နိုင်ငံရေးအကျဉ်းသားတွေ လုံလောက်တဲ့ဆေးကုသမှုမရလို့ အသက်ဆုံးရှုံးနေ
2023.11.29
နိုင်ငံရေးအကျဉ်းသားတွေ နေထိုင်မကောင်းတဲ့အခါ ထောင်အာဏာပိုင်တွေက သင့်လျော်လုံလောက်တဲ့ ဆေးမပေးတာ၊ ဆေးကုသခွင့်မရတာ၊ ထောင်ဝင်စာပစ္စည်းမှာ အစားအသောက်ရော ဆေးဝါးပါ ကန့်သတ်ခံရတာတွေကြောင့် ထောင်တွေထဲမှာ မသေသင့်ဘဲ အသက်ဆုံးရှုံးရသူတွေ ရှိနေတယ်လို့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက RFA ကို ပြောကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ စာရင်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်နဲ့ကိုးလအတွင်း ထောင်တွေထဲမှာ အသက်ဆုံးရှုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၆၅ ယောက်ရှိတာ တွေ့ရပါတယ်။
ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထားရတဲ့ အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ထောင်ထဲမှာ ပြီးခဲ့တဲ့စက်တင်ဘာလက သွားကိုက်ဝေဒနာ ခံစားနေရတာကို ဆရာဝန်နဲ့ ကုသခွင့်မရခဲ့ဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။ အဲဒီအပြင် သူ့သားငယ် ကိုထိန်လင်းနဲ့ ထောင်ဝင်စာတွေ့ခွင့်လည်း မရသေးပါဘူး။
အသက် ၂၁ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုမင်းဟိန်းခန့်ဟာ အဖမ်းမခံရခင်က ကျန်းမာရေးကောင်းခဲ့ပေမယ့် အဖမ်းခံရပြီး စစ်ကြောရေးမှာ ပြင်းထန်တဲ့ နှိပ်စက်မှုဒဏ်တွေကြောင့် နှလုံးရောဂါရခဲ့ပြီး ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် ဆေးကုခွင့်မရခဲ့လို့ အသက်ဆုံးရှုံးသွားတာလို့ သိရပါတယ်။ သူ့ကို ပြီးခဲ့တဲ့ စက်တင်ဘာက ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာပါ။
နိုင်ငံရေးအကျဉ်းသားတွေ ခုလိုဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်အောင် “အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး’’ ဆိုတဲ့ လှုပ်ရှားမှုကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်အဖွဲ့က ဒီဇင်ဘာလအတွက် တိုက်တွန်းဆောင်ရွက်မယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။
“ဒီအကျဉ်းထောင်ထဲမှာ ထောင်ဝင်စာပို့တဲ့အထဲမှာ ဆေးဝါးကန့်သတ်ခံရတာတွေ ထပ်ပြီးမှ ဖြစ်ပေါ်နေတယ်၊ အကျဉ်းထောင်ထဲမှာ ဆေးဝါးလုံလောက်မှုမရှိတဲ့အတွက် မသေသင့်ဘဲသေလိုက်ရတဲ့ ကျွန်တော်တို့ရဲ့ နိုင်/ကျဉ်းတွေရဲ့ အသက်တွေကို အဲလိုမျိုးတွေထပ်ပြီး မဖြစ်စေဖို့ဆိုရင် အပြင်က ပြည်သူတွေပါဝင်ဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ကျွန်တော်တို့လို နိုင်/ကျဉ်းဟောင်းတွေ စုပေါင်းပြီးတော့မှ အကျဉ်းထောင်တွေထဲ ဆေးဝါးတွေပို့ခွင့်ရဖို့နဲ့ အကျဉ်းထောင်ထဲ ထောင်ဝင်စာအပါအဝင်ပေါ့ ထောင်တွင်းဆေးဝါးကုသမှု လုံလောက်စွာရဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီလှုပ်ရှားမှုကို လုပ်မှာဖြစ်ပါတယ်၊ ဒီတစ်ခေါက်လှုပ်ရှားမှုကို အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး ဆိုတဲ့ခေါင်းစဉ်နဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။’’
ကိုသိုက်ထွန်းဦးဟာ မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ တစ်နှစ်နဲ့ နှစ်လ တိုက်ပိတ်ခံခဲ့ရပြီး၊ ပြီးခဲ့တဲ့ မေလ ၃ ရက်က ပြန်လွတ်လာသူ ဖြစ်ပါတယ်။ သူပြန်လွတ်လာပြီးတဲ့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှာ ဦးဆောင်ကော်မတီဝင်အဖြစ်နဲ့ တစိုက်မတ်မတ် လုပ်ဆောင်နေသူပါ။
“အဓိကက အကျဉ်းထောင်မှာရှိနေတဲ့ အကျဉ်းသားတွေအသက်ကိုကယ်နိုင်ဖို့ဆိုရင် ထောင်တွင်း ဆေးဝါးလုံလောက်မှုရရှိရေး ထောင်ထဲမှာ ကုသလို့မရတဲ့သူတွေကို အပြင်မှာ ဆေးရုံတွေမှာ ကုသခွင့် ရရှိရေး၊ ထောင်ထဲမှာပဲ အချိန်နဲ့တပြေးညီ ကုသခွင့်ရရှိရေးကိုပေါ့ အဲဒီရည်ရွယ်ချက်တွေနဲ့ လှုပ်ရှားမှုကိုလုပ်တာဖြစ်ပါတယ်ဗျ။”
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်အဖွဲ့ဟာ ထောင်ဝင်စာနဲ့ ဆေးဝါးနဲ့ စာအုပ်တွေကို နိုင်ငံရေးအကျဉ်းသားတွေဆီရောက်အောင် နည်းလမ်းမျိုးစုံနဲ့ ပို့နေတယ်လို့ သူက ပြောပါတယ်။
အင်းစိန်ထောင်မှာ တစ်နှစ်ကျော်နေခဲ့ရပြီး မကြာသေးခင်လပိုင်းကမှ ပြန်လွတ်လာတဲ့ အလွတ်သတင်းထောက် မသူဇာကလည်း ထောင်တွင်းဆေးကုသပေးတဲ့အပိုင်း အားနည်းတာတွေနဲ့ပတ်သက်လို့ ကိုယ်တွေ့ကြုံခဲ့ရတာတွေကို ပြောပြပါတယ်။
“ကျွန်မတို့ စစ်ကြောရေးဖြတ်သန်းခဲ့ရတယ်၊ ထောင်ထဲမှာ ရောက်တဲ့အချိန်မှာ ကျွန်မ နှလုံးအခုန်မြန်တယ်၊ ကျွန်မက အခုန်အရမ်းနှေးသွားတယ်၊ သုံးကြိမ်လားမသိဘူး ဖြစ်ဖူးတယ်၊ ရုတ်တရက် စကားပြောနေရင်းနဲ့ မောလာတယ်၊ ပြီးတော့ စကားပြောလို့မရတော့ဘူး အသက်ရှူတာ အကြာကြီးရှူနေရတယ်၊ ဆေးရုံကိုခေါ်သွားတယ် ECG ဆွဲတယ်၊ မင်းရဲ့နှလုံးရိုက်တဲ့နှုန်းက အရမ်းကျယ်နေတယ်တဲ့၊ အဲဒီသဘောပဲ၊ တကယ်ထိရောက်တဲ့ ဆေးဝါးတွေက ပေးလားဆိုတော့လည်း မပေးဘူး၊ ကျွန်မဆေးရုံသွားတုန်းက ဘာမှ မထိရောက်ဘူး၊ နိုင်/ကျဉ်းတွေဆီကနေ နှလုံးဆေးတွေတောင်းပြီး ပြန်သောက်ရတယ်”
မသူဇာဟာ နှလုံးရောဂါအခံနဲ့ အင်းစိန်အကျဉ်းထောင်ထဲမှာ ဆေးဝါးမလုံလောက်မှုတွေ၊ ကြံ့ကြံ့ခံ ဖြတ်ကျော်ခဲ့ရတယ်လို့လည်း ပြောပါတယ်။
“အဲဒါနဲ့ ကျွန်မ အသက်ပြန်ရှင်အောင် လုပ်ရတယ်၊ တကယ်နှလုံးထဖောက်တဲ့အချိန်ကျရင် စကား မပြောနိုင်တော့ဘူး၊ ဘေးနားမှာရှိတဲ့သူတွေက အကုန်ကူညီပဲ၊ အဲဒီအချိန်ဆို ကျွန်မ လုံးဝငြိမ်သွားပြီ၊ နှလုံးဆေးတွေတိုက် လုံးဝအိပ်ခိုင်းပြီးတော့ နောက်ဆုံးကိုယ့်ကိုကိုယ် ငါသေလို့မဖြစ်ဘူး။ ငါဒါကို ကျော်ရမယ်ဆိုပြီး ကိုယ့်အသိစိတ်နဲ့ပြန်ပြီးတော့ နောက်ဆုံး နှလုံးဆေးသောက်လိုက်လို့ ပြန်ငြိမ်သွားရော။’’
အခုလပိုင်းတွေမှာ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ လက်နက်ချတာ၊ ပြည်သူနဲ့ ပူးပေါင်းတာတွေ ရှိလာပြီဖြစ်တဲ့အတွက် အကျဉ်းဦးစီးဝန်ထမ်းတွေကရော နိုင်ငံရေးအကျဉ်းသားတွေကို ဆက်ပြီးဖိနှိပ်နေဦးမှာလားလို့ ၅၀၅ (က)နဲ့ ထောင်ချခံခဲ့ရပြီး မေလက ပြန်လွတ်လာတဲ့ မဇူးဇူးမေယွန်းက မေးခွန်းထုတ်လိုက်ပါတယ်။
“တပ်မတော်ထဲကတောင်မှ အလင်းဝင်နေကြပြီ၊ အကျဉ်းဦးစီးမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေကို ဖိနှိပ်နေဦးမှာလားပေါ့၊ လက်ရှိကာလမှာ ကိုဗစ်ကလည်း ပြီးပြီ၊ ထောင်ဝင်စာတွေလည်း တွေ့ခွင့်ရနေတဲ့အနေအထားမှာ အဓိကပြောချင်တာက နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို လွတ်မြောက်ဖို့ပေါ့၊ ကိုယ်တိုင်လည်း ကြုံလာရတာဖြစ်တဲ့အတွက်ကြောင့်မို့ အထဲမှာ လက်ရှိ ဆေးဝါးမလုံလောက်တာတွေကြောင့် ကျန်းမာရေးဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေ ရှိနေတယ်၊ ပြီးတော့စစ်ကြောရေးမှာ ဖမ်းဆီးရိုက်နှက်ခံခဲ့ရပြီးတော့မှ ထောင်ထဲကို ရောက်လာတဲ့ အချိန်မှာလည်း ဆေးဝါးကုသခွင့်မရတဲ့ ကျွန်မတို့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေ ရှိနေသေးတယ်ပေါ့နော်၊ သူတို့တွေကို ဆေးဝါးကုသခွင့်တွေပေးဖို့၊ ပြီးတဲ့အခါကျရင် အရမ်းကျန်းမာရေးမကောင်းတဲ့သူတွေကို Refer ထွက်သင့်ရင်လည်း ထွက်ခွင့်ပေးဖို့ပေါ့နော်”
နိုင်ငံရေးအကျဉ်းသားတွေထဲမှာ တချို့က ကိုယ့်မိသားစုဝင်အစား အဖမ်းခံထားရတဲ့သူတွေလို့ မဇူးဇူးမေယွန်းက ပြောပါတယ်။
“သက်ကြီးပိုင်းတွေလည်း ရှိတယ်၊ သားမရလို့ အဖေမရလို့ အစ်ကိုမရလို့ အမေကို ဖမ်းတာမျိုး၊ ကိုယ်တိုင်မလုပ်ဘဲနဲ့ ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသားခေါင်းစဉ်တွေနဲ့ ရောက်နေတဲ့ သူတွေလည်း ရှိတယ်ပေါ့နော်။’’
နိုင်ငံရေးအကျဉ်းသားတွေ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် မရဘူးလို့ပြောကြတာနဲ့ ပတ်သက်ပြီး အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ လက်ရှိကာလအထိ ထောင်ဒဏ်ကျပြီးသားရော၊ မကျသေးတဲ့သူပါပေါင်းရင် နိုင်ငံရေးအကျဉ်းသား နှစ်သောင်းနီးပါးရှိနေတာတွေ့ရပါတယ်။