ထောင်ဝင်စာတွေ့ခွင့်ကန့်သတ်ချက်များနေလို့ မတွေ့ရသေးတဲ့မိသားစုတွေရှိနေ

RFA Burmese
2023.11.14
ထောင်ဝင်စာတွေ့ခွင့်ကန့်သတ်ချက်များနေလို့ မတွေ့ရသေးတဲ့မိသားစုတွေရှိနေ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

နှစ်နှစ်ကျော်သုံးနှစ်နီးပါး လူချင်းမတွေ့ရတဲ့ နိုင်ငံသားအကျဉ်းသားတွေနဲ့ သူတို့ မိသားစုတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ တတိယပတ်ကစလို့ တွေ့ခွင့်ရပြီဆိုပေမယ့် သတ်မှတ်ချက်များနေလို့ တွေ့ခွင့်မရသေးတဲ့ သူတွေရှိနေပါတယ်။

ထောင်ဝင်စာတွေ့မယ့်သူဟာ အကျဉ်းသားနဲ့ အိမ်ထောင်စုစာရင်း တစ်ခုတည်းဖြစ်တဲ့ အကြောင်း ပြရသလို၊ မှတ်ပုံတင်၊ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာ၊ ကိုဗစ်ကာကွယ်ဆေး ထိုးထားတဲ့ လက်မှတ်တွေ လိုအပ်တယ်လို့ သတ်မှတ်ထားတဲ့အတွက် အဲဒီအထဲက တစ်ခုခုလိုနေရင် တွေ့ခွင့်မရဘူးလို့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီနေတဲ့သူတွေက ပြောပါတယ်။

“ဘာမှတောင်မှ ပြောတောင်မပြောရသေးဘူး မိနစ် ၂၀ က ပြည့်ရော"

မိသားစုနဲ့ တွေ့ခွင့်မရသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိပ်ဆုံးမှာရှိနေပါတယ်။ အင်္ဂလန်မှာနေတဲ့ သူ့သားငယ် ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က အမေနဲ့ တွေ့ခွင့်ရဖို့တောင်းနေပေမယ့် စစ်ကောင်စီ ဘက်က တစ်စုံတစ်ရာအကြောင်းပြန်တာ မရှိသေးပါဘူး။

တောင်ငူအကျဉ်းထောင်မှာရှိနေတဲ့ သမ္မတ ဦးဝင်းမြင့်ကိုတော့ ဇနီးသည် ဒေါ်ချိုချို က၊ အောက်တိုဘာလ နောက်ဆုံးအပတ်မှာ လူချင်းတွေ့ခွင့်ရခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေမှာ မိသားစုနဲ့ လူချင်းတွေ့ခွင့်ရပြန်တော့လည်း မိနစ် ၂၀ ပဲ အချိန်ပေးတဲ့အတွက် မလုံလောက်ဘူးလို့ ထောင်ဒဏ်အနှစ် ၄၀ နီးပါးချခံထားရတဲ့ မကွေးတိုင်း သရက်ထောင်က နိုင်ငံရေးအကျဉ်းသားရဲ့ အမည်မဖော်လိုတဲ့ မိသားစုဝင်က ပြောပါတယ်။

“ဘာမှတောင်မှ ပြောတောင်မပြောရသေးဘူး မိနစ် ၂၀ က ပြည့်ရော။ မိနစ် ၂၀ ပြည့်ပြီ ဆိုပြီးတော့ စစချင်းဆိုတော့ သူလည်းဘာပြောရမှန်းမသိ၊ ကိုယ်လည်းဘာပြောရမှန်း မသိနဲ့ ဝမ်းသာနေတာပဲ ရှိတာလေ။ အချိန်စေ့ပြီလို့ပြောတော့ မျက်ရည်တွေဝိုင်းလို့။ သူတို့လည်း ကျွန်မတို့ပြန်တော့ ပြန်လိုက်လာချင်တာ။ နေကောင်းလား၊ အဆင်ပြေ လားနဲ့ ကျန်းမာရေးကောင်းအောင်နေ ဒီလောက်ပဲ ပြောခဲ့ရတာဆိုတော့လည်း မတွေ့မရတာထက်စာရင်တော့ ပျော်ပါတယ်”

သာယာဝတီအကျဉ်းထောင်မှာ ထောင်ငါးနှစ်ကျခံနေရတဲ့ သင်္ဃန်းကျွန်းပို့စ် သတင်းဌာန တာဝန်ခံ အယ်ဒီတာ မထက်ထက်အောင်ကတော့ ကျန်းမာရေးကောင်းပေမယ့် ယားနာပေါက်နေတယ်လို့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။

“ထက်ထက်တို့နဲ့ တွေ့ပြီးသွားပါပြီ။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ ထောင်ထဲမှာ လူအရမ်းများနေတဲ့အခါကျတော့ နည်းနည်းကျပ်တယ်။ ကျပ်တဲ့အခါကျတော့ သူတို့ ယားနာလေးတော့ဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက်က နေရတာအဆင်မပြေဘူး။ သူများဆီကရောဂါ ကိုယ့်ဆီကူးတဲ့ သဘောပေါ့”

မုံရွာအကျဉ်းထောင်မှာ ထောင်ဒဏ် ၅၄ နှစ်ချခံထားရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကိုလည်း မိသားစုက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထောင်ဝင်စာ သွားတွေ့ဆုံခဲ့ပါတယ်။ သူ့ကျန်းမာရေးကောင်းမွန်တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့သူတွေက RFA ကို ပြောပါတယ်။ ဒါပေမဲ့ ထောင်ထဲမှာ ဘယ်လိုနေရလဲဆိုတဲ့ အခြေအနေကိုတော့ မေးမြန်းပြောဆိုလို့ မရဘူးလို့ သိရပါတယ်။

အကျဉ်းထောင်ရဲ့ ဥပဒေအရ အကျဉ်းသားတိုင်းကို မိသားစုက နှစ်ပတ်တစ်ခါ ထောင်ဝင်စာတွေ့ခွင့် ပေးရပါတယ်။ ဒါပေမဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ကျခံနေ ရတဲ့သူတွေကို လတစ်လရဲ့ ပထမဆုံး တနင်္ဂနွေနေ့မှာပဲ တစ်ကြိမ်တွေ့ခွင့်ပြုထားတယ်လို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ ရှေ့နေတစ်ယောက်က ပြောပါတယ်။ သာယာဝတီ၊ မြင်းခြံနဲ့ သရက်ထောင်တွေမှာလည်း နိုင်ငံရေး အကျဉ်းသားတွေကို တစ်လမှာတစ်ကြိမ်ပဲ တွေ့ခွင့်ပေးတယ်လို့ မိသားစုတွေက RFA ကို ပြောပါတယ်။

ဒီလိုကန့်သတ်ထားတာနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ထောင်ဝင်စာတွေ့ရတဲ့ နေရာတွေမှာ သံဇကာတွေ အထပ်ထပ်ကာထားသလို၊ ဘေးမှာ ထောင်ဝန်ထမ်းတွေ စောင့်ကြည့်နေတဲ့အတွက် မိသားစုတွေအနေနဲ့ ကိုယ့်အိမ်တွင်းရေး ကိုတောင် လွတ်လွတ်လပ်လပ် ပြောခွင့်မရဘူးလို့ ပြောကြပါတယ်။

ဒါကြောင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အနေနဲ့ အကျဉ်းထောင်တွေ ထဲသွားကြည့်ဖို့ အကျဉ်းသားတွေနဲ့ မိသားစုတွေက လိုလားနေကြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကလည်း ICRC အနေနဲ့ အကျဉ်းထောင်တွေထဲ ဝင်ခွင့်ရဖို့ ဒီထက် ပိုပြီးကြိုးစားပေးဖို့ တိုက်တွန်းပြောဆို ပါတယ်။

“ကျနော်တို့ လေ့လာစောင့်ကြည့်နေရသလောက်တော့ ICRC အနေနဲ့လည်း ကြိုးစားနေ တာကို တွေ့ရတယ်။ လက်ရှိ သူတို့ (စစ်ကောင်စီ) တွေရဲ့ လုပ်ရပ်တိုင်းဟာ မှန်ကန်နေ ရင် လွတ်လပ်စွာ ဝင်ကြည့်ခွင့် ရှိရမယ်။ သူတို့ပြောတဲ့အတိုင်း အကျဉ်းသားတွေကို အကျဉ်းသားအခွင့်အရေး အပြည့် အဝပေးပါတယ်၊ အကျဉ်းထောင်ထဲမှာ ဒီလိုဖိနှိပ်မှုတွေ မရှိပါဘူးဆိုတဲ့စကားက တကယ်မှန်ကန်တယ်ဆိုရင်တော့ မည်သည့်အဖွဲ့အစည်းမဆို သူတို့အနေနဲ့ ဝင်ခွင့်ပြုသင့်တယ်ပေါ့နော်”

မန္တလေးတိုင်း၊ ရမည်းသင်း အကျဉ်းထောင်ရှေ့ မြင်ကွင်းအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မန္တလေးတိုင်း၊ ရမည်းသင်း အကျဉ်းထောင်ရှေ့ မြင်ကွင်းအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်မြို့က ICRC ရုံးကို RFA က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ - ICRC အနေနဲ့ ထောင်တွေထဲပြန်ဝင်ခွင့်ရဖို့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဆက်ပြီးဆွေးနွေး နေပါတယ်လို့ အကြောင်းပြန်ပါတယ်။ အကျဉ်းထောင်တွေထဲကို ပြန်ပြီးဝင်ရောက်ကြည့်ရှု နိုင်ရေးဟာ ICRC ရဲ့ ဦးစားပေးကိစ္စရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် လူသားချင်း စာနာကူညီခွင့်နဲ့ အကျဉ်းကျနေတဲ့သူတွေ ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နေခွင့်ရရေး နှစ်မျိုးစလုံးကိုလည်း ICRC အနေနဲ့ ဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။ အာဏာပိုင် တွေနဲ့ သူတို့ရဲ့ ဆွေးနွေးညှိနှိုင်းမှု အသေးစိတ်အခြေအနေတွေကိုတော့ ထုတ်ပြောလို့ မရသေးဘူးလို့ ဆိုပါတယ်။ ဒီလိုထုတ်မပြောနိုင်တာကလည်း ICRC အနေနဲ့ ဒီအခြေအနေအပေါ် မှာ အလေးအနက်မထားတာမျိုး မဟုတ်ပါဘူးလို့ RFA ကို အကြောင်းပြန်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ၂၀၂၀ ခုနှစ်အထိ အကျဉ်းထောင်ပေါင်း ၄၈ ထောင်ရှိပြီး အလုပ်ကြမ်းစခန်း ၅၀ လောက်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိအဖမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား နှစ်သောင်း နီးပါးရှိပြီး အဲဒီအထဲက ရှစ်ထောင်ကျော်က ထောင်ဒဏ်တွေချခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ နိုဝင်ဘာ ၇ ရက်နေ့အထိ စာရင်းမှာတွေ့ရပါတယ်။

ဒါကြောင့် ထောင်တွေထဲမှာ လူတွေပြွတ်သိပ်နေသလို၊ ယားနာလိုကူးစက်တတ်တဲ့ အရေးပြားရောဂါတွေ၊ မျက်စေ့နာတာတွေ ဖြစ်တာများတယ်လို့ မိသားစုတွေက ပြောကြပါတယ်။ အဲဒီအပြင် ထောင်တွေထဲမှာ မြန်မာ့အလင်းသတင်းစာနဲ့ စစ်ကောင်စီထိမ်းချုပ်ထားတဲ့ ရုပ်မြင်သံကြားလိုင်းတွေကိုပဲ ကြည့်ရလို့ အပြင်က တကယ့်ဖြစ်ရပ်မှန် သတင်းတွေနဲ့ အဆက်ပြတ်နေကြတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။