အန္တရာယ်ကြားက ဆေးကျောင်းသူ (သို့) ပရဟိတပန်းတစ်ပွင့်

2022.11.05
အန္တရာယ်ကြားက ဆေးကျောင်းသူ (သို့) ပရဟိတပန်းတစ်ပွင့် ကယားပြည်နယ်က စစ်ဘေးသင့်ကလေးငယ်တစ်ဦးကို ဆေးကုသပေးနေသည့် ဆေးကျောင်းသူ လင်းကို တွေ့ရစဉ်။
(ဓာတ်ပုံ - လင်း ဖေ့ဘွတ်စ်)

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ လူငယ်တွေ အမြောက်အများ ပါဝင်လာခဲ့ပါတယ်။ အသက်အန္တရာယ်ကြုံရမယ် ဆိုတာကို သိလျက်နဲ့ သူတို့ရဲ့အနာဂတ်ကို စွန့်လွှတ်ပြီး တော်လှန်ရေးကဏ္ဍပေါင်းစုံမှာ ရဲရဲဝံ့ဝံ့ ပါဝင်ခဲ့ကြတာပါ။

“ဒီအာဏာသိမ်းမှုကြုံရတဲ့အခါ ကျွန်တော်ငယ်ငယ်က ကြားခဲ့ရတဲ့ ပုံပြင်လို့ထင်ခဲ့တဲ့အရာတွေ တကယ်ဖြစ်လာတယ်”

ဒီလူငယ်တွေထဲမှာ ကရင်နီ ကယားပြည်နယ်က စစ်ဘေးသင့်ပြည်သူတွေကို ကျန်းမာရေး နဲ့ စားရေး၊ နေရေး ကူညီပေးနေတဲ့ လင်းလည်း ပါဝင်ပါတယ်။ သူက မြန်မာပြည်အလယ်ပိုင်းဒေသက ဖြစ်ပြီး ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူတစ်ဦးဖြစ်ပါတယ်။

“ကျွန်တော်က ငယ်ငယ်လေးထဲက တိုင်းရင်းသားတွေနဲ့ အရမ်းနီးတယ်။ ကချင်၊ ကရင်တိုင်းရင်းသားတွေပေါ့ သူတို့ကြားထဲမှာ ကြီးပြင်းလာတာ၊ သူတို့ပြောပြောနေတာ ဗမာစစ်တပ်လာရင် ဘယ်လိုပြေးရတယ်၊ စစ်တပ်ဝင်လာရင် ဘယ်လိုနှိပ်စက်ခံရတယ် သူတို့ရွာတွေကို ဘယ်လို မီးရှို့တယ်ပေါ့နော်၊ သူတို့ရဲ့ ဒုက္ခတွေကို ပုံပြင်တစ်ပုဒ်လို အမြဲတမ်းကြားခဲ့ရတယ်”


အရွယ်ရောက်လာတဲ့အခါမှာလည်း တိုင်းရင်းသူ သူငယ်ချင်းတွေထံကနေ သူတို့ဖိနှိပ်ခံရတာတွေကြားရ၊ သတင်းမီဒီယာတွေကနေ တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေအကြောင်း ကြားသိရတဲ့အခါ သူတို့တွေရဲ့ ဘဝတွေကို အရမ်းစာနာသနားမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သူတို့ကို ဘာကူညီရမှန်း ဘာလုပ်ပေးရမယ်မှန်း မသိခဲ့ဘဲ ၂ဝ၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်လာတဲ့အခါမှာ စစ်အာဏာရှင် တော်လှန်ရေးမှာ ပါဝင်လာရင်း တိုင်းရင်းသားတွေအတွက် ကူညီဖို့ ဖြစ်လာခဲ့တယ်လို့ လင်း က ပြောပါတယ်။

“ဒီအာဏာသိမ်းမှုကြုံရတဲ့အခါ ကျွန်တော်ငယ်ငယ်က ကြားခဲ့ရတဲ့ ပုံပြင်လို့ထင်ခဲ့တဲ့အရာတွေ တကယ်ဖြစ်လာတယ်၊ အဲဒီတော့ ကျွန်တော် ဆုံးဖြတ်တယ် ငါငယ်ငယ်က ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။ အခု အခွင့်အရေးရတယ်လို့သတ်မှတ်တယ် အဲဒီတော့ ငါဘာလုပ်ပေးနိုင်မလဲပေါ့နော် တော်လှန်ရေးမှာ တစ်ဖက်တစ်လမ်းက ပါဝင်ရင်း တစ်ဖက်မှာ တိုင်းရင်းသားတွေအတွက် စလုပ်တယ်ပေါ့နော်။ ၅ လပိုင်း ၆ လ ပိုင်းမှာ တိုက်ပွဲတွေကြောင့် ကျွန်တော်တို့ ရိက္ခာပို့တဲ့ လမ်းကြောင်းတွေ ပိတ်တဲ့အခါမှာ ကျွန်တော့်ဆီကို စစ်ဘေးရှောင်လေးတွေ တောထဲမှာ ဘယ်လိုဒုက္ခရောက်နေတယ် ဆိုတဲ့ ပုံလေးတွေ ဗီဒီယိုလေးတွေ ရောက်လာတယ် အဲဒီအခါ ကျွန်တော် ဘယ်လိုမှ မနေနိုင်တော့ဘူး”

“စစ်ဘေးရှောင်ပြည်သူတွေရဲ့ ဘဝတွေ၊ လူ့အခွင့်အရေးတွေ ဘယ်လောက်ထိ ချိုးဖောက်ခံနေရတယ် ဘယ်လိုအခက်အခဲတွေကြုံနေရတယ်ဆိုတာတွေ မြို့ပေါ်နေပြည်သူတွေကို ချပြချင်တယ်”

သူဟာ အခု ဝါသနာတူသူငယ်ချင်းတွေနဲ့အတူ ၂ဝ၂၁ ဧပြီလကစပြီး လူသားချင်းစာနာမှုကူညီရေးတွေ စလုပ်ခဲ့ပြီး ဇွန်လမှာ ကရင်နီ (ကယားပြည်နယ်) မှာ စတင်အခြေချခဲ့ပါတယ်။

အဲဒီနောက် တစ်နှစ်အကြာမှာ Hope လူသားချင်းစာနာမှု ကူညီပေးရေးအဖွဲ့ကို တည်ထောင်ပြီး ကရင်နီပြည်နယ်က စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာထောက်ပံ့ကူညီတာတွေအပြင် ကျန်းမာရေး ကုသပေးတာတွေ အကြီးစား ခွဲစိတ်တာတွေအထိ ဆောင်ရွက်နေပါတယ်။

“စစ်ဘေးရှောင်ပြည်သူတွေရဲ့ ဘဝတွေ၊ လူ့အခွင့်အရေးတွေ ဘယ်လောက်ထိ ချိုးဖောက်ခံနေရတယ် ဘယ်လိုအခက်အခဲတွေကြုံနေရတယ်ဆိုတာတွေ မြို့ပေါ်နေပြည်သူတွေကို ချပြချင်တယ် ဒါကြောင့် Hope ကို တည်ထောင်ဖြစ်တာပေါ့နော်။ ဒီပြည်သူတွေရဲ့ဘဝတွေ၊ ပြည်သူတွေရဲ့မိသားစုတွေ၊ သူတို့ရဲ့မျှော်လင့်ချက်တွေကို ကျွန်တော်တို့က ကြားကနေ ပေါင်းကူးအနေနဲ့ တတ်စွမ်းသမျှ ကူညီပေးမယ်ဆိုပြီး လုပ်ခဲ့တာပေါ့နော်”

285700097_1023061928579538_6172488327628682599_n.jpg
စစ်ဘေးသင့်ကလေးငယ်များနှင့်အတူ တွေ့ရသည့် ဆေးကျောင်းသူ လင်း။ (ဓာတ်ပုံ - လင်း ဖေ့ဘွတ်စ်)

“ဘယ်အချိန်မှာ ဝေဟင်ကနေလာပြီး ငါတို့ အသက်ကိုနှုတ်ယူသွားမလဲဆိုတာ ကျွန်တော်အပါအဝင် အဖွဲ့သားအားလုံး စစ်ဘေးရှောင်အားလုံး ကြောက်နေတာပေါ့နော်”

သူတို့အဖွဲ့က စစ်ဘေးရှောင်ကလေးတွေအတွက် ပျော်ရွှင်စရာ အစီအစဉ်လေးတွေ လုပ်ပေးလေ့ရှိသလို ဆေးကုသမှုခံယူနေတဲ့လူနာတွေ ဒဏ်ရာရလူနာတွေ စိတ်ခွန်အားမြှင့်တင်ပေးတဲ့ အစီအစဉ်လေးတွေလည်း ရံဖန်ရံခါ လုပ်ဆောင်ပေးတယ်လို့ ဆိုပါတယ်။

နောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်လာလို့ စစ်ရှောင်ပြည်သူတွေ အငတ်ဘေးမကြုံရအောင် တစ်ဝက်ဈေးဆိုင်လေး ဖွင့်လှစ်ထားတယ်လို့ လင်းက ပြောပါတယ်။

“ပုံမှန် ကျွန်တော်တို့ ဒီစစ်ဘေးရှောင်တွေကို တစ်ပတ်တစ်ခါ နှစ်ခါ စားနပ်ရိက္ခာထောက်ပံ့ ပေးတယ်ပေါ့နော်၊ နောက်ပိုင်း ကုန်ဈေးနှုန်းကြီးလာတော့ ဒီစစ်ရှောင်ပြည်သူတွေ စားရေးခက်ခဲလာမှာစိုးလို့ တစ်ဝက်ဈေးဆိုင် ဆိုပြီး စဖွင့်ဖြစ်တယ်၊ ကုန်ပစ္စည်းတွေကို တစ်ဝက်ဈေးနဲ့ လျှော့ပြီးရောင်းပေးတာ၊ ကျွန်တော်တို့ကို ဘယ်အဖွဲ့ကမှ ထောက်ပံ့တာမဟုတ်ပါဘူး၊ ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ ရန်ပုံငွေလေးတွေ နည်းနည်းချင်းစုပြီး စပြီးလုပ်ဖြစ်တာ၊ အခုဆိုရင် တစ်ဝက်ဆိုင် လေးဆိုင်အထိ တိုးချဲ့ဖို့စီစဉ်ထားပြီးပြီ”

273378832_947419976143734_6829224886125494308_n.jpg
စစ်ဘေးသင့်ကလေးငယ်တစ်ဦးနှင့်အတူ တွေ့ရသည့် ဆေးကျောင်းသူ လင်း။ (ဓာတ်ပုံ - လင်း ဖေ့ဘွတ်စ်)

ခံယူချက်ကြောင့်သာ အခုလို လုပ်ဆောင်နေတာဖြစ်ပေမယ့် စစ်တပ်ရဲ့လေကြောင်း အန္တရာယ်ကြားမှာ ဘယ်အချိန်အသက်အန္တရာယ်ကြုံရမယ်ဆိုတာကိုလည်း နေ့စဉ်ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။

“သူတို့ ပစ်မှတ်က ပြည်သူ့ရဲဘော်တွေ မဟုတ်တော့ဘဲ စစ်ဘေးရှောင်တွေဖြစ်နေတယ် ဖိအားပေးတာပေါ့နော်၊ တိုက်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ် စစ်ဘေးရှောင်တွေရှိတဲ့နေရာကို လက်နက်ကြီးတွေ ရမ်းပစ်တယ်၊ လေယာဉ်နဲ့ ဗုံးလာကြဲတယ်၊ ဘယ်အချိန်မှာ ဝေဟင်ကနေလာပြီး ငါတို့ အသက်ကိုနှုတ်ယူသွားမလဲဆိုတာ ကျွန်တော်အပါအဝင် အဖွဲ့သားအားလုံး စစ်ဘေးရှောင်အားလုံး ကြောက်နေတာပေါ့နော်”

ဒီလိုအခက်အခဲ အန္တရာယ်ကြားကပဲ သူတို့အဖွဲ့က တစ်ဝက်ဈေးဆိုင်လေးတွေ လေးဆိုင်အထိ ဖွင့်ဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးကြီး အောင်မြင်ပြီး တိုင်းပြည်ငြိမ်းချမ်းတဲ့အထိ ဒီစစ်ရှောင်တွေကို ကူညီသွားမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကြီးပြီးသွားရင်တော့ သူ့ရဲ့အိမ်မက်ဖြစ်တဲ့ ခွဲစိတ်ဆရာဝန်ကြီးဖြစ်အောင် ဆက်လက်ပြီး ပညာသင်ယူသွားဖို့ လင်း က မျှော်လင့်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။