ပန်းရောင်ကတ်ကြောင့် ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ ပိုရောက်လာနိုင်

ရွှေ့ပြောင်းလုပ်သားတွေ တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ရမဲ့ ပန်းရောင်ကတ်ထုတ်ပေးမယ်လို့ ထိုင်းအစိုးရက ကြေညာလိုက်တာကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ပိုဝင်လာနိုင်တယ်လို့ ပြောပါတယ်။

၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုသို့ ထွက်ခွာသွားကြသည့် အလုပ်သမားများ။ AFP

မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတွေကနေ တရားမဝင် ရောက်နေတဲ့ အလုပ်သမားတွေကို မြို့နယ် တစ်မြို့နယ်အတွင်း သွားလာနေထိုင်ခွင့်ပေးတဲ့ ပန်းရောင်ကတ်လုပ်ပေးမယ်လို့ ဇွန်လ ၆ ရက်နေ့က ထိုင်းအစိုးရ အစည်းအဝေးမှာ အတည်ပြုခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။

ပန်းရောင်ကတ်လုပ်ပေးမယ့်အပေါ် ကြိုဆိုပေမဲ့ ကုန်ကျစားရိတ်များလွန်းရင် နေ့စားသမားတွေအတွက် လုပ်ဖို့ခဲယဉ်းတယ်လို့ ထိုင်းကိုရောက်နေတာ ခုနစ်နှစ်ရှိပြီဖြစ်တဲ့ စက်ရုံလုပ်သား ကိုဝင်းသူရ ကပြောပါတယ်။

“ချပေးတော့ကောင်းတာပေါ့နော်။ သွားရေးလာရေးကျတော့ မရှိရင်အရမ်းခက်ခဲ တယ်လေ။ လက်ထဲမှာရှိတော့ လည်းသွားရေးလာရေးအဆင်ပြေတာပေါ့။ ကျွန်တော်တို့က တနေ့လုပ်တစ်နေ့စားသမားတွေဆိုတော့ အသင့်အတင်လောက်ဆိုရင်လုပ်လို့ အဆင်ပြေတာပေါ့။ အရမ်းများရင်လည်း လုပ်လို့အဆင်မပြေဘူး။ လုံးကနဲခဲကနဲ ပေးရတာတွေရှိသလို တချို့ကျတော့လည်း သူဌေးတွေ ဘာတွေရှိတဲ့သူတွေကျတော့လည်း တချို့ကတော့လည်း နည်းနည်းပဲပေးရတာပေါ့။ ကျွန်တော်တို့က နေ့စား။ နေ့စားလရှင်းဆိုတော့ တနေ့ကို ၁၀၀၊ ၁၅၀၊ ၂၀၀ ဝန်းကျင်ရတာ။”

ပန်းရောင်ကတ် လုပ်မဲ့သူတွေဟာ ထိုင်းနိုင်ငံကိုရောက်ပြီး အလုပ်ရှင်ဆီမှာ အလုပ်လုပ် နေတဲ့သူတွေဖြစ်ရမယ်လို့ ထိုင်းအစိုးရ ကန့်သတ်ချက်တွေထဲမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံတွင်း အလုပ်ရှင်အမည်ခံတွေကို ပေါက်စျေး ဘတ်နှစ်ထောင်ကနေ လေးထောင်အထိ စျေးပေးပြီး ငှားရမ်းလို့ရတယ်လို့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

ပန်းရောင်ကတ်လုပ်ခ ကုန်ကျငွေဟာ စုစုပေါင်း ဘတ် ၆၅၀၀ ကနေ ၈၀၀၀ ကြား ရှိနိုင်တယ်လို့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေက ပြောပါတယ်။ ကတ်သက်တမ်းကတော့ တစ်နှစ်နဲ့ နှစ်နှစ်ဆိုပြီး နှစ်မျိုးရှိတယ်လို့ ဆိုပါတယ်။

ပန်းရောင်ကတ်ထုတ်ပေးမဲ့အစီအစဉ် ထွက်ပေါ်လာတာကြောင့် စစ်အာဏာသိမ်းထားတဲ့ မြန်မာပြည်တွင်းကနေ ထိုင်းနိုင်ငံ ထဲလူတွေထပ်တိုးရောက်လာနိုင်တယ်လို့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေက သုံးသပ်ပါတယ်။

“အခုမြန်မာနိုင်ငံမှာ စီးပွားရေးအခြေအနေက အရမ်းကျပ်တည်းနေတာပေါ့။ ကုန်စျေးနှုန်းတွေက အရမ်းမြင့်နေတယ်။ မြန်မာရဲ့ ကျပ်ငွေက အရမ်းထိုးကျနေ တဲ့အတွက် မြန်မာပြည်မှာ လုပ်စားကိုင်စားလို့ သိပ်အဆင်မပြေလို့ ထိုင်းနိုင်ငံကို တရားမဝင် ခိုးဝင်လာသူတွေ များတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာ အလုပ်ထက်လူက ပိုများတယ်။ ကောင်းတာပေါ့။ ထိုင်းနိုင်ငံမှာ အခုရောက်နေတာ ဒုက္ခရောက်နေတဲ့သူတွေ သူတို့အတွက်နေထိုင်ခွင့်လေးရသွားတော့ အဆင်ပြေတာပေါ့ဗျာ။ အလုပ်သမားကတ်လေးရမယ်။”

ထိုင်းနိုင်ငံကိုရောက်နေတာ နှစ်ပေါင်း သုံးဆယ်နီးပါးရှိပြီဖြစ်တဲ့ ကိုရှမ်းလေး ပြောပြသွားတာပါ။

တဖက်မှာ တရားဝင်လမ်းကြောင်းကနေ သွားရာမှာလည်း ပုံစံမျိုးစုံနဲ့ စစ်ကောင်စီက တင်းကျပ်တာတွေကြောင့် နှောင့်နှေးကြန့်ကြာမှုတွေရှိလို့ တရားမဝင်နည်းလမ်းနဲ့ ထိုင်းနိုင်ငံထဲရောက်မယ့် မြန်မာနိုင်ငံသားတွေ ပိုများလာနိုင်တယ်လို့ ပြောကြပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဝင်ပေါက်ဆယ်ပေါက်နီးပါးကနေ ထိုင်းနိုင်ငံထဲ မြန်မာနိုင်ငံသားတွေ ပိုရောက်လာနိုင်တယ်လို့ မြန်မာပြည်သားအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ပန်းရောင်ကတ်ကိုအမှီလူတွေနေရာဖြန့်ခွဲပြီးရောက်လာမယ်။ အများဆုံးဝင်တက်တဲ့ ထိုင်းနဲ့မွန်ပြည်နယ်ရော၊ ကရင်ပြည်နယ်ရော ထိစပ်တဲ့ ကန်ချနဘူရီခရိုင်ဝင်လို့တော်တော် ကောင်းတယ်။မြို့နယ်သုံးခုရှိတယ်။ အဲ့ဒီသုံးခုလုံးကဝင်မယ်။ ဒုတိယအဝင်အများဆုံးက မဲဆောက်ပတ်ဝန်းကျင် ဝင်လာမယ်။ငါးမြို့နယ်ဘက်က ဝင်တာများမယ်။ ရနောင်းနဲ့ ချွန်ဖွန် ဝင်မယ်။ တနင်္သာရီတိုင်းဖြစ်တဲ့ ဘိတ်၊ ထားဝယ်ဘက်ကလည်း ဝင်မယ်။ ဝင်ပေါက် ဆယ်ပေါက်နီးပါးလောက်ကနေ ပိုပြီးဝင်လာမှာပေါ့။”

လက်ရှိမှာထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသား ခုနစ်သန်းနီးပါးရှိတယ်လို့ အလုပ်သမား အရေးဆောင်ရွက်နေသူတွေက ဆိုပါတယ်။ မြန်မာပြည်တွင်း ပဋိပက္ခတွေနဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် ထိုင်းနိုင်ငံကို မြန်မာတွေ နည်းလမ်းပေါင်းစုံနဲ့ ဝင်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစပြီး ထိုင်းနိုင်ငံကိုရောက်လာတဲ့ မြန်မာနိုင်ငံသားတွေထဲက အထောက် အထားမရှိတဲ့သူ လေးထောင်ကျော် ဖမ်းဆီးခံထားရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org