ကိုဗစ် - ၁၉ ကြောင့် ၂၀၂၀ ပြည့်နှစ်ကတည်းက ပိတ်ထားခဲ့တဲ့ အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ ထောင်ဝင်စာတွေ့ခွင့်ကို အောက်တိုဘာလ ၂၄ ရက် ဒီကနေ့ကစပြီး နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ပြန်ခွင့်ပြုလိုက်ပြီလို့ ရှေ့နေတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးနေသူတွေက RFA ကို ပြောပါတယ်။
"မမျှော်လင့်ဘဲနဲ့ မိသားစုနဲ့ တွေ့ခွင့်ရလို့ အဲလိုပဲ အပြင်က မိသားစုတွေကလည်း ပျော်ကြတယ်"
အင်းစိန် ဗဟိုအကျဉ်းထောင်မှာ လူတွေ့ထောင်ဝင်စာတွေ့ဖို့ လိုက်နာရမယ့် အချက်တွေကို အောက်တိုဘာ ၂၃ ရက်ကစပြီး ကြေညာထားတယ်လို့ အင်းစိန်အကျဉ်းထောင်နဲ့ နီးစပ်တဲ့ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ကတော့ အင်းစိန် ဗဟိုအကျဉ်းထောင် အပါအဝင် အကျဉ်းထောင်အားလုံးမှာ အသိပေးတယ်။ ကြေညာစာတွေကပ်တယ်။ ဘယ်နေ့ကိုစပေးမလဲဆိုတော့ ကျွန်တော်တို့ သိတာကတော့ ကြေညာစာကပ်ပြီးတဲ့နောက်မှာ နောက်တစ်နေ့က စပေးတာပေါ့။ ဒါပေမဲ့ ဒီနေ့ အင်းစိန်ထောင်မှာတော့ ပေးတွေ့တာ မရှိသေးဘူး။ တစ်ခုခု ဘာအခက်အခဲရှိလဲတော့ မသိဘူး။ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်းမှာပဲ တွေ့ပေးဖို့ရှိတယ် လို့တော့ သိထားပါတယ်”
လူတွေ့ထောင်ဝင်စာ တွေ့မယ့်သူဟာ အကျဉ်းကျနေသူနဲ့ အိမ်ထောင်စုစာရင်း အတူတူ ဖြစ်ပြီး သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် မူရင်း၊ မိတ္တူ၊ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာ၊ ကိုဗစ်ကာကွယ်ဆေးထိုး ထားကြောင်း လက်မှတ်တွေ လိုအပ်တယ်လို့ ဆိုပါတယ်။
ကိုဗစ် ကပ်ရောဂါမတိုင်ခင်ကတော့ လူတွေ့ထောင်ဝင်စာတွေ့ဆုံမှုမှာ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာတွေ မလိုဘဲ အာဏာသိမ်းပြီးနောက် အခုလိုပြန်တွေ့ခွင့်ပေးမှ ဒီလိုကန့်သတ်ချက်တွေပါလာတာလို့ ရှေ့နေက ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကတော့ အောက်တိုဘာလ ၂၄ ရက် ဒီနေ့မနက်ပိုင်း မြင်းခြံနဲ့ သာယာဝတီအကျဉ်းထောင်မှာ လူတွေ့ထောင်ဝင်စာ ခွင့်ပြုပေးလိုက်ပြီလို့ RFA ကို ပြောပါတယ်။
“မြင်းခြံမှာ တွေ့ခွင့်ရတဲ့သူက ထွက်မလာသေးဘူး။ သာယာဝတီက လူတွေကတော့ ပြန်လာပြီ။ အကျဉ်းသား တစ်ဦးတည်းကို မိသားစုဝင်နှစ်ဦးအထိ လက်ခံတယ်လို့ ပြောတယ်။ အကျဉ်းသားတွေကလည်း ပျော်နေကြတယ်။ မမျှော်လင့်ဘဲနဲ့ မိသားစုနဲ့ တွေ့ခွင့်ရလို့ အဲလိုပဲ အပြင်က မိသားစုတွေကလည်း ပျော်ကြတယ်။ ပျော်လို့၊ ငိုလို့ပေါ့ဗျာ။ တချို့ကလည်း မတွေ့တာကြာတော့”
နိုင်ငံတစ်ဝန်းက အကျဉ်းထောင် ၄၀ ထက်မနည်းမှာ လူတွေ့ထောင်ဝင်စာ ခွင့်ပြုဖို့ရှိတယ်လို့ ဆိုပါတယ်။
လူတွေ့ထောင်ဝင်စာကို တစ်လတစ်ကြိမ် မိသားစုဝင်တစ်ဦးသာ ခွင့်ပြုမှာဖြစ်ပြီး တစ်ကြိမ်မှာ မိနစ် ၂၀ သာ စကားပြောခွင့်ရမယ်လို့ အကျဉ်းသား မိသားစုဝင်အချို့က ပြောပါတယ်။
သာယာဝတီအကျဉ်းထောင်မှာ ထောင်ငါးနှစ်ကျခံနေရတဲ့ သင်္ဃန်းကျွန်းပို့စ်သတင်းဌာန တာဝန်ခံအယ်ဒီတာ မထက်ထက်အောင်ရဲ့ မိသားစုဝင်ကလည်း ဒီလို လူချင်းတွေ့ဆုံခွင့် ပေးတာ အကျဉ်းထောင်ထဲက အခြေအနေတွေ သိခွင့်ရမယ်လို့ RFA ကို ပြောပါတယ်။
“လွမ်းတယ်။ တွေ့ချင်တာပေါ့နော်။ အခုက သွားထားတာ မကြာသေးတော့ လကုန်မှသွားမှာ။ လကုန်ပြီး ခြောက်ရက်နေ့လောက်မှ သွားဖြစ်မှာ။ အခုမတွေ့ရတာ တစ်နှစ်ကျော်သွားပြီဆိုတော့ အဲလိုမျိုး မျက်နှာချင်းဆိုင် ပြန်တွေ့လို့ရမယ်ဆိုရင်တော့ စကားတွေအများကြီးပြောပြီး တော်တော်များများသိလာရမယ်၊ အထဲက အခြေအနေတွေကို”
နိုင်ငံရေးအကျဉ်းသား မိသားစုဝင် ကိုမင်းလွင်ဦးကတော့ လူတွေ့ထောင်ဝင်စာ ခွင့်ပြုပေးပေမယ့် ကန့်သတ်ချက်တွေ များလွန်းနေတယ်လို့ RFA ကို ပြောပါတယ်။
“ကိုဗစ်ကို အကြောင်းပြပြီးတော့ မိသားစုတွေနဲ့ တွေ့ခွင့်မပေးတဲ့ အနေအထားထက် စာရင် ကောင်းတာပေါ့ဗျာ။ အထဲမှာ တော်တော်လေး အခက်အခဲဖြစ်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ရှိနေတယ်။ အဲလိုအခြေအနေမှာ တွေ့ခွင့်မပေးတာ ထက်စာရင်တော့ လက်ခံပါတယ်။ ဒါပေမဲ့ ကန့်သတ်ချက်တချို့က ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်တို့ ဘာတို့ဆိုတာ ကျွန်တော်တို့ ဒေသဘက်မှာ ကြည့်ရင် ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာ မရှိသလောက်ပဲ။ အဲဒီအုပ်ချုပ်ရေးမှုးက ထောက်ခံချက်ပေးမှ သွားတွေ့လို့ရမယ်ဆိုရင်တော့ မိသားစုဝင်တွေက အခက်အခဲရှိနိုင်တယ်ဗျ”
ကိုမင်းလွင်ဦးရဲ့ဖခင် အသက် ၆၅ နှစ်အရွယ် ဦးအောင်ဖေဟာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ ထားဝယ်အကျဉ်း ထောင်ထဲမှာ အကျဉ်းကျခံနေရတာပါ။
နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာပေးပို့ ကူညီပေးနသူတစ်ဦးကတော့ စစ်ကောင်စီရဲ့ အကျဉ်းထောင် အာဏာပိုင်တွေဘက်က ဘယ်လိုကန့်သတ်မှုတွေ လာဦးမလဲဆိုတာ စောင့်ကြည့်ရမယ်လို့ RFA ကို ပြောပါတယ်။
“အပြင်က မိဘတွေကလည်း ကိုယ့်သားသမီးကို တွေ့ချင်ကြမှာပဲ။ အဲတော့ အထဲကလူတွေကလည်း အပြင်က မိသားဝင်တွေကို တွေ့ပြီးတော့ အခြေအနေတွေ၊ မေးချင်တာတွေ၊ သိချင်တာတွေရှိမှာပဲ။ ဒီအပေါ်မှာ သူတို့ (အကျဉ်းထောင် အာဏာပိုင်) က ဘယ်လိုကန့်သတ်ထားမလဲ မသိဘူး။ အရင်က ထောင်ဝင်စာတောင်မှ တင်းကျပ်၊ စာတွေတောင်မှ ဖျက်ချနေတဲ့အချိန်မှာ ဒီလို လူတွေတွေ့ပြီးတော့ စကားပြောတဲ့ အခြေအနေကို ဘယ်လိုတင်းကျပ်မလဲဆိုတာ မြေပြင်မှာကြည့်ရမှာပေါ့။ အနည်းဆုံးတော့ အလွမ်းပြေသွားမှာပေါ့လေ”
ထောင်ဝင်စာလူတွေ့ တွေ့ဆုံခွင့်ပြန်ရချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မိသားစုဝင်တွေ၊ ရှေ့နေအဖွဲ့တွေနဲ့ ပြန်လည်တွေ့ဆုံခွင့်ပေးဖို့ မျှော်လင့်တယ်လို့ NLD ပါတီရဲ့ စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောပါတယ်။
“ပုံမှန်အားဖြင့် အားလုံးကို ပြန်ပေးတော့မယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မိသားစုဝင်တွေနဲ့ ပြန်လည်တွေ့ဆုံခွင့်ကို ပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပါတီအနေနဲ့ကတော့ ဦးဝင်းမြင့်ရော၊ ဒေါ်အောင်ဆန်းစုကြည်ရော အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ကိုပဲ ကြိုးစားဆောင်ရွက်နေပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကတော့ အမှုတွေမပြီးပြတ်ခင်က တွေ့ဆုံခွင့်တောင်းခဲ့တာကို စစ်ကောင်စီဘက်က ခွင့်မပြုခဲ့သလို အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေ ပြီးပြတ်သွားပြီဖြစ်တာကြောင့် ရှေ့နေအဖွဲ့က တွေ့ဆုံခွင့်တောင်းဖို့ ခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့က နေပြည်တော်မှာ စစ်ကောင်စီဒုဥက္ကဋ္ဌနဲ့ (ICRC) လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပြီး အကျဉ်းကျနေသူတွေ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရရေး ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် အခုလို လူတွေ့ထောင်ဝင်စာ ပြန်ခွင့်ပြုတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ထံ RFA က အီးမေးလ်နဲ့ ပေးပို့မေးမြန်းထားပေမယ့် ညနေပိုင်းအထိ အကြောင်းမပြန်သေးပါဘူး။
ဒါ့အပြင် စစ်ကောင်စီရဲ့ အကျဉ်းစီးဌာနပြောခွင့်ရသူ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၁၉၆၁၀ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။