တိုက်ပွဲကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီရွာတရွာလုံးနီးပါး ထွက်ပြေးရ
ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီရွာအနီး မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်ရဲ့တိုက်ပွဲကြောင့် ရွာလုံးကျွတ်နီးပါးထွက်ပြေးသွားခဲ့ကြတယ်လို့ ဆင်သီကျေးရွာကျောင်းတိုက်က အနော်မာလမင်းဆရာတော်က RFA ကို မိန့်ပါတယ်။
-
2019-06-26 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီရွာအနီးမှာ ဇွန်လ ၂၅ ရက်နေ့မနက်က မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့် တပ်တော်တို့ တိုက်ပွဲဖြစ်တာကြောင့် ဆင်သီရွာက လူဦးရေ ၂၈ဝဝ ကျော် ဘေးလွတ်ရာကို ထွက်ပြေးသွားကြတယ် လို့ ဆင်သီကျေးရွာကျောင်းတိုက်က အနော်မာလမင်းဆရာတော်က RFA ကို မိန့်ပါတယ်။
မနေ့က မနက် ၁ဝ နာရီလောက်က ဆင်သီကျေးရွာရဲ့အထက်ဘက်နားမှာ တိုက်ပွဲဖြစ်ပွားပြီး ရွာအတွင်းလက်နက် ကြီးတွေကျခဲ့တာကြောင့် ရွာသားတွေကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့ကြတာလို့ ဆရာတော်က မိန့်ပါတယ်။
“တိုက်ပွဲက ကြီးကြီးမားမားဖြစ်တာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ရွာနားမှာဖြစ်တယ်ဆိုတော့ ရွာသားတွေက ကြောက်လန့်နေကြတာကိုး။ တိုက်ပွဲတွေဖြစ်ရင် လက်နက်ကြီးတွေကျတာ ရွာနားမှာတွေ့လို့ ရှိရင် ရွာသားတွေကို ပစ်သတ်တယ်ဆိုတာမျိုး အဲလိုသတင်းတွေထွက်နေတော့ တိုက်ပွဲတွေဖြစ်တော့ ရွာသားတွေထွက်ပြေးကြတာ။ ၈ဝ ကျော်လောက်ပဲ ကျန်ခဲ့တယ်။ နှစ်ထောင်ကျော် ထွက်ပြေးသွားကြတယ်။ စစ်ပွဲကြောင့်ပေါ့လေ။ လူတွေရဲ့ ရင်ထဲမှာ အကြောက်တရားတွေ လွှမ်းမိုးသွားကြပြီ။ မရတော့ဘူး”
ဆင်သီရွာမှာ အိမ်ထောင်စု ၅ဝဝ နီးပါးရှိပြီး လူဦးရေ ၃ ထောင်လောက်ရှိပါတယ်။ အဲဒီထဲက သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်သူတွေသာ ရွာမှာကျန်ခဲ့တာလို့ ဆရာတော်ကမိန့်ပါတယ်။
တိုက်ပွဲကြောင့် ဆင်သီရွာသားတွေ ထွက်ပြေးကြတဲ့အခြေအနေကို အဲဒီအနီးအနားကိုရောက်နေတဲ့ ပေါက်တောပြင် ဘုန်းတော်ကြီးကျောင်းက သဘာဝနဒီဆရာတော်ကလည်း ခုလိုမိန့်ကြားပါတယ်။
“ဦးဇင်း မနေ့က အဲဒီ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ၅ မိုင်လောက်အကွာမှာရှိတယ်။ ဦးဇင်းတို့လည်းကြားတယ်၊ တိုက်ပွဲ သံတွေ လက်နက်ကြီးပစ်သံတွေ။ လက်နက်ငယ်ပစ်သံတွေ ကြားရတယ်။ ပစ်တာက နာရီဝက်လောက်ပဲ ရှိတယ်။ နောက်ပိုင်း နေ့လည် ၁ နာရီလောက်မှာ ဆင်သီရွာသားတွေ စက်လှေတွေနဲ့ လှေကြီးလှေငယ်တွေနဲ့ ပြေးလာကြတယ်။ သူတို့ကပြောတယ်။ လက်နက်ကြီးသံကြားတယ်။ ရွာအစွန်က အိမ်တွေနားကျ တယ်ပြောကြတယ်။ သူတို့ပြေးလာတာက ဒုက္ခသည်စခန်းတင်မဟုတ်ဘူး အနီးအနားကျေးရွာတွေကို ပြေးကြတာ”
တိုက်ပွဲတွေကြောင့် ဆင်သီရွာသားတွေဟာ အနီးအနားက ရဟတ်တောင်၊ သြရမ၊ ပိုးရွှီးပြင်စတဲ့ ရွာတွေကို ထွက်ပြေးသွားကြတဲ့အပြင် တောဖျားချောင်းဒေသမှာရှိတဲ့ ပေါက်တောပြင် ဘုန်းကြီးကျောင်း စစ်ဘေး ဒုက္ခသည်စခန်းကိုလည်း ရောက်လာခဲ့ကြတယ်လို့ သဘာဝနဒီဆရာတော်က မိန့်ပါတယ်။
“ဦးဇင်းတို့စခန်းကိုရောက်နေတာ အိမ်ထောင်စု ၈ဝ ကျော် လူဦးရေ နှစ်ရာလောက်ရှိတယ်။ မနေ့က ဦးဇင်းတို့သိရတာ ၂၈ဝဝ လောက်ပြေးတာ။ ရွာမှာရာဂဏန်းလောက်ပဲ ကျန်ခဲ့တယ်လို့ ရွာကျောင်းထိုင် ဆရာတော်ကပြောတယ်။ ဒီလူတွေ စားရေးသောက်ရေး အဆင်ပြေပါ့မလားဆိုတာတော့ ဦးဇင်းတို့ စစ်ဘေးရှောင်အရေးကူညီနေတဲ့ ရခိုင်ရဟန်းတော်အဖွဲ့အနေနဲ့ စိုးရိမ်တယ်။ ဒီဒုက္ခသည်တွေ ဘယ်ရောက်နေတယ်ဆိုတာ မသိနိုင်ဘူး။ သူတို့ရွာရဲ့လူစာရင်းနဲ့ တွက်ရင် လူနှစ်ရာ၊ သုံးရာလောက် ပျောက်နေတယ်။ သူတို့ဘယ်ကိုထွက်ပြေးသွားတယ်မသိဘူး”
ဇွန်လ ၂၆ ရက်နေ့ညနေပိုင်းအထိ ဆင်သီရွာက စစ်ဘေးရှောင်တွေ ပေါက်တောပြင်ဘုန်းကြီးကျောင်းကို ရောက်လာနေဆဲဘဲလို့ ဆရာတော်က မိန့်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေဖြစ်လာခဲ့တာ အခုဆိုရင် ၆ ကကျော်ကြာမြင့်လာခဲ့ပါပြီ၊ တိုက်ပွဲတွေကြောင့်လည်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသူ လေးသောင်းကျော်၊ ငါးသောင်းလောက်ရှိနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။
(RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)