ရခိုင်ပြည်နယ်က တိုက်ပွဲရပ်ဆိုင်းရေး တောင်းဆိုသူတွေ အမှုဖွင့်ခံရ
2019.07.03
ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်ဖွဲ့တို့ကြားက တိုက်ပွဲတွေအတွင်း ဒေသခံအရပ်သားပြည်သူတွေ ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးရတာတွေအတွက် တရားမျှတမှုရှိရေး တောင်းဆိုခဲ့ကြတဲ့ ရခိုင်လူငယ်တွေထဲက ကိုသန်းလှဆိုသူရဲ့နေအိမ်ကို စစ်တွေမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက မနေ့ညက ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
မင်းဂံရဲစခန်းမှူးနဲ့အတူ စစ်တွေရဲစခန်းက တာဝန်ရှိသူတွေ မနေ့ည ၉ နာရီလောက်က နေအိမ်ကို ရောက်လာခဲ့ပြီး ကိုသန်းလှကို လာရောက်ရှာဖွေခဲ့ကြတယ်လို့ ကိုသန်းလှရဲ့ မိခင်ဖြစ်သူက RFA ကိုပြောပါတယ်။
“ မနေ့ကဖမ်းဖို့လာကြတယ်။ မင်းဂံရဲစခန်းမှူး၊ နောက်ပြီး မြို့နယ်မှူး၊ အမှတ်(၁)ရဲစခန်းက စခန်းမှူး၊ နောက်ပြီး နောက်ထပ် ရဲ ၃၊ ၄ ဦး၊ နောက်ပြီး ရပ်ကွက်က ရာအိမ်မှူးဆယ်အိမ်ှူး တစ်ယောက်နှစ်ယောက် ပါတယ်။ သန်းလှရှိလားလို့မေးတယ်။ ကျွန်မကလည်းသန်းလှမရှိဘူး၊ အိမ်ကထွက်သွားတာ တစ်ရက်နှစ်ရက်ရှိနေပြီလို့ပြောတယ်။ ပြန်ရောက်လားလို့မေးတယ်။ မရောက်လို့ဖြေတယ်။ အိမ်ပေါ်ကိုတက်ကြည့်မယ်လို့ပြောတော့ တံခါးဖွင့်ပေးလိုက်တယ်။ သူတို့တက်ရှာကြတယ်။ ရှာမတွေ့တော့ နောက်ဆုံးပြန်သွားကြတယ်။ ဘာမှမပြောခဲ့ကြဘူး”
ရခိုင်လူငယ်ကွန်ဂရက်က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသန်းလှအပါအဝင် ရခိုင်လူငယ် ၂ဝ ကျော်လောက်ဟာ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲတွေအတွင်း ဖမ်းဆီးစစ်ဆေးခံရစဉ်မှာ သေဆုံးခဲ့တဲ့ အရပ်သားပြည်သူတွေ တရားမျှတမှုရှိရေး၊ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားသတ်ဖြတ်တာ ဖမ်းဆီးချုပ်နှောင်တာတွေ ရပ်တန့်ရေး နဲ့ စစ်ပွဲတွေရပ်တန့်ရေးအတွက် ဇူလိုင်လ ၂ ရက်နေ့ မနေ့က စစ်တွေမြို့က ဦးဥတ္တမပန်းခြံရှေ့မှာ သရုပ်ပြကွက်တွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။
အဲဒီဆန္ဒထုတ်ဖော်သူတွေထဲက ကိုသန်းလှရဲ့နေအိမ်ကို ရဲတွေက ဝင်ရောက်ရှာဖွေခဲ့တာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်း က RFA ကို ခုလိုပြောပါတယ်။
“ မြန်မာနိုင်ငံမှာ မြန်မာ့ဥပဒေရှိပါတယ်။ ငြိမ်းချမ်းစွာစုဝေးမယ်။ ဆန္ဒပြမယ်ဆိုရင် ခွင့်ပြုချက်တင်ရပါတယ်။ ခွင့်ပြုချက်တင်တယ်ဆိုရင် တင်တဲ့ဟာအားလုံး ခွင့်ပြုပေးနေပါတယ်။ ခွင့်ပြုချက်မတင်တာကြောင့်ဖြစ်ပါတယ် ”
မနေ့က ဆန္ဒဖော်ထုတ်တဲ့ထဲမှာပါသူ အားလုံးကို အမှုဖွင့်ထားပြီဖြစ်ကြောင်း အမှုနဲ့ပတ်သက်ပြီး လက်ရှိမပြောနိုင်သေးကြောင်း ရဲမှူးကြီးကြည်လင်းက ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေ ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်သူတွေကို ဖမ်းဆီးမယ့် အခြေအနေနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီရဲ့ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကတော့ ခုလိုပြောပါတယ်။
“အဓိကကတော့ မြောက်ဦးက လက်သမားလေး ဖမ်းဆီးခံရပြီးဆုံးသွားတယ်။ ရရှိတဲ့ဒဏ်ရာတွေနဲ့ သွေးအန်ပြီးတော့။ အဲဒါကို ရခိုင်ပြည်တပြည်လုံးကလူငယ်တွေက အင်မတန်ကိုစိတ်ထိခိုက် ခံစားပြီးတော့မှ အဲဒီထဲကတစိတ်တပိုင်းက ဆန္ဒဖော်ထုတ်တာဖြစ်တယ။ မြို့လယ်ကောင်မှာ ကိုသန်းလှတို့ ပါဖောမန့်လုပ်ကြတယ်။ ဆန္ဒဖော်ထုတ်ကြတယ်။ သူတို့က ရိုးရိုးသားသား လူငယ်တွေပီပီ ဆန္ဒဖော်ထုတ်တာ။ ဒါပေမဲ့ ဘယ်လိုပုဒ်မတွေနဲ့ အညှိုးတကြီးနဲ့ လုပ်မယ်ဆိုတာကိုတော့ အလွန်စိုးရိမ်ပါတယ်ခင်ဗျ ”
ရခိုင်ပြည်နယ်မှာ ရက္ခိုင်တပ်မတော် AA နဲ့ ဆက်စပ်တယ်လို့ သံသယနဲ့ မြန်မာ့တပ်မတော်က ဖမ်းဆီးထိန်း သိမ်းပြီး စစ်ဆေးခံရသူ ၉ဝ ရှိပြီး အဲဒီစစ်ဆေးခံရစဉ် သေဆုံးသူ ၁၄ဦးအထိ ရှိနေပြီလို့ သိရပါတယ်။
(RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)