သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ လက်မှတ်ရေးထိုး
2015.02.12
ဒီနေ့ ကျရောက်တဲ့ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့က ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် ၅ ချက်ကို ဒီကနေ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းခန်းမမှာ လက်မှတ်ရေးထိုးကြပါတယ်။
RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ညစာစားပွဲကို တက်ရောက်ဖို့ နေပြည်တော်ကို ရောက်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ ဒီနေ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြည်လည်သင့်မြတ် ရေးဆိုင်ရာ ကတိပြုချက် ၅ချက်ကို ဒီနေ့ လက်မှတ်ရေးထိုးခဲ့ ကြတာဖြစ်ပါတယ်။
အဲဒီကတိပြုချက် ၅ ချက်ထဲမှာ အမျိုးသားတန်းတူမှု တရားမျှတမှု ကိုယ်ပိုင်ပြဌာန်းခွင့်တို့ပါဝင်တဲ့ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလာဒ်နဲ့အညီ တည်ဆောက်သွားဖို့၊ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ဖို့ နဲ့ အဲဒီနောက် နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးကျင်းပသွားဖို့ အချက်တွေ ပါဝင်ပါတယ်။
လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားအဖွဲ့တွေကတော့ ကရင်အမျိုးသားအစည်းအရုံး KNU၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA၊ KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီ နဲ့ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်ဦးဆောင်တဲ့ ရှမ်းပြည်တပ်မတော်( တောင်ပိုင်း) RCSS/SSA တို့ဖြစ်ပါတယ်။
နိုင်ငံတော် သမ္မတဦးသိန်းစိန်က ကတိပြုချက်ဟာ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အရေးပါတဲ့ မှတ်တိုင် တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။
နိုင်ငံတော် သမ္မတဦးသိန်းစိန်
အဲဒီကတိပြုချက်ကို ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် တပ်မတော်ကိုယ်စားပြု ကိုယ်စားလှယ်တွေကလည်း လက်မှတ်ရေးထိုးကြပါတယ်။
၄ ဖွဲ့သာ လက်မှတ်ရေးထိုးတာဖြစ်ပြီး ကျန်တိုင်းရင်းသား ၉ ဖွဲ့က လက်မှတ်မထိုးခဲ့ပါဘူး။
ကြိုတင်မသိတဲ့အတွက် လက်မှတ်မရေးထိုးဖြစ်တာလို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
ခွန်မြင့်ထွန်း (ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဌ )
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA က ကိုယ်စားလှယ် ဦးအောင်မြင့်က အဖွဲ့ကို ပြန်တင်ရဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဦးအောင်မြင့် ( ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ၊ UWSA )
ဒီနေ့ လက်မှတ်ရေးထိုးရာမှာ ပါဝင်တဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ KNU ဥက္ကဌ ဗိုလ်ချုပ် မူတူးစေးဖိုးက သတ္တိရှိရှိနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ချင်တာကြောင့် ဒီနေ့ လက်မှတ်ရေး ထိုးခဲ့တာ လို့ ပြောပါတယ်။
KNU ဥက္ကဌ ဗိုလ်ချုပ် မူတူးစေးဖိုး
ဒီနေ့ လက်မှတ်ရေးထိုးပွဲဖြစ်မြောက်အောင် ဆောင်ရွက်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြံပေးအရာရှိ ဦးလှမောင်ရွှေက စာချုပ်ချုပ်တာမဟုတ်ပဲ ကတိကဝတ်ပြုတဲ့ သဘောသာဖြစ်တယ်လို့ ပြောပါတယ်။
ဦးလှမောင်ရွှေ
ဒီကနေ့လက်မှတ်ရေးထိုးပွဲမှာ ပါဝင်ခဲ့တဲ့သူတွေက နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ ဒုတိယသမ္မတ ၂ ဦး၊ လွှတ်တော်ဥက္ကဌ ၂ ဦးနဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ ၊ တပ်မတော် ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းနဲ့ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး၊ တိုင်းရင်သားရေးရာဝန်ကြီး၂၉ဦး၊ နိုင်ငံရေးပါတီ ၆၁ပါတီမှာ ၅၅ ပါတီ က ကိုယ်စားလှယ်တွေ ပါဝင် လက်မှတ်ရေးထိုးကြတာ ဖြစ်ပါတယ် ခင်ဗျာ။