သတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းခံရမှု
2018.12.19

ကမ္ဘာတဝှမ်းမှာ သတ်ဖြတ်ခံရတဲ့ စာနယ်ဇင်းသမား အရေအတွက်ဟာ ထိတ်လန့်စရာကောင်းလောက်အောင် မြင့်တက်လာခဲ့တယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF နဲ သတင်းသမားများကာကွယ်ရေး ကော်မတီ CPJ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာလည်း သတင်းသမားတွေ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အရေအတွက် တိုးလာပြီး သတင်းလွတ်လပ်ခွင့် နောက်ပြန်သွားနေတယ်လို့ သတင်းသမားတွေက ပြောပါတယ်။
RFA ဝိုင်းတော်သူ မခက်မာက တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းခံရမှု
(မခက်မာ)
၂ဝ၁၈ ခုနှစ်အတွင်း မသမာတဲ့ နိုင်ငံရေးသမားတွေရဲ့ အမုန်းတရားကြောင့် ကမ္ဘာတဝှမ်း သတ်ဖြတ်ခံခဲ့ရတဲ့ စာနယ်ဇင်းသမားအရေအတွက် ထိတ်လန့်ဖွယ်ရာမြင့်တက်လာခဲ့တယ်လို့ နယ်စည်းမခြားသတင်းထောက်များ အဖွဲ့ RSF က ဖေါ်ပြပါတယ်။ တစ်ကမ္ဘာလုံးမှာ ဒီနှစ်အတွင်း အခုထိအသတ်ခံခဲ့ရတဲ့ သတင်းထောက် အယောက် ၈ဝ ရှိပြီး၊ ထောင်ချခံရသူ ၃၄၈ ဦး၊ ပြန်ပေးဆွဲခံရသူ ၆ဝ ရှိတယ်လို့ RSF က ပြောပါတယ်။
နယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်ရေးကော်မတီရဲ့တွေ့ရှိချက်အရတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ သတင်းသမား ၃၄ ယောက်ဟာ သူတို့ရဲ့သတင်းနဲ့ဆက်စပ်လို့ လက်တုန့်ပြန်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရပြီး ၅၃ ယောက်ကတော့ အကြောင်းအမျိုးမျိုးကြောင့် သတ်ဖြတ်ခံရတယ်လို့ ဆိုပါတယ်။ ၂ဝ၁၇ ခုနှစ်မှာတုန်းက လက်တုန့်ပြန်သတ်ဖြတ်ခံရသူ ၁၈ ယောက်နဲ့ တခြားအကြောင်းတွေနဲ့ အသတ်ခံရသူ ၄၇ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဖဂန်နစ္စတန် ဟာ သတင်းထောက်တွေအတွက် အန္တရာယ်အကြီးဆုံးနိုင်ငံဖြစ်ပြီး၊ ဒီနှစ်အတွင်း သတင်း ထောက် ၁၅ ဦး အသတ်ခံခဲ့ရပါတယ်။ ဆီးရီးယား မှာ ၁၁ ယောက်၊ မက္ကဆီကိုမှာ ၉ ယောက် အသတ်ခံခဲ့ရတယ်လို့ AFP သတင်းကဖော်ပြပါတယ်။ သတင်းထောက်တွေဟာ အကြမ်းဖက် လက်တုန့်ပြန်တိုက်ခိုက်မှုကြောင့် သေဆုံးရတာ၊ နှုတ်ပိတ်ခံရတာတွေ အပြင် ၊ စစ်မြေပြင်မှာ သေဆုံးရတာ၊ ဓားစာခံအဖြစ်အသတ်ခံရတာနဲ့ အန္တရာယ်ရှိတဲ့သတင်းတွေလိုက်ရင်း သေဆုံးရတာတွေပါဝင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရောသတင်းသမားတွေရဲ့အနေအထားဟာဘယ်လိုရှိပါသလဲ။ ယနေ့ခေတ် သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးသက်ဇင်ပြောပြတာကို နားဆင်ကြည့်ပါ။
“အသံအဖွဲ့ကနေပြီးတော့ နိုဝင်ဘာလ ၅ ရက်နေ့ထိ သူတို့ပြုစုထားတဲ့စာရင်းအရ ဆက်သွယ်ရေးဥပဒေနဲ့ မြန်မာနိုင်ငံက သတင်းသမားတွေကို တရားစွဲထားတဲ့အမှု ၂၁ မှုရှိပြီးတော့ သတင်းသမားတွေတရားရင်ဆိုင်နေရတာ ၂၉ မှုရှိတယ်လို့သိရတယ်။ ဒီဟာက ဦးသိန်းစိန်အစိုး၇လက်ထက်နဲ့စာရင် နှစ်ဆနီးပါးလောက်များနေတယ်လိုပ ပြောလို့ရတယ်။ ဒီလိုတရားစွဲတာတွေကလည်း အစိုးရကဦးဆောင်ပြီး တရားစွဲတာပိုပြီးတော့များနေတာတွေ့ရတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် လက်ရှိအစိုးရက သတင်းသမားတွေနဲ့ပတ်သက်ပြီးတော့ အဝေဖန်မခံနိုင်တာ၊ သတင်းသမားတွေနဲ့ပတ်သက်ပြီးတော့ အမြင်မကြည်လင်တဲ့ သဘောတွေကို အများကြီးတွေ့နေရတယ်”
မြန်မာ့ခေတ်အွန်လိုင်းမီဒီယာရဲ့အယ်ဒီတာချုပ် ဒေါ်လွတ်လပ်စိုးကတော့ သတင်းသမားတွေဟာ အကာအကွယ်မဲ့နေတယ် လို့ ခံစားနေရတယ်လို့ပြောပါတယ်။
“အဓိကကတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို သူတို့ပေးတယ်လို့ပြောတယ်။ ၂ဝ၁၂ ခုနှစ်မှာ စာပေစီစစ်ရေးကို ရုပ်သိမ်းလိုက်တယ်။ ဒါပေမဲ့ တကယ့်တကယ်ကကျတော့ စာနယ်ဇင်းသမားတွေကို ဥပဒေပုဒ်မတွေတပ်ပြီး အရေးယူနေတဲ့အတွက်ကြောင့်၊ မီဒီယာဥပဒေကိုလည်းမသုံးဘူး။ ရိုးရိုးရာဇသတ်ကြီးဥပဒေတွေနဲ့စွဲနေတဲ့ အတွက်ကြောင့် မီဒီယာသမားတွေမှာ တကယ်ကို အကာအကွယ်မဲ့နေတယ်။ ဆိုတော့ ဆင်ဆာမရှိတာက မီဒီယာလွတ်လပ်ခွင့်ရှိတာလို့ ယူဆလို့မရဘူး။ ဆင်ဆာမရှိသော်လည်း ဆင်ဆာထက်ဆိုးတဲ့မြှားတွေက မီဒီယာသမားတွေကို ဦးတည်နေတယ်။ ပြီးခဲ့တဲ့ ၇ ကြိမ်မြောက် မီဒီယာကွန်ဖရင့်မှာ ပြန်ကြားရေးဝန်ကြီး ကိုယ်တိုင်က သတင်းလွတ်လပ်ခွင့်ကိုတော့ တောင်းဆိုနေကြတယ်၊ Ethic နဲ့အညီကောသတင်းသမားတွေက လုပ်ကြရဲ့လားလို့ ပြန်ပြီးမေးခွန်းထုတ်သွားတယ်။ ကျမတို့ဘက်ကိုပဲ Point out ထိုးထိုးသွားတဲ့အခြေအနေတွေ ဖြစ်နေတယ်ပေါ့။ ဆိုတော့ အဲဒီအခြေအနေတွေက မီဒီယာလွတ်လပ်ခွင့်ကို ရရှိမနေဘူးပေါ့နော်။ နောက်ကိုပြန်ဆုတ်နေတဲ့အခြေအနေဖြစ်နေတယ်။ ဆိုတော့ အစကပြန်ပြီး advocate လုပ်ရမယ်။ သတင်း သမားတွေကလည်း မီဒီယာလွတ်လပ်ခွင့်ကို အစကပြန်ပြီးတောင်းဆိုရမယ့် အခြေအနေဖြစ်နေတယ်”
ဒီနှစ်အတွင်း သတင်းသမားတွေအပေါ် အကြမ်းဖက်တဲ့လုပ်ရပ်တွေ အံ့အားသင့်လောက်အောင် မြင့်တက်လာ ခဲ့ပြီး၊ စိုးရိမ်ရတဲ့အနေအထားမှာရောက်နေပါပြီ၊ ဒါဟာ သတင်းထောက်တွေအပေါ် မုန်းတီးမှုမြင့်မားလာနေတာ ကို ထင်ဟပ်နေပြီး၊ တခါတရံ အကျင့်ပျက်နိုင်ငံရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့စီးပွားရေးသမား တွေကိုယ်တိုင်က ပွင့်ပွင့်လင်းလင်းထုတ်ဖော် ပြောဆိုတာတွေရှိခဲ့တယ်လို့ RSF အဖွဲ့ အကြီးအကဲ ခရစ်စတိုဖီ ဒီလိုရီ က ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆိုရင် သတင်းထောက်တွေနဲ့ မကြာခဏ ကတောက်ကဆဖြစ်လေ့ရှိပြီး၊ သတင်းသမားတွေဟာ လူထုရန်သူတွေလို့လည်း ပြောဆိုခဲ့ပါတယ်။ အမုန်း တရားတွေကိုဖော်ပြတာဟာ အကြမ်းဖက်လုပ်ရပ်ကို တရားဝင်ဖြစ်သွားစေတတ်ပြီး၊ စာနယ်ဇင်းနဲ့ ဒီမိုကရေစီကို ဖျက်ဆီးရာရောက်တယ်လို့ ခရစ်စတိုဖီ ဒီလိုရီ က ပြောပါသေးတယ်။
စာနယ်ဇင်းပျက်စီးရင် တိုင်းပြည်ကို ဘယ်လိုသက်ရောက်နိုင်ပါသလဲ။ ဦးသက်ဇင်ကတော့ စာနယ်ဇင်းပျက်စီး ရင် ဒီမိုကရေစီတည်ဆောက်ဖို့ ခက်ခဲမယ်လို့ ပြောပါတယ်။
“သတင်းမီဒီယာလွတ်လပ်ခွင့်ရှိလေလေ ဒီမိုကရေစီက ပိုပြီးခိုင်မာလေလေဖြစ်တဲ့အတွက် ခုလိုသတင်းသမား တွေကိုဖမ်းဆီးနေတာဟာ သတင်းစာလွတ်လပ်ခွင့်ကို ပိတ်ပင်နေတာဖြစ်တယ်။ အဲဒါကြောင့်မို့လို့လည်း ဒီမိုကရေစီကအသက်ဝင်ဖို့ ပိုလို့ခက်ခဲမယ်လို့ ယေဘူယျအားဖြင့် သုံးသပ်လို့ရပါတယ်”
ဒေါ်လွတ်လပ်စိုးကလည်း တသဘောထဲပါပဲ။
“ဒီမိုကရေစီစနစ်ဆီ ဦးတည်သွားနေတဲ့၊ ပျိုးထောင်နေတဲ့ နိုင်ငံတခုအနေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ပေးခြင်းသည် အခြေခံကျတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်မှ ကျမတို့မရဘူးဆိုရင်တော့ ဒီမိုကရေစီပန်းတိုင်ကို ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး။ ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်နေတယ်လို့လည်း ကျမကတော့ မယူဆဘူး။”
သတင်းသမားတွေဟာ သတ်ဖြတ်ခံရတာအပြင် ထောင်ချတာ၊ ဖမ်းဆီးထိန်းသိမ်းခံရတာတွေလည်း ပိုများလာတယ်လို့ သတင်းသမားများကာကွယ်ရေးကော်မီတီရဲ့အစီရင်ခံစာမှာ ပါရှိပါတယ်။
တဘက်က သတင်းသမားတွေကို ဖိနှိပ်သူတွေ များပြားလာပေမယ့် ကမ္ဘာ့အဖွဲ့အစည်းတချို့ကတော့ သတင်းသမားတွေရဲ့အနေအထားနဲ့ စွမ်းဆောင်မှုကို အသိအမှတ်ပြု ဂုဏ်ဖော်မြှင့်တင်ဖို့ ကြိုးစားနေကြပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ကမ္ဘာကျော်တိုင်းမ် မဂ္ဂဇင်းက "person of the year" ဆုကို မြန်မာနိုင်ငံက ထောင်ချခံလိုက်ရတဲ့ ရိုက်တာစ်သတင်းဌာနရဲ့ သတင်းသမား ကိုဝလုံးနဲ့ ကိုကျော်စိုးဦးအပါအဝင် ဆော်ဒီအာရေးဗီးယား သတင်းသမား ဂျမဲ့ ကာရှိုဂီ (Jamal Khashoggi) နဲ့ ဖိလစ်ပိုင်သတင်းသမား မာရီယာရက်စာ (Maria Ressa) နဲ့ ပြီးခဲ့တဲ့ဇွန်လက သေနတ်သမား တယောက်ရဲ့ပစ်ခတ်မှုနဲ့ သေဆုံးဒဏ်ရာရသွားကြရတဲ့ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်အခြေစိုက် Capital Gazette သတင်းစာ ဝန်ထမ်းတွေကိုပေးအပ်ခဲ့ပါတယ်။