွေနဲ့ တိုက်တွန်းခဲ့တာလည်း မနည်းတော့ဘူးဗျ။ အဲဒီလို တိုက်တွန်းခဲ့ပေမယ့် တစ်နှစ်ပြည့်တော့မယ့် အချိန်မှာတောင် ဒီလိုမျိုး ဖွင့်မပေးသေးဘူးဆိုတာ ဘာကြောင့်လဲလို့ ကျွန်တော်တို့ စဉ်းစားလို့ မရနိုင်ဘူးပေါ့ဗျာ။ ပြည်သူတွေ အကျိုးဆိုလို့ရှိရင် ပြည်သူတွေက အင်တာနက် ဒီနေ့ဖွင့်ရင် ဒီနေ့အကျိုးရှိပါတယ်။ မနက်ဖြန်ဖွင့်ရင် မနက်ဖြန်အကျိုးရှိပါတယ်။”

အစိုးရရဲ့ အင်တာနက် ဖြတ်တောက်မှုဟာ ဘာအကျိုးမှ မရတဲ့အပြင် ကပ်ရောဂါကာလမှာ သတင်းအချက်အလက် တွေမရရှိတာ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာ၊ လူမှုစီးပွားရေးတွေ ထိခိုက်သွားခဲ့ပြီး တိုက်ပွဲတွေ လျှော့ချနိုင်တာ မရှိဘူးလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC က ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“အစိုးရဘက်က ပြောနေသလို အင်တာနက် ပိတ်လိုက်တဲ့အခါ အများပြည်သူ အကျိုးရှိစေရန် အတွက်ပေါ့ ဒေသခံတွေသာ အများပြည်သူလို့ဆိုရင် အင်တာနက် ပိတ်ထားတဲ့အတွက် ဘာအကျိုးကျေးဇူးမှ မရတဲ့ အပြင်ကို အခုလို ကိုရိုနာကာလမှာ သတင်းအချက်အလက် မရရှိတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ၊ လူမှုစီးပွားရေးတွေပဲ ထိခိုက်သွားတာ အဖတ်တင်တယ်ပေါ့နော်။ တိုက်ပွဲတွေ ဆိုလိုရှိရင်လည်း လျှော့ချနိုင်တဲ့ အခြေအနေမှာ မရှိဘူး။ ဘာမှလည်း ဒေသခံတွေအတွက် ကောင်းကျိုးမရှိဘူး။ ဒါကို ပြန်သုံးသပ်ဖို့ သင့်ပါတယ်။”


ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသခံ တစ်သန်းကျော်ရဲ့ အကျိုးစီးပွားကို လျစ်လျူရှုပြီး အခုလို လုပ်တာဟာ ဒီမိုကရေစီမဆန်ဘဲ လူ့အခွင့်အရေးကို အကြီးအကျယ်ချိုးဖောက်တာ ဖြစ်တယ်လို့ အသံအဖွဲ့ ဒါရိုက်တာ မောင်ဆောင်းခက ပြောပါတယ်။

“အင်တာနက် ဖြတ်တောက်တဲ့ကိစ္စက ကျွန်တော်တို့ အစိုးရက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တယ်လို့ ကျွန်တော်တို့က မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရက္ခိုင့်တပ်တော် AA နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ စစ်ရေးအရ အသာစီးရယူလိုချင်တဲ့အတွက် ဒီအင်တာနက်ကို ဖြတ်တောက်တယ်လို့ သုံးသပ်တယ်။ အဲဒီအတွက် ဘယ်သူက ပိုနစ်နာလည်းဆိုတော့ အဲဒီကဒေသခံ စုစုပေါင်း ရှစ်မြို့နယ်လောက် ရှိတယ်။ တစ်သန်းကျော်ရဲ့ အကျိုးစီးပွားကို လျစ်လျူရှုပြီးတော့ အင်တာနက်ကို ဖြတ်တာဟာ လုံးဝကို ဒီမိုကရေစီမဆန်ဘူး။ ပြီးတော့ လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်တယ်လို့ ကျွန်တော်တို့က မြင်တယ်။”

လူအခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက် ဖြတ်တောက်မှု ကြောင့် ဒေသခံ တစ်သန်းကျော်လောက် ထိခိုက်နစ်နာမှုတွေ ခံစားနေရတဲ့အတွက် ပြန်ဖွင့်ပေးဖို့ ဒီနေ့ ဇွန်လ ၂၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

HRW ရဲ့ အာရှဥပဒေရေးရာအကြံပေး Linda Lakhdhir က မြန်မာနိုင်ငံက ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အစိုးရရဲ့ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်မှုဖြစ်သလို ချက်ချင်း ပြန်ဖွင့်ပေးသင့်ကြောင်းနဲ့ ဒေသခံတွေ လုံခြုံစွာနေထိုင်နိုင်ဖို့ သတင်းအချက်အလက် ရရှိဖို့ဟာ အရေးကြီးကြောင်း တိုက်တွန်းပြောကြားထားပါတယ်။

HRW အဖွဲ့ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က ဒီနေ့ညနေပိုင်းမှာ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ ပြန်လည်ပြောဆိုခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နေပြည်တော် သမ္မအိမ်တော် သတင်းစာရှင်းလင်းပွဲမှာတော့ အင်တာနက် ဖြတ်တောက် ထားတာကြောင့် ကောင်းကျိုးတွေရှိခဲ့တယ်လို့ ဦးဇော်ဌေးက ပြောဆိုထားပါတယ်။ ဘယ်လို ကောင်းကျိုးတွေ ရှိခဲ့တယ်ဆိုတာကိုတော့ တိတိကျကျ ပြောဆိုသွားတာမရှိပါဘူး။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ခုနှစ်မြို့နယ်မှာ အင်တာနက် ဖြတ်တောက်ထားတာနဲ့ ပတ်သက်လို့ ဆက်သွယ်ရေး ဥပဒေအရ အများပြည်သူ အကျိုးကို မထိခိုက်ဘူးလို့ သုံးသပ်နိုင်တဲ့ အချိန်မှသာ အင်တာနက် ပြန်ဖွင့်ပေးမှာဖြစ်ပြီး လောလောဆယ် သြဂုတ်လ ၁ ရက်နေ့ထိ အင်တာနက် ဖြတ်တောက်ထားမယ်လို့ ဇွန်လ ၁၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရဲ့ အခြေအနေပေါ် မူတည်ပြီး တိုက်ပွဲတွေ လျော့နည်း သက်သာလာမှသာ အင်တာနက် ပြန်ဖွင့်ဖို့ကို စဉ်းစားမယ်လို့လည်း ပြောကြားထားပါတယ်။

အစိုးရက ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့နောက် လုံခြုံရေး အကြောင်းပြချက်နဲ့ ရခိုင်မြောက်ပိုင်းမှာရှိတဲ့  ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေမှာ အင်တာနက်ပိတ်ခဲ့ပါတယ်။

အစိုးရက ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ( ၅ ) လ အကြာမှာ ပြန်ဖြတ်တောက်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကတော့ မောင်တောမြို့နယ်ကို အင်တာနက် ပြန်ဖွင့်ပေးခဲ့ပြီး ကျန်တဲ့မြို့နယ်တွေကို ဆက်ပိတ်ထားရာမှာ အခုလာမယ့် ၂၀၂၀ ဇွန်လ ၂၁ ရက်ဆိုရင် အင်တာနက် ဖြတ်တောက်ခံရတာ တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။