ရခိုင်ဒေသတိုက်ပွဲ ရမ်းဗြဲမြို့အထိ ကျယ်ပြန့်လာ
ရမ်းဗြဲမှာ စစ်ကောင်စီတပ်နဲ့ AA တို့ ဒီဇင်ဘာ ၁၈ ရက်က တိုက်ပွဲဖြစ်ပြီးနောက် လူဦးရေတစ်သောင်းကျော်ရှိတဲ့ မြို့ခံတွေအားလုံးနီးပါး ထွက်ပြေးနေကြရပါတယ်။
-
RFA Burmese
2023-12-19 -
-
-
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှာ ဒီဇင်ဘာ ၁၈ ရက် မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံက အင်အားသုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် လူဦးရေတစ်သောင်းကျော်ရှိတဲ့ မြို့ခံတွေအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ ဒီတိုက်ပွဲဟာ ရမ်းဗြဲဒေသမှာ ပထမဆုံးအကြိမ် ဖြစ်ပွားတဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော် (AA) ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ မနေ့ညထုတ်ပြန်ချက်မှာ ရမ်းဗြဲမြို့ အောင်ချမ်းသာ စေတီတောင်ပေါ်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ရာကနေ စစ်ကောင်စီတပ်ဘက်က လေတပ်၊ ရေတပ်နဲ့ ကြည်းတပ်တွေ ပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို ပစ်ခတ်မှုတွေကြောင့် လောင်းချောင်းရပ်ကွက် သက်ကြီးပိုင်းအမျိုးသားတစ်ဦး သေဆုံးပြီး အရွယ်မရောက်သေးတဲ့ မိန်းကလေးနှစ်ဦး ဒဏ်ရာရသွားခဲ့သလို ညောင်ပင်လှ ရွာက အမျိုးသားတစ်ဦးလည်း ပြင်းထန်ဒဏ်ရာ ရသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စင်းနဲ့ ရမ်းဗြဲမြို့နဲ့ အနီးအနားရွာတွေကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်အတွင်းက နေအိမ်တချို့နဲ့ ဆီဆိုင်တန်း မီးလောင် ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မနေ့ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီအချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
"ရမ်းဗြဲကျွန်းရဲ့ ပတ်ပတ်လည်မှာ နေဗီတွေအများကြီး ရှိနေတယ်။ မြို့ပေါ်ကိုပဲ လှမ်းပစ်နေကြတာ။ အဲဒါကြောင့် မြို့ပေါ်မှာ မနေရဲဘူး”
ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မှာတော့ တိုက်ပွဲဖြစ်တာမရှိပေမယ့် ရမ်းဗြဲကျွန်းပတ်ပတ်လည်မှာ စစ်ကောင်စီတပ်က စစ်ရေယာဉ်တွေချထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မြို့ခံတွေအားလုံးနီးပါးကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့မနက်ပိုင်းက ပြောပါတယ်။
“ဒေသခံတွေကတော့ စိုးရိမ်နေကြတာပေါ့။ ဒီလိုတိုက်ပွဲမျိုးက ရမ်းဗြဲမှာ တစ်ခါမှ ဖြစ်ဖူးတာမဟုတ်ဘူး။ သေနတ်သံတွေလည်း ကြားဖူးတာမှ မဟုတ်တာ။ အဲဒီတော့ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ် တယ်ဆိုတော့ ကြောက်လန့်ပြီး ထွက်ပြေးနေကြတာ။ အခုတော့ ပြန်လို့မရသေးဘူး။ ရမ်းဗြဲကျွန်းရဲ့ ပတ်ပတ်လည်မှာ နေဗီတွေအများကြီး ရှိနေတယ်။ မြို့ပေါ်ကိုပဲ လှမ်းပစ်နေကြတာ။ အဲဒါကြောင့် မြို့ပေါ်မှာ မနေရဲဘူး”
လက်ရှိမှာတော့ ဒေသခံတွေဟာ ဆွေမျိုးတွေရှိတဲ့ မြို့နယ် ရွာတွေမှာ ထွက်ပြေး ခိုလှုံနေကြရတယ်လို့ဆိုပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းလောက်မှာတော့ ရမ်းဗြဲမြို့မှာ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေပါ ပြတ်တောက်နေတာကြောင့် လတ်တလော အခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ ခက်ခဲနေပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ရမ်းဗြဲမြို့နယ် လေးတောင်နယ်မြေရဲစခန်း၊ အောင်လှပြင်နယ်မြေရဲစခန်း၊ ကျောက်နီမော်နဲ့ အမှတ် (၃၂) ရဲတပ်ရင်းခွဲ မာယာ တောင်ရဲစခန်းစတဲ့ စခန်းလေးခုကို AA အဖွဲ့က သိမ်းပိုက်ထားတယ်လို့ ဖော်ပြထားပါတယ်။
ရမ်းဗြဲမြို့နယ်ကိုလည်း ရက္ခိုင့်တပ်တော် (AA) ကပဲ စိုးမိုးထားနိုင်တာကြောင့် စစ်ကောင်စီတပ်က အလုံးအရင်းနဲ့ ပြန်လည်ခုခံနေတာဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အာဏာသိမ်းပြီးကတည်းက ရမ်းဗြဲမြို့နယ်ကိုတော့ AA က အားလုံးနီးပါး စိုးမိုးထားပြီဆိုတော့ ရခိုင်ပြည်နယ် တောင်ပိုင်းမှာဆိုရင် ရမ်းဗြဲမြို့ဟာ ပထမဆုံး AA လက်ထဲကို ရောက်မယ့်မြို့လို့ ပြောလို့ရတာပေါ့နော်။ ပြီးတော့ တောင်ပိုင်းမှာရှိတဲ့ မြို့နယ်နေရာတွေဆိုလို့ရှိရင်လည်း AA က ထိန်းထားတယ်။ အခုဆိုလို့ရှိရင် ဒီဘက်မှာ သံတွဲနယ်က ရဲစခန်းတွေ၊ စစ်တပ်တွေဆိုလို့ရှိရင် ဂွမြို့နယ်ဘက်ကို ဆုတ်သွားကြပြီပေါ့နော်”
ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ရမ်းဗြဲအပြင် ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ စတဲ့ မြို့နယ်တွေအထိ ကျယ်ပြန့်လာနိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
တစ်ဖက်မှာလည်း ရခိုင်တောင်ပိုင်းဒေသတွေဟာ တရုတ်စီမံကိန်းတွေ အဓိက အခြေစိုက် ရာနေရာ ဖြစ်ပါတယ်။ လက်ရှိလည်ပတ်နေတဲ့ တရုတ်စီမံကိန်းအနီးအနားတွေမှာတော့ တိုက်ပွဲဖြစ်နိုင်ခြေမရှိပေမယ့် တရုတ်ရဲ့ အကြီးဆုံး စီမံကိန်းဖြစ်လာမယ့် ကျောက်ဖြူအထူး စီးပွားရေးဇုန် (SEZ) ရဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ရထားလမ်းစီမံကိန်းကတော့ တိုက်ပွဲ အရှိန်ကြောင့် အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ တရုတ်စီမံကိန်းတွေကို လေ့လာ စောင့်ကြည့်နေတဲ့ ရခိုင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လက်ရှိကာလမှာတော့ တရုတ်ရဲ့ ရထားလမ်းစီမံကိန်းရယ်၊ ရေနက်ဆိပ်ကမ်း စီမံကိန်းရယ် ဒီအရေးကြီးဆုံး စီမံကိန်းနှစ်ခုကတော့ ဒါကို အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်မြင်တယ်။ ဘာလို့လဲဆိုတော့ ဒါက မန္တလေး၊ ကျောက်ဖြူ ရထားလမ်းဖြစ်မယ်ပေါ့လေ။ လက်ရှိမှာ မန္တလေးဘက်ကလည်း တိုက်ပွဲဖြစ်တာရှိ တယ်။ မကွေးမှာလည်းရှိတယ်။ ရခိုင်မှာလည်း တိုက်ပွဲဖြစ်လာတဲ့အခြေအနေရှိတော့ ဒီစီမံကိန်းက စဖို့ အတော်လေး ခက်မှာပါ”
ရမ်းဗြဲမြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပြင် ရက္ခိုင့်တပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက် သိရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံမဖြေကြားပါဘူး။
ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်း မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ပေါက်တောမြို့မှာတော့ ဒီဇင်ဘာ ၁၈ ရက် မနေ့ညနေပိုင်းမှာက တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်တွေအခြေစိုက် အမှတ် (၁၂) တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပေါက်တောမြို့ကို ပစ်ခတ်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်တွင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ တစ်ကျော့ပြန်တိုက်ပွဲပြင်းထန်နေတာပါ။ ဒီတိုက်ပွဲကာလအတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၁၄၂ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။
ဒီတစ်ကျော့ပြန်တိုက်ပွဲတွေအတွင်း ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ မင်းပြားမြို့နယ်တွေက အရပ်သား တစ်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ထုတ်ပြန်ထားပါတယ်။
ရခိုင်နိုင်ငံရေးလေ့လာသူတွေကတော့ ရခိုင်မှာ တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။