ထောင်ဝင်စာပို့ခွင့်ကန့်သတ်ချက်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေအတွက် စိုးရိမ်နေ

စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2023.12.26
ထောင်ဝင်စာပို့ခွင့်ကန့်သတ်ချက်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေအတွက် စိုးရိမ်နေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က တွေ့မြင်ရသည့် နေပြည်တော်အကျဉ်းထောင် ဂိတ်ဝမြင်ကွင်း။
Photo: AFP

အကျဉ်းထောင်တွေထဲကို ဆေးဝါးအပါအဝင် ပစ္စည်းတချို့ပို့ခွင့်မရတဲ့အတွက် ပုံမှန်ဆေးဝါး လိုအပ်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်းမာရေးအတွက် စိုးရိမ်နေကြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ပြုစုထားတဲ့စာရင်းအရ ၂၀၂၃ ခုနှစ်အတွင်း အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ဆေးဝါးကုသမှုမရတဲ့အတွက် သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၆ ယောက်ရှိပါတယ်။

“စစ်တပ်အာဏာသိမ်းတာရဲ့နောက်မှာ  ပြည်သူလူထုတွေ စတေးခံနေရတယ်။ ထောင်တွေထဲမှာ အသတ်ခံနေရတယ်ပေါ့နော်"

နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်တယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သာယာဝတီအကျဉ်းထောင်မှာ အခုရက်ပိုင်းအတွင်း အစားအသောက်နဲ့ သောက်သုံးရေမသန့်ရှင်းတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောတွေဖြစ်ပွားနေပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထောင်ဝင်စာကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားဆိုရင် ညှဉ်းပန်းခံရတယ်။ ပိုပြီးတော့ နှိပ်စက်ခံရတယ်။ စောင့်ကြည့်ခံရတယ်။ လက်ရှိဆိုရင် သာယာဝတီထောင်မှာ ဝမ်းလျှောလို့ဆိုပြီး ဆုံးသွားတာ ကျွန်တော်တို့ ကြားရတယ်။ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ဘူး။ သောက်ရေ သုံးရေလည်း လုံလောက်အောင် မသုံးရဘူး။ သောက်ရေဆိုလည်း သန့်ရှင်းတဲ့သောက်ရေမသောက်ရဘူး။ လက်ရှိမှာ ထောင်ငအသီးအသီးမှာ ဒီလိုအခက်အခဲတွေ ဒီလိုဒုက္ခတွေကတော့ ထောင်အများစုမှာ ရင်ဆိုင်နေရတာပါပဲ”

ဒီနှစ် ဇူလိုင်လကစပြီး အကျဉ်းထောင်တွေထဲကို ဆေးဝါးနဲ့ စာအုပ်တွေ ပို့ခွင့်ပိတ်ခံထားရတယ်လို့လည်း ထောင်ဝင်စာ ပို့ဆောင်ကူညီပေးနေသူတွေက ဆိုပါတယ်။

ဆေးဝါးနဲ့ စာအုပ်တွေဟာ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ မဟုတ်တဲ့အတွက် ခွင့်ပြုပေးသင့်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ကျွန်တော်တို့ကူညီပေးနေရတဲ့ အဖွဲ့အစည်းတွေအနေနဲ့ဆိုရင် အရင်ကထက်ပိုပြီးမှ ကျပ်လာတယ်။ အရင်တုန်းကဆိုရင် ကျွန်တော်တို့တွေ ထောင်ဝင်စာပို့ဖို့ ဆေးဝါးပို့ဖို့ စာအုပ်တွေပို့ဖို့ အဆင်ပြေတယ်ပေါ့နော်။ ကျွန်တော်တို့ ဒါတရားဝင်ပစ္စည်းတွေပဲ ပို့တာဖြစ်တယ်။ ဒီလိုထောင်ဝင်စာပို့တဲ့အထဲမှာလည်း အင်္ဂလိပ်ဆေးဝါးတွေ သုတရသစာအုပ်တွေကို လက်သင့်မခံတော့ဘူးပေါ့နော်။ အရင်တုန်းကဆိုရင်အကျဉ်းထောင်တွေကို စာအုပ်တွေကို လွယ်လွယ်ကူကူနဲ့ ပို့လို့ရတယ်။ အခုနောက်ပိုင်းဆိုရင် အကျဉ်းထောင်ထဲမှာရှိနေတဲ့ စာအုပ်တွေကိုတောင်မှ အပြင်မှာရှိတဲ့ သူတို့ရဲ့မိသားစုဝင်တွေထံကို ပြန်ပြီးမှ ပို့နေရတယ်။ ထောင်ထဲမှာ ဒါ စာအုပ်စာပေတွေဖတ်ရှုခွင့်တွေကို ပြန်ပြီးတော့မှ ကန့်သတ်လာတယ်။ ထောင်ကို အန္တရာယ်ပြုနိုင်တဲ့ ပစ္စည်းတွေကို ပို့တာမဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ပို့ရတဲ့ပစ္စည်းတွေက တော်တော်လေးကိုမှ တင်းကျပ်မှုတွေရှိတယ်။ သူတို့ရဲ့ မိသားစုဝင်တွေကိုတောင်မှ အထောက်အထားတွေနဲ့မှ လက်ခံတာမျိုးတွေ ပြုလုပ်လာတယ်ပေါ့နော်”

နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ဝင်စာ ကန့်သတ်ခံထားရသလို တစ်ဖက်မှာလည်း ထောင်တွင်းမှာ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အရာရှိတွေက ညှဉ်းပန်းနှိပ်စက်နေတဲ့အတွက် ချက်ချင်းရပ်တန့်ဖို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သုံးနှစ်နီးပါးကြာ မိသားစုတွေနဲ့ တွေ့ခွင့်ပိတ်ထားခဲ့ရာကနေပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး တစ်လမှာ တစ်ကြိမ် တွေ့ခွင့်ပြုခဲ့ပေမဲ့ လွတ်လပ်စွာပြောဆိုလို့ မရဘဲ ထောင်အာဏာပိုင်တွေက စောင့်ကြည့်မှတ်တမ်းတင်တာတွေ ရှိနေတယ်လို့လည်း ဆိုကြပါတယ်။

၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က အင်းစိန်အကျဉ်းထောင်ရှေ့တွင် ထောင်ဝင်စာပို့ရန် တန်းစီစောင့်ဆိုင်းနေကြသူများအား တွေ့ရစဉ်။  (Photo: Political Prisoners Network-Myanmar)
၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က အင်းစိန်အကျဉ်းထောင်ရှေ့တွင် ထောင်ဝင်စာပို့ရန် တန်းစီစောင့်ဆိုင်းနေကြသူများအား တွေ့ရစဉ်။ (Photo: Political Prisoners Network-Myanmar)

စစ်ကောင်စီရဲ့ အကျဉ်းထောင်အာဏာပိုင်တွေနဲ့ ဝန်ထမ်းတွေဟာ ထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေသလို စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်နေတယ်လို့ ပြောကြပါတယ်။

“ဒီစစ်တပ်အာဏာသိမ်းတာရဲ့နောက်မှာ ခံစားလိုက်ရတဲ့ များသောအားဖြင့်က ပြည်သူလူထုတွေပေါ့နော်။ စတေးခံနေရတယ်။ ထောင်ထဲတွေမှာ အသတ်ခံနေရတယ်ပေါ့နော်။ သူတို့ကတော့ ဒါပြောရမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေကို ငါတို့ လုပ်လို့ရတယ်ဆိုတဲ့အနေအထားမျိုးတွေနဲ့ လုပ်တာပေါ့နော်။ သေဒဏ်ပေးထားတဲ့သူဆိုရင် မိသားစုနဲ့ပေးမတွေ့တာမျိုး ၊ ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ရအောင် တိုက်ပိတ်ထားတာမျိုး ဒါမျိုးတွေလဲ ကြုံနေရတဲ့ နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေ ရှိပါတယ်လို့”

နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ယောက်ဖြစ်တဲ့ မဇူးဇူးမေယွန်း ပြောသွားတာပါ။ နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) လို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးဖို့လည်း နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားနေသူတွေက တိုက်တွန်းနေကြပါတယ်။

သာယာဝတီ နဲ့ မုံရွာအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေအခြေအနေနဲ့ပတ်သက်လို့ မေးမြန်းဖို့ ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်း အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးခံခဲ့ရသူ နှစ်သောင်းခွဲကျော် (၂၅,၆၁၈) ရှိပြီး အဲဒီထဲမှာ နှစ်သောင်းနီးပါး (၁၉,၈၂၀) က ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။