တိုက်ပွဲတွေကြားပျောက်ဆုံးသူတွေကိစ္စ ဘယ်သူတာဝန်ယူမှာလဲ

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြားမှာ သေဆုံးရသူတွေ အဖမ်းခံရသူ အရပ်သားတွေ တဖြည်းဖြည်းများလာနေပါတယ်။

မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာက ဘုန်းတော်ကြီးကျောင်းမှာ ထွက်ပြေးရောက်ရှိနေသူတွေကို ၂၀၁၉ မတ်လက တွေ့ရစဉ် Photo: Kyaw Zin

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြားမှာ သေဆုံးရသူတွေ အဖမ်းခံရသူ အရပ်သားတွေ တဖြည်းဖြည်းများလာနေပါတယ်။ ဒေသခံတွေ အဆိုအရ စစ်တပ်က တအိမ်တက်ဆင်း လာရောက်စစ်ဆေးမှုတွေ လုပ်နေသလို အိမ်မှာမနေရဲလို့ ထွက်ပြေးသူတွေရဲ့ အိမ်တွေကိုလည်း မီးရှို့မယ်လို့ ခြိမ်းခြောက်ထားတာ ရှိတယ်လို့ဆိုပါတယ်။

ဒီအခြေအနေတွေအရ ရခိုင်ပြည်နယ်ကစစ်ပွဲဟာ လူမျိုးရေးအသွင်ကို ပြောင်းလာနေပါတယ်။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် သုံးသပ်တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တိုက်ပွဲတွေကြားပျောက်ဆုံးသူတွေကိစ္စ ဘယ်သူတာဝန်ယူမှာလဲ

(ဦးတင်အောင်ခိုင်)


ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲကြောင့် သေဆုံးရတဲ့ ဒေသခံတွေ ရှိသလို နှစ်ဘက်တပ်တွေရဲ့ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။ စာရင်းတွေအရ တပ်မတော်ဘက်က ဖမ်းတာ အယောက် ၃ဝကျော်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ အဖမ်းခံရသူတွေဟာ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်တွေက များကြပါတယ်။

အလားတူ AA ဘက်ကလည်း ဖမ်းတာတွေ ရှိခဲ့ပါတယ်။ AA က ဖမ်းခဲ့တာဟာ ရဲစခန်းတွေ တပ်စခန်းတွေကို ဝင်သိမ်းစဉ် သ့ုံပန်းအနေနဲ့ ဖမ်းသွားသူ နယ်ခြားစောင့် ရဲတွေများပါတယ်။ အလားတူ ပြီးခဲ့တဲ့ အပတ်အတွင်း အစိုးရ သင်္ဘောကို AA က ပစ်ခတ်စဉ် သင်္ဘောပေါ်ပါ အရပ်သားတွေကို ဖမ်းသွားတာရှိခဲ့ပြီး နောက်ပိုင်း ပြန်လွှတ်ပေးခဲ့ပါတယ်။

အခုလို ဖမ်းဆီးမှုတွေကြောင့် မနေ့ကပဲ မြောက်ဦးနဲ့ မင်းပြားနယ်စပ်က ဒေသခံ ၃ဝဝဝ ကျော် နေအိမ်တွေကို စွန့်ခွာထွက်ပြေးကြပါတယ်။ ဒါဟာ တပ်မတော်က တအိမ်တက်ဆင်း ရှာဖွေတာ ဖမ်းဆီးတာတွေ လုပ်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်မတိုင်ခင် လွန်ခဲ့တဲ့ လတွေ အတွင်းကလည်း ရသေ့တောင်မြို့နယ်ရှိ သမီးလှရွာ၊ မင်းဘူးရွာတွေမှာ ရွာထိပ်မှာ မိုင်းကွဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ရွာဘက်ကို ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ သေဆုံးခဲ့ရပါတယ်။ ဒီလိုမျိုး ဖြစ်မှာကို မြောက်ဦးနဲ့ မင်းပြားဒေသခံတွေ စိုးရိမ်တယ်လို့ ပြောပါတယ်။

အရပ်သားတွေ အဖမ်းခံရတာတွေကို ကြည့်ရင် ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ဖြစ်ပါတယ်။  ဖမ်းဆီးခံရသူတွေဟာ  မတရားအသင်းဆက်သွယ်မှု၊ ပုဒ်မ ၁၇(၁) (၂) အပြင် နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ အမှု ၅ဝ၅(ခ) တို့ အသီးသီး ဖြစ်ပါတယ်။ အဲဒီမှာ ရသေ့တောင် မြို့နယ်အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတဦးနဲ့ အရပ်သား ၈ဦးကို ၁၇(၁)နဲ့ အရေးယူခံရသလို ဘူးသီးတောင် အုပ်ချုပ်ရေးမှူးဟာ နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ အမှုနဲ့ အရေးယူခံခဲ့ရပါတယ်။

အလားတူ မနေ့ကပဲ တပ်မတော်ပိုင် မြဝတီသတင်းစာမှာ မြောက်ဦးမြို့နယ်အတွင်း ချောင်းသစ်ကျေးရွာအနီးမှာ မတ်လ ၁၂ ရက်နေ့က AA အဖွဲ့ဝင် ၁၃ ဦးကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ သူတို့ဟာ AA တပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့ ဓါတ်ပုံ အထောက်အထားတွေ ရှိသလို ကိုယ်တိုင် ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေ ပြောပြတာတော့ သတင်းနဲ့ ကွဲလွဲနေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက မြောက်ဦးမြို့နယ်အတွင်း ရပ်ကျေး အုပ်ချုပ်ရေးမှူး ၄ဦး အဖမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးတွေ အားလုံးလိုလို ထွက်စာတင်လိုက်ပါတယ်။ ဖမ်းထားသူကို နောက်ပိုင်းမှာ လွှတ်ပေးခဲ့ပေမယ့် ထွက်စာတင်တဲ့သူတွေ ပြန်ပြီး တာဝန်ထမ်းဆောင်တာ မတွေ့ရပါဘူး။

ဒီအခြေအနေတွေအရ တပ်မတော်ဘက်က ဒေသခံတွေကို ခြိမ်းခြောက်မှုတွေ လုပ်လေ၊ ဖမ်းဆီးမှုတွေ လုပ်လေ၊ ဒေသခံတွေဟာ AA တပ်ဖွဲ့ကို ထောက်ခံအားပေးသူတွေ ဖြစ်မှန်း မသိဖြစ်သွားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။  ဒီထက်ပိုပြီး ဆိုးဝါးတဲ့ အခြေအနေကတော့ ဒေသခံတွေ စိတ်ထဲစိမ့်ဝင်လာတာက တပ်မတော်ကို ဗမာစစ်တပ် ဆိုပြီး ရွံကြောက်ကြောက်လာတာပါ။

ဒီလိုအဖြစ်မျိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝကျော်ကတည်းက ကရင်ပြည်နယ်မှာ ဖြစ်ခဲ့သလို ရှမ်းပြည်နယ်နဲ့  ကရင်နီမှာလည်း ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းကျတော့ ကချင်ပြည်နယ်နဲ့ ခု ရခိုင်ပြည်နယ်ပါ ပါဝင်လာတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org