ဆေးဝါးတွေ ဈေးနှစ်ဆတက်လာလို့ ပြည်သူလူထု အခက်တွေ့
အာဏာသိမ်း ၁၈ လကျော်အကြာမှာ ဒေါ်လာဈေး၊ ရွှေဈေးနဲ့ အခြေခံ စားကုန်တွေ အဆမတန် ဈေးတက်လာသလိုပဲ ဆေးဝါးနဲ့ အားဆေးတွေလည်း ဈေးနှစ်ဆ တက်လာတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ ဆေးဝါးအရောင်းဆိုင်တွေက ပြောပါတယ်။
- 2022-09-01
-
-
-
အာဏာသိမ်း ၁၈ လကျော်အကြာမှာ ဒေါ်လာဈေး၊ ရွှေဈေးနဲ့ အခြေခံ စားကုန်တွေ အဆ မတန် ဈေးတက်လာသလိုပဲ ဆေးဝါးနဲ့ အားဆေးတွေလည်း ဈေးနှစ်ဆ တက်လာတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ ဆေးဝါးအရောင်းဆိုင်တွေက ပြောပါတယ်။
အော်ရာမင်း ဂျီ (oramin-G) လို လူသောက်များတဲ့ အားဆေးဟာ အရင်က တစ်ဘူးကို ကျပ် တစ်သောင်းဝန်းကျင်ကနေ အခု ကျပ် ၁၉,၀၀၀ နီးပါးအထိ ဈေးနှစ်ဆ မြင့်တက်လာ ပါတယ်။
နှလုံးနဲ့ သွေးတိုးသမားတွေ သောက်လေ့ရှိတဲ့ Cardivas ဆေးတစ်ကဒ်ကို ကျပ် ၁၀၀၀ ဝန်းကျင်ကနေ အခု ကျပ် ၁၅၀၀ ကျော်အထိ ပေးဝယ်ရပါတယ်။
"တော်ရုံတန်ရုံဖျားရင်လည်း သူတို့ စပ်ဆေးနဲ့ပဲ သောက်ကြတယ် ထင်ပါတယ်”
သွေးတိုးသမားတွေ ရေရှည်သောက်ရတဲ့ amlong-5 လို သွေးတိုးကျဆေးဟာ အရင်က တစ်ဘူးကို ကုမ္ပဏီပေါက်ဈေး ကျပ် ၃၄၀၀ ဝန်းကျင်သာ ရှိခဲ့ပေမယ့် အခုတော့ ပစ္စည်း ပြတ်နေတာကြောင့် ကျပ် ၆၅၀၀ အထိ ဈေးပေးဝယ်ယူနေရတယ်လို့ ဝယ်ယူသုံးစွဲသူတွေနဲ့ တစ်နိုင်တစ်ပိုင် အိမ်သုံးဆေး ပြန်လည်ရောင်းချသူ ဆေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
ရာသီတုပ်ကွေးလိုမျိုး နှာဆီးချောင်းဆိုး ဖျားနာဖြစ်တဲ့အခါ အလွယ်တကူ ဝယ်သောက်လေ့ ရှိတဲ့ Mixagrip လို ဆေးမျိုးတွေတောင် နှစ်ဆနီးပါး ဈေးတက်သွားတယ်လို့ ရန်ကုန်မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
“အရင်တုန်းက ကုလားလေးကောင် (Mixagrip) တစ်ကဒ်ကို ခြောက်ရာပဲ ရှိတယ်။ အခု ၁၈၀၀။ တက်တယ် တက်တယ်။ အရင်တုန်းက တစ်လုံးကို ၁၀၀ ကျပ်ပဲ ရှိတယ်၊ နှစ်လုံး ဆို ၁၅၀။ တော့်တော်ကို တက်သွားတာ။ ပထမတုန်းက ဆေးတွေတောင် ဝယ်လို့မရဘူး။ ခုနောက်ပိုင်းမှ ပြန်ဝယ်လို့ရတာ“
ရန်ကုန် မင်္ဂလာဒုံမြို့နယ်က တစ်နိုင်တစ်ပိုင် ရပ်ကွက်ဆေးဆိုင်လေး ဖွင့်ထားသူတစ်ဦး ကတော့ သူတို့ဝယ်ယူရတဲ့ ကုမ္ပဏီဈေးကိုက တစ်နေ့တစ်မျိုး ထိုးတက်နေတဲ့အတွက် ပြန်ရောင်းရတာ အတော်ခက်ခဲတယ်လို့ ပြောပါတယ်။
“ညီမကထပ်ပြီးတော့ ဝယ်မတင်တော့ဘူး။ အရင်ရှိတာပဲ ရောင်းထုတ်နေတယ်။ အရေး ပေါ်ဆေးလောက်ပဲ ကုန်တဲ့ဟာ ဝယ်တင်တယ်။ တချို့ဟာတွေက ဝယ်မတင်နိုင်တော့ ဘူး။ ဈေးတွေက အရမ်းကွာနေလို့လေ။ ခြောက်ရာလောက်နဲ့ ရောင်းတဲ့ ဆေးကဒ်ဆိုရင် အခု တစ်ထောင်ကျော်၊ တချို့ဆို နှစ်ထောင်ကျော်အထိ အဲလိုကြီးတောင် ဖြစ်သွားတယ် ကြားတယ်။ အရေးပေါ်ဆေးတွေ ဘာတွေဆို အရင် ထောင့်ငါးရာပဲ ရောင်းတယ်။ တက် ခါစမှာ ဝယ်လိုက်တာ ထောင့်ရှစ်ရာ ဖြစ်ကုန်တော့ ပြန်ရောင်းရတာ အဆင်မပြေတော့ ဘူး။ အခုဆိုရင် နှစ်ထောင်ကျော်သွားပြီ ကြားတယ်။ အဲလောက်ကျတော့ ဝယ်သူကို ပြန်ရောင်းဖို့ အဆင်မပြေတော့ဘူး”
အိမ်သုံးဆေးဝါးတွေ အဆမတန် ဈေးတက်နေတာနဲ့ ပတ်သက်ပြီး ဆေးကုမ္ပဏီကြီးတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ကျ ဝန်ထမ်းတွေက သူတို့အနေနဲ့ ဒီကိစ္စကို ဖြေကြား ခွင့် မရှိဘူးလို့သာ ငြင်းဆိုပါတယ်။ မြန်မာနိုင်ငံ ဆေးပစ္စည်းကုန်သည်များနဲ့ လုပ်ငန်းရှင်များ အသင်းကို ဖုန်းခေါ်ရာမှာလည်း အသင်းဝင်တွေက ဖြေကြားခွင့် မရှိဘူးလို့သာ ငြင်းဆိုပါ တယ်။
ရန်ကုန် မင်္ဂလာဈေးက ဆေးဝါးပစ္စည်း လက္ကားရောင်းချနေသူတစ်ဦးကတော့ ဗဟိုဘဏ်ရဲ့ ဒေါ်လာကန့်သတ်ချက် အမျိုးမျိုးကြောင့် ဒေါ်လာဈေး ကမောက်ကမဖြစ်ရာကနေ အခုလို အိမ်သုံးဆေးဝါးတွေပါ ဈေးနှစ်ဆ တက်လာတာလို့ ပြောပါတယ်။
"ဈေးကတော့ ဒေါ်လာဈေးအရ တက်တာပေါ့။ ပစ္စည်း (ဆေးဝါး) ကတော့ အဲလိုပဲ ခွဲတမ်းနဲ့ (ကုမ္ပဏီတွေထံမှ) ရပါတယ်။ တချို့တလေတော့ ပြက်ပါတယ်။ အရမ်းကြီး တော့ ဆိုးဆိုးရွားရွား မဟုတ်ပါဘူး။ တခြားတစ်ခုပြက်ရင် တစ်ခုအစားထိုးလို့ရတဲ့ ဆေးတွေရှိပါတယ်။ ပြက်တဲ့ဆေးတော့ နည်းနည်းတက်တာပေါ့။ ခွဲတမ်း ဘူး နှစ်ဆယ် တို့၊ သုံးဆယ်တို့ရတဲ့ဟာတွေကျတော့ ဈေးကွက်လိုအပ်ချက်အရ ဈေးတင်ရောင်းကြတာ ပေါ့။ ဒေါ်လာဈေးကြောင့်လို့ ထင်ပါတယ်။ ဆေးကတော့ သူတို့ (ဆေးကုမ္ပဏီ) လည်း ချိန်ပြီးတော့ ဝယ်ရတာပေါ့”
ဘိုင်အိုဂျက်ဆစ် (Biogesic)၊ ဖလူဇာ (Fluzer)၊ မစ်ဇာဂရစ်ပ် (Mixagrip) တို့လို အအေးမိ၊ ဖျားနာကိုက်ခဲမှုအတွက် သောက်ရတဲ့ ဆေးတွေဟာ ဈေးကွက်မှာ ရောင်းအားအကောင်း ဆုံးဖြစ်ပြီး သြဂုတ်လထဲမှာ ၁၀ ရာခိုင်နှုန်းက ၁၅ ရာခိုင်နှုန်းလောက်အထိသာ ဈေးတက်ခဲ့ တယ်လို့ ဆေးဝါးပစ္စည်း လက်ကားရောင်းချနေသူတွေက ပြောပါတယ်။
အများဆုံးဈေးတက်တဲ့ ဆေးဝါးတွေကတော့ ပဋိဇီဝဆေး ( antibiotic) တွေနဲ့ ဆီးချို၊ နှလုံး၊ သွေးတိုး၊ ကျာက်ကပ် ဆေးတို့လို နာတာရှည်ရောဂါအတွက် နှစ်ရှည်စွဲသောက်ရတဲ့ ဆေးဝါးနဲ့ အားဆေးအမျိုးမျိုးပဲ ဖြစ်ပါတယ်။ အဲဒီ ဆေးဝါးတွေဟာ အခု သြဂုတ်လထဲမှာ ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်အထိ ဈေးတက်လာတယ်လို့ ဆိုပါတယ်။
စစ်တပ် အာဏာမသိမ်းခင် ၂၀၂၁ မတိုင်ခင်ကာလအခြေအနေနဲ့ နှိုင်းယှဉ်ရင် အခု အာဏာ သိမ်း ၁၈ လကျော်အကြာမှာ အိမ်သုံးဆေးအမျိုးမျိုးဟာ ဈေးနှစ်ဆကနေ သုံးဆလောက် အထိ မြင့်တက်လာတယ်လို့ ဆေးဝါးပစ္စည်း လက္ကားဒိုင်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တချို့ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ဖြစ်နေတယ်လို့သာ ဇူလိုင်လ ၂၆ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အခြေခံကျတဲ့ ဆေးဝါးတွေကို ထုတ်လုပ်တဲ့ စက်ရုံတွေရှိနေပြီး ဈေးကြီးပေမယ့် အရင် ဘီပီအိုင် (BPI) ဆေးတွေလို အရည်အသွေးမီအောင် ထုတ်လုပ်ထားတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ Covid ကပ်ရောဂါကာလတုန်းကလည်း ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်းက ပြည်သူတွေဟာ ဆေးဝါးနဲ့ ဆေးပစ္စည်း မလုံလောက်မှု၊ အောက်စီဂျင် ပြတ်လပ်မှုဒဏ်တွေ ကို အပြင်းအထန် ခံစားခဲ့ရပါတယ်။
လှိုင်သာယာမြို့နယ်မှာ ပုဂ္ဂလိကဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တစ်ဦးကတော့ ဆရာဝန် ပြသစားရိတ် မတက်ပေမယ့် ဆေးဝါးတွေ ဈေးတက်တာကြောင့် အခုနောက်ပိုင်း လူနာတွေ ဆေးခန်းလာပြတာ အတော်နည်းသွားတယ်လို့ RFA ကို ပြောပါတယ်။
“အခက်အခဲကတော့ ရှိတာပေါ့။ ဆေးဈေးတက်တော့လေ။ ကျွန်တော်တို့ ဆရာဝန် ကြည့်ခ ဘာညာ မယူဘူးဆိုရင်တောင် ဆေးဖိုးက တချို့ဟာတွေဆိုရင် ရာခိုင်နှုန်း တော်တော်တက်သွားတာ ဆိုတော့လေ။။ ဒီအချိန် အကုန်လုံးကလည်း ကျပ်တည်းနေ တာဆိုတော့။ အထူးသဖြင့် ဒီလှိုင်သာယာဘက်ခြမ်းမှာ ပိုဆိုးတယ်။ လူနာလည်း နည်း နည်းတောင် ကျသွားတယ် ပြောရမယ်။ တော်ရုံတန်ရုံဖျားရင်လည်း သူတို့ စပ်ဆေးနဲ့ပဲ သောက်ကြတယ် ထင်ပါတယ်”
ကမ္ဘာ့နိုင်ငံအသီးသီးက ပညာရေး၊ ကျန်းမာရေးနဲ့ လုံခြုံစိတ်ချမှု အခြေအနေတွေကို လေ့ လာဆန်းစစ်ပြီး မှတ်တမ်းပြုစုနေတဲ့ ဗြိတိန်အခြေစိုက် prosperity.com ဝက်ဘ်ဆိုက်ရဲ့ ၂၀၂၁ ခုနှစ်စစ်တမ်းအရ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေဟာ နိုင်ငံပေါင်း ၁၆၇ နိုင်ငံအနက် အဆင့် ၁၃၃ မှာသာ ရှိပါတယ်။
ကျန်းမာရေး စောင့်ရှောက်မှု တစ်ခုတည်းကို ကြည့်မယ်ဆိုရင်တော့ အဆင့် ၁၀၆ မှာသာ ရှိကြောင်း ဖော်ပြထားပါတယ်။