စစ်ကောင်စီလွှတ်ပေးလိုက်သူ ၃ဝဝဝ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ပဲပါ
2023.04.17

နှစ်ဆန်းတစ်ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာသူတွေထဲမှာ NLD အစိုးရလက်ထက် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း တစ်ယောက်ပဲ နိုင်ငံရေးအကျဉ်းသားပါတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က RFA ကိုပြောပါတယ်။
"သူက အသက် ၇၅ နှစ် အထက်လည်းဖြစ်တယ်။ ကျခံရတဲ့နှစ်က သုံးနှစ်၊ အဲဒီမှာ ဖမ်းခံရတာက နှစ်နှစ်ကျော်သွားပြီဆိုတော့ သူက လွတ်နည်းဗျာ့၊ အဲဒါကြောင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးလိုက်တယ်လို့ သုံးသပ်လို့ရတယ်"
ဦးကျော်ဝင်းဟာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီးပွားရေးအကြံပေးပါမောက္ခ ပါမောက္ခရှောင်တားနဲလ် NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်တို့နဲ့အတူ အမှုတွဲလုပ်ပြီး နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေပုဒ်မ (၃၁/ဂ)နဲ့ ထောင်သုံးနှစ် ချခံခဲ့ရပါတယ်။
အဲဒီအမှုတွဲထဲက ကျန်တဲ့သူတွေကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့ကတော့ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။
မနေ့က စစ်ကောင်စီက လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၃ဝဝဝ ကျော်ထဲမှာ ဦးကျော်ဝင်း တစ်ယောက်ပဲ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ပဲပါပြီး ကျန်တဲ့သူတွေဟာ စစ်ပြေး၊ ရဲပြေး၊ မူးယစ်ဆေးဝါး၊ ခိုးဆိုးလုယက်မှုတွေနဲ့ ထောင်ကျနေသူတွေ ဖြစ်တယ်လို့လည်း ဦးထွန်းကြည်က ပြောပါတယ်။
" အဖြေရှာချင်တဲ့ ရည်ရွယ်ချက်၊ နိုင်ငံရေး ဆန္ဒရှိရှိနဲ့ လွှတ်တာမဟုတ်ဘူးလို့ ကျနော်တို့က သုံးသပ်တယ်။ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိတဲ့ သူတွေကို လွှတ်တာမဟုတ်ဘဲ၊ လူ့အဖွဲ့အစည်းကို အန္တရာယ်ပေးမဲ့သူတွေ၊ သူတို့အတွက် အကျိုးရှိမယ့်သူတွေကိုပဲ လွှတ်လိုက်တော့ ကျွန်တော်တို့ အားလုံးက အထူးသတိပြုဖို့လိုတယ်"
နှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက အကျဉ်းသားတွေကို လွှတ်ပေးမယ်ဆိုတာကြောင့် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေဟာ နိုင်ငံတဝန်းက အကျဉ်းထောင်တွေရှေ့မှာ သွားရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။
အဲဒီထဲမှာ လတ်တလော ထောင် ခြောက်နှစ်ချမှတ်ခံထားရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် သိက္ခာတော်ရဆရာတော် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ ဇနီးဖြစ်သူလည်းပါပါတယ်။
" ကျွန်မအမျိုးသားတော့ မပါဘူးရှင်... ကျွန်မတို့ကတော့ မပါတော့ ထမင်းပို့ပြန်လာခဲ့တယ်။ သူတို့လွှတ်မယ်ပြောပြီး မလွှတ်တော့လည်း သူတို့အပိုင်းပေါ့။ ကျွန်မတို့ကတော့ ကျွန်မအမျိုးသား အမြန်ပြန်လွှတ်စေချင်တာပေါ့။ ဘာသာရေးသမားတွေဆိုတော့ အဲဒီထဲမှာ ကြာကြာ မနေသင့်ဘူး။ အမြန်ဆုံးလွှတ်ပေးရင် ကျေးဇူးတင်ပါတယ်"
ဒေါက်တာခလမ်ဆမ်ဆွန်ဟာ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ - ၁၇ (၁)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပေဒ ပုဒ်မ - ၅၂ (က) စွပ်စွဲချက် သုံးခုအတွက် ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာ ထောင်ဒဏ် ခြောက်နှစ်ချခံထားရပြီး မြစ်ကြီးနားထောင်မှာ ဖြစ်ပါတယ်။
မနေ့က မြစ်ကြီးနားထောင်ကနေ ၃၃ ယောက်လွတ်လာပေမဲ့ နိုင်ငံရေးအကျဉ်းသားမပါပါဘူး။
ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့မှာလည်း မနေ့က မနက်မိုးမလင်းခင်ကတည်းက မိသားစုဝင်တချို့ သွားရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။

အင်းစိန်ထောင်ရှေ့မှာ သွားစောင့်ခဲ့တဲ့သူတွေထဲ ဖမ်းဆီးခံထားရတဲ့ NLD ရန်ကုန်တိုင်းဝန်ကြီး ဦးနိုင်ငံလင်းရဲ့ဇနီး မခင်စန္ဒာဝင်းလည်း ပါပါတယ်။
သူ့ရဲ့ အမျိုးသားမလွတ်နိုင်ဘူးဆိုတာ သိပေမဲ့ လွတ်မယ့် နိုင်ငံရေးအကျဉ်းသားတွေကို အားပေးဖို့ စောင့်ဆိုင်းခဲ့တာပါ။ ဒါပေမဲ့ အင်းစိန်ထောင်က လွတ်တဲ့သူတွေထဲမှာလည်း နိုင်ငံရေးအကျဉ်းသားမပါပါဘူး။
"ဒါက အရှင်းကြီးပဲလေ၊ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးချင်တဲ့ ဆန္ဒရှိတယ်။ မလွှတ်လည်းမလွှတ်ပေးဘူးလေ။ ၅ဝ၅ နဲ့လူတွေလည်း မလွှတ်ဘူး။ မူးယစ်ဆေးဝါးနဲ့ ဖမ်းခံထားရသူတွေပဲ လွတ်တယ်"
အမအမျိုးသား လွတ်ဖို့ရော မျှော်လင့်ချက်ရှိသလား။ ။
"မမျှော်လင့်ဘူး။ သူတို့ကိုယ်တိုင်က လိုချင်လို့ဖမ်းထားတာ ဘယ်နိုင်ငံမှာမှမရှိတဲ့ ဥပဒေတွေနဲ့ လူကိုဖမ်းပြီးထောင်ထဲရောက်မှ ပုဒ်မတွေစွဲ ထောင်ချထားတာ။ သူတို့လိုချင်လို့ဆိုတာ သိသာတယ်လေ။ အမမျှော်လင့်ထားတာ တစ်ခုပဲရှိတယ်။ ပြည်သူ့အောင်ပွဲ ဒီနေ့ရရင် မနက်ဖြန် လွတ်မယ်ဆိုတာ ယုံကြည်မှု အပြည့်ထားတယ်။ ဒီပွဲနိုင်မယ်လို့ မျှော်လင့်ထားတယ်။ ယုံလည်း ယုံကြည်တယ်"
NLD ဝန်ကြီး ဦးနိုင်ငံလင်းကတော့ အာဏာသိမ်းတဲ့နေ့မှာပဲ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး အဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထောင် ၁၅ နှစ် ချမှတ်ခံထားရပါတယ်။

အခုတခေါက် အကျဉ်းသား ၃ဝ၁၅ ယောက် စစ်ကောင်စီက လွှတ်ပေးလိုက်တဲ့ထဲမှာ ခိုးဆိုးလုနှိုက်အမှုနဲ့ ထောင်ကျခံရသူတွေချည်းဖြစ်တာကြောင့် လုံခြုံရေး ပိုစိုးရိမ်တယ်လို့လည်း မခင်စန္ဒာဝင်းက ပြောပါတယ်။
"အခုတော်တော်ဆိုးလာတာ ကိုယ့်အိမ်မှာကိုယ်မနေရဲကြဘူး။ ပိုမလုံခြုံဘူးပေါ့။ သူတို့ကို လွှတ်ပေးလိုက်တဲ့အတွက် ပိုမလုံခြုံဘူး"
အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ သူ့ကိုဆန့်ကျင်သူတွေကို ဖမ်းဆီးထောင်ချပြီး၊ ရာဇဝတ်သမားတွေကို ထောင်ကနေ လွှတ်ပေးနေတာကြောင့် ရာဇဝတ်မှုတွေ ထူပြောလာနေပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် လူပေါင်း ၃၂ဝဝ ကျော်သတ်ဖြတ်ခံခဲ့ရပြီး လူပေါင်း နှစ်သောင်းတစ်ထောင်ကျော် ဖမ်းဆီးအကျဉ်းချခံခဲ့ရပါတယ်။