ရခိုင်ပြည်နယ်က မြို့နယ် ၇ ခုမှာ တိုက်ပွဲဖြစ်ပွားတာ၊ ညမထွက်ရအမိန် ထုတ်ပြန်ထားတာတွေကြောင့် လယ်ယာမြေဧကပေါင်း တစ်သိန်းနီးပါးမှာ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ဖို့ အခက်အခဲဖြစ်နေတာကြောင့် အစိုးရအနေနဲ့ စီမံဆောင်ရွက်ပေးဖို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက တိုက်တွန်း လိုက်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။
■ ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ် ၇ ခုက ကျေးရွာအုပ်စု ၁၀၄ စုမှာရှိတဲ့ လယ်ယာမြေဧကပေါင်း တစ်သိန်းနီးပါးဟာ အချိန်မီထွန်ယက်စိုက်ပျိုးလို့ မရနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက RFA ကို ဒီနေ့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စပါးစိုက်ပျိုးရေးကို မိုးရာသီတစ်ခုတည်းမှာပဲ လုပ်ဆောင်ကြတာဖြစ်သလို အခုမေလ တတိယပတ်ဟာ လယ်ယာလုပ်ငန်းတွေစတင်ဖို့ ပြင်ဆင်ချိန်လည်းဖြစ်ပါတယ်။
ဒါပေမဲ့ ဒေသခံတွေဟာ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသလို အစိုးရဘက်ကလည်း ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် သူတို့ရဲ့ လယ်ယာလုပ်ငန်းတွေကိုအစပျိုးဖို့ အလှမ်းဝေးနေတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေကြရတာလို့လည်း ဆိုပါတယ်။
ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ အစိုးရအာဏာပိုင်တွေအနေနဲ့ အဲဒီဒေသတွေက စိုက်ပျိုးရေး လိုအပ်ချက်တွေကို အချိန်မီကူညီ ထောက်ပံ့ပေးဖို့ တိုက်တွန်းတဲ့စာတစ်စောင်ကိုလည်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မေလ ၁၆ ရက်စွဲနဲ့ ပေးပို့လိုက်ပါတယ်။
အဲဒီစာနဲ့ပတ်သက်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက အခုလိုပြောပါတယ်။
"မိုးရာသီကာလကို ရောက်တော့မယ်ဆိုတော့ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ဒေသနဲ့ စစ်ဘေးရှောင်နေရတဲ့ ကျွန်တော်တို့ တောင်သူလယ်သမားတွေဟာ ဒီရာသီမှာ အချိန်မီထွန်ယက်တာတွေ မလုပ်ရဘူးဆိုရင် အနာဂတ်အတွက် တော်တော်စိုးရိမ်စရာကောင်းတယ်ဆိုတဲ့အပေါ်မှာ ဒါမဖြစ်မနေ ကြိုတင်ပြင်ဆင်ရမယ်၊ ဒီပြင်ဆင်မှုကိုလည်း နိုင်ငံတော်က တာဝန်ယူလုပ်ဆောင်ရမယ် ဆိုတဲ့ အဓိကတိုက်တွန်းချက်အပေ ါ်အခြေခံပြီး ရေးထားတာဖြစ်ပါတယ်"
မြန်မာ့တပ်မတော်က စစ်တိုင်း(၅)ခုမှာ အပစ်အခတ်ရပ်စဲထားသလို ရခိုင်မှာလည်း အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးပဋိပက္ခဖြစ်စဉ်တွေကို ညှိနှိုင်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ကိုလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ပေးပို့တဲ့စာထဲမှာ တိုက်တွန်းထားပါတယ်။
အခုအချိန်ဟာ လယ်ယာလုပ်ငန်းအတွက် စတင်ပြင်ဆင်ရတော့မယ့်အချိန်ဖြစ်ပေမယ့် လက်ရှိမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတာကြောင့် လယ်ယာလုပ်ငန်းကို လှည့်မကြည့်နိုင်သေးဘူးလို့ မြောက်ဦးမြို့နယ်က တောင်သူတစ်ဦးဖြစ်တဲ့ ဦးစိုးနိုင်ကပြောပါတယ်။
"ကျွန်တော်တို့က စစ်ပွဲဖြစ်နေတဲ့အချိန်ဖြစ်နေတော့ လယ်ထွန်ဖို့ကိုမပြောနဲ့ ကိုယ့်ဟာကိုယ် အိမ်မှာတောင် မနေရဲဘဲ ထွက်ပြေးနေရတဲ့အနေအထားဖြစ်တော့ အဲဒီလယ်ကို လှည့်ကြည့်ဖို့တောင် မရတဲ့အခြေအနေဖြစ်နေ ပါတယ်။ ဒီကတောင်သူတွေက အဲဒီလယ်ကိုပဲ အဓိကမှီခိုပြီး လုပ်ကိုင်စားသောက်နေရတယ်ဆိုတော့ လယ် မလုပ်ရရင် တွေးရဲစရာတောင်မရှိပါဘူး။ အကူအညီဆိုတာကိုလည်း ဘယ်အချိန်လာမယ်၊ ဘယ်လောက်အထိ ရမယ်ဆိုတာကတော့ ခန့်မှန်းလို့မရဘူးဆိုတော့ လူတွေအကုန်ငတ်ပြတ်သေကုန်မယ့်အနေအထားရှိနေပါတယ်။ ဒါကတကယ့်ကို စိုးရိမ်စရာကောင်းပါတယ်"
ရခိုင်ပြည်နယ်က တောင်သူတွေဟာ လယ်ယာလုပ်ငန်းတစ်ခုနဲ့ပဲ အဓိကရပ်တည်နေကြတာဖြစ်တဲ့အတွက် လယ်ယာလုပ်ငန်းကို မလုပ်ကိုင်နိုင်ဘူးဆိုရင် အခြားလုပ်ကိုင်စရာမရှိတော့သလို ဒေသခံတွေအနေနဲ့ စားဝတ်နေရေးအကျပ်အတည်းတွေနဲ့ ပိုမိုရင်ဆိုင်လာရဖွယ်ရှိတယ်လို့လည်း တောင်သူတွေက ပြောပါတယ်။
အခုနှစ်လယ်ယာစိုက်ပျိုးရေးကို အချိန်မီလုပ်ကိုင်နိုင်ဖို့အတွက် စစ်ပွဲတွေရပ်ဆိုင်းဖို့ ဒါမှမဟုတ် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ထိခိုက်မှုမရှိအောင်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း တောင်သူတွေကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့သတ္တုဝန်ကြီး ဦးကျော်လွင် ကို RFA က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုပြောပါတယ်။
"စာက သမ္မတဆီကို တင်ထားတာဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စက သမ္မတက ညွှန်ကြားလို့ရှိရင်တော့ ဒါကတစ်ပိုင်းပေါ့လေ။ ကျွန်တော်တို့ စစ်ဖြစ်တဲ့နေရာမှာကတော့ တကယ်ထွန်ယက်စိုက်ပျိုးမယ်ဆိုလို့ ရှိရင် ဒေသခံတွေကိုယ်တိုင်သွားပြီးတော့ လုပ်ရဲကိုင်ရဲလို့ရှိရင်တော့ လိုအပ်တဲ့အကူအညီ အကုန်လုံး ကိုတော့ ကျွန်တော်တို့က နိုင်သလောက်ကို ကူညီပံ့ပိုးဖို့အဆင်သင့်ပါပဲခင်ဗျ။ ကျွန်တော်တို့အစိုးရအဖွဲ့ကို တရားဝင် အကူအညီတောင်းမယ်ဆိုလို့ရှိရင် ကျွန်တော်တို့အစိုးရအဖွဲ့ နိုင်သလောက်ကို အစွမ်းကုန် ကူညီပံ့ပိုးဖို့ အဆင်သင့်ပါပဲ"
ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ ပေးပို့လိုက်တဲ့ စာကို နိုင်ငံခြားသံရုံးတွေကိုပါ ဖြန့်ဝေထားတယ်လို့လည်း သမဂ္ဂ ဥက္ကဌ ဦးကျော်ဇံကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စီမံကိန်းစိုက်ပျိုးမြေဧက ၁၀ သိန်းကျော်ရှိပြီး အဲဒီအထဲက စပါးစိုက်ပျိုးမှုအများဆုံးနဲ့ စပါးအထွက်ဆုံးဟာ အခုတိုက်ပွဲတွေပြင်းထန်နေတဲ့ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား မြို့နယ်တွေ ဖြစ်တယ်လို့ပြောကြပါတယ်။
0:00 / 0:00