နိုင်ငံရေးသိက္ခာနဲ့ ရင်းလိုက်တဲ့ ဦးဖြိုးမင်းသိန်းရဲ့ တရားခွင်ထွက်ဆိုချက်
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီရွှေ ခုနစ်ပိဿာကို သုံးကြိမ်ခွဲပြီးတော့ ပေးခဲ့တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က နေပြည်တော်က တရားခွင်တစ်ခုမှာ ထွက်ဆိုခဲ့ပါတယ်။ ဒီထွက်ဆိုချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှေ့နေတွေက မနက်ဖြန် အောက်တိုဘာလ ၈ ရက်နေ့ တရားခွင်ထဲမှာ ပြန်လှန်မေးခွန်းတွေနဲ့ စစ်မေးကြမှာဖြစ်ပါတယ်။
ရန်ကုန်တိုင်းက သူ့လုပ်ဆောင်ချက်တွေကို ထောက်ခံပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ထိုးခဲ့ရတယ် လို့ ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်ကို ကာယကံရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က “အဓိပ္ပာယ်မဲ့ကြောင်း” ရှေ့နေတွေကနေတဆင့် ပြန်လည်တုံ့ပြန်ထားပါတယ်။
ဦးဖြိုးမင်းသိန်းရဲ့ တရားခွင်ထွက်ဆိုချက်ဟာ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှာ ဂယက်ရိုက်ခဲ့ပြီး ဦးဖြိုးမင်းသိန်းရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကတော့ သူဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး နိုင်ငံရေးသိက္ခာ မဲ့တဲ့ လုပ်ရပ်တစ်ခုကို ကျူးလွန်ခဲ့တာလို့ ဝေဖန်ကြပါတယ်။
ဦးဖြိုးမင်းသိန်းအနေနဲ့ သူ့ရဲ့ထွက်ချက်အတွက် လိပ်ပြာလုံနိုင်မှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးထွန်းကြည် က ပြောပါတယ်။
“တရားရုံးမှာတော့ သူက ဟုတ်ရင် ဟုတ်တယ်။ မဟုတ်ရင် မဟုတ်ဘူး။ အမှန်တရားပေါ်ကနေ ရပ်တည် ပြီးတော့ တရားမျှတမှုကိုတော့ ပြောဖို့တော့ သင့်တယ်ပေါ့။ ဟိုမှာ ဘယ်လောက်ကြီးပဲ ဖိနှိပ်ခံရ၊ ခံရပေါ့။ အခုဟာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကိုလည်း မော်လို့တောင် မကြည့်ဝံ့ဘူး။ သူလိပ်ပြာသန့်လား၊ မသန့်လား၊ လိပ်ပြာလုံလား၊ မလုံလား ဆိုတာကတော့ ပြောလို့ရတယ်။ လိပ်ပြာလုံမယ် မထင်ဘူး”
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဦးဖြိုးမင်းသိန်း အပါအဝင် ဒေါ်အောင်ဆန်း စုကြည်ကို သစ္စာခံတဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေအားလုံးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
ဝန်ကြီးချုပ်တချို့ ထွက်ပြေးလွတ်မြောက်သွားပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကစ ရခိုင်ဝန်ကြီးချုပ် ဦးညီပု အဆုံး အဂတိလိုက်စားမှု အပါအဝင် ပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုခံနေကြရပါတယ်။ တချို့ နိုင်ငံရေးသမားတွေလည်း ဥပဒေမဲ့သတ်ဖြတ် ခံနေကြရပါတယ်။
အခုလိုအခြေအနေမှာ ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်အပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့လည်း ဦးထွန်းကြည်က ဆိုပါတယ်။
လက်ရှိအချိန်အထိ ဦးဖြိုးမင်းသိန်းဟာ ထိန်းသိမ်းခံထားတာကလွဲရင် ဘာပုဒ်မမှတပ်ပြီး အရေးယူ မခံရသေးတာဟာ စစ်ကောင်စီက စီစဉ်ပေးတဲ့ ဇာတ်လမ်းအတိုင်း ဖော်ကောင်လုပ်ပေးလိုက်တာကြောင့် ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
ဦးဖြိုးမင်းသိန်းရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းလည်းဖြစ်၊ NLD ပါတီဝင်တစ်ဦးလည်းဖြစ်သူ ဦးဘိုဘိုဦးကတော့ ဦးဖြိုးမင်းသိန်းဟာ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ခဲ့တယ်လို့ မြင်ပါတယ်။
“သူ့နေရာမှာတော့ တော်တော်လေးကို စိတ်ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ ခံစားရမှာတော့ သေချာတာပေါ့နော်။ ခုနက ကျနော်ပြောသလိုပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ပေးတာမျိုး မဟုတ်ဘူးပေါ့ဗျာ။ ဒီနေရာ မှာ အဓိပ္ပါယ်က ဒီမိုကရေစီကို သူဘယ်လောက်အထိ ကာကွယ်လဲဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ပဲ တင်စား ပြီး ပြောချင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီမိုကရေစီအတွက်ကို အဆုံးစွန်အထိ ကာကွယ်မသွားဘူး လို့ပဲ ကျနော်သုံးသပ်ပါရစေ”
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ချက်ချင်းအဖမ်းခံခဲ့ရပြီး အခုလက်ရှိမှာ အမှု ၁၁ ခုနဲ့ တရားရင်ဆိုင်နေရတာပါ။
သူအာဏာရတဲ့အချိန်က အဂတိမှုတွေနဲ့ ပတ်သက်လို့ စစ်ဘက်အသိုင်းအဝိုင်းအပေါ် အရေးယူတာမလုပ်ခဲ့ သလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ကိစ္စတွေကိုလည်း လက်ရှောင်ခဲ့ ပါတယ်။
ဒါပေမဲ့ NLD ပါတီထဲက သူ့လူတွေကိုတော့ ပြတ်ပြတ်သားသားအရေးယူခဲ့ပြီး စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် တို့ဟာ အကောင်းဆုံး ဥပမာတွေ ဖြစ်ပါတယ်။
"သူ့နေရာမှာတော့ တော်တော်လေးကို စိတ်ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ ခံစားရမှာ"
ဒါကြောင့် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီရွှေ ခုနစ်ပိဿာ ပေးခဲ့တယ်ဆိုတဲ့ ရုပ်သံဖိုင်တစ်ခုကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထုတ်ဖော်ပြသခဲ့ပေမဲ့ အများပြည်သူက မယုံကြည်ခဲ့ကြပါဘူး။
ဦးဖြိုးမင်းသိန်းရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်ဟောင်း ဦးရဲနိုင်အောင် ကတော့ ဦးဖြိုးမင်းသိန်းက ဘယ်လိုပဲ ထွက်ဆိုထွက်ဆို ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကြောင်းပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က သူ့ပုဂ္ဂိုလ်ရေးအတွက် ငွေကြေးယူမယ်ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင် ပါဘူး။ ကျနော်ကတော့ အဲဒါကတော့ အယုံအကြည် မရှိဘူးပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်သည် ငွေရေးကြေးရေးကို ပုဂ္ဂိုလ်ရေးအတွက် ဒီလိုယူမယ့်သူမျိုး မဟုတ်ဘူးဗျ။ ဒါကတော့ ကျိန်းသေတယ်”

ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်တွေအရ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလို့ပေးရတယ်ဆိုတာမျိုး မပေါ်ပေါက်သေးသလို ဥပဒေတွေအရဆိုရင် ပေးသူမှာလည်း တာဝန်ရှိလို့ သူ့ကိုပါ အရေးယူရမှာဖြစ်တယ် လို့ ရှေ့နေအသိုင်းအဝိုင်းက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ဦးဖြိုးမင်းသိန်း ကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်မပေးလိုဘဲ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
ဦးဖြိုးမင်းသိန်းဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ချိန်က Eleven သတင်းဌာနနဲ့ နာရီကိစ္စ ပြဿနာတက်တာ၊ တပ်ချုပ်ကို ညွှန်ချုပ်သာသာပဲရှိတယ်လို့ ပြောလို့ တောင်းပန်ရတာ၊ ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စမှာ ပွင့်လင်းမြင်သာမှုမရှိလို့ ဝေဖန်ခံရတာတွေအပြင် မဘသအဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းရေး ဆောင်ရွက်ချက်နဲ့ YBS စနစ်ကို အောင်မြင်အောင် ကြိုးပမ်းခဲ့တာတွေကြောင့် လူသိများလာခဲ့တာပါ။
သူဟာ ရှစ်လေးလုံး လူထုလှုပ်ရှားမှုကာလမှာ အာဏာရှင်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်လို့ အယူ အဆရှိတဲ့ အောက်မြန်မာပြည် ဗကသမှာ ဝင်ရောက်လှုပ်ရှားခဲ့ပြီးနောက် အဖမ်းခံရပြီး တောင်ငူထောင်မှာ နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ နေထိုင်ခဲ့ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ သူပြန်လွတ်လာပြီး ပြည်သူ့ဒီမိုကရေစီပါတီကို တည်ထောင်ခဲ့ပါတယ်။ အဲဒီနောက် ပြည်ထောင်စု ဒီမိုကရေစီမဟာမိတ်ပါတီနဲ့ ပူးပေါင်းပြီး ပြည်ထောင်စု ဒီမိုကရေစီပါတီမှာ ဥက္ကဋ္ဌ လုပ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ NLD ပါတီကို ဝင်ရောက် ခဲ့ပြီး NLD ပညာရေးကွန်ရက်ကနေတဆင့် NLD လူကြီးတွေနဲ့ နီးစပ်ခဲ့ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲမှာ NLD ပါတီရဲ့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြောက်ခံရပါတယ်။
အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုမိုနီးစပ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်ပေးချက်အရ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။