အာဏာရှင်ဆန့်ကျင်ရေး ဆုံးခန်းတိုင်သွားဖို့ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ နေရာအနှံ့ပြုလုပ်
အာဏာရှင်ဆန့်ကျင်ရေးကို ဆုံးခန်းတိုင်အောင်သွားဖို့အတွက် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲကို ဇူလိုင်လ ၃၁ ရက် ဒီနေ့ ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးက နေရာအနှံ့အပြားမှာ ပုံစံမျိုးစုံနဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။
- 2022-07-31
-
-
-
အာဏာရှင်ဆန့်ကျင်ရေးကို ဆုံးခန်းတိုင်အောင်သွားဖို့အတွက် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲကို ဇူလိုင်လ ၃၁ ရက် ဒီနေ့ ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးက နေရာအနှံ့အပြားမှာ ပုံစံမျိုးစုံနဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။
တစ်ဘက်မှာလည်း ဒီလှုပ်ရှားမှုမှာပါဝင်လို့ ဒါမှမဟုတ် ဒီလှုပ်ရှားမှုလုပ်ဖို့ လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ ဆော်ဩလို့ဆိုပြီး ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့လည်း မြေပြင် သပိတ်အဖွဲ့တွေက ပြောပါတယ်။
အာဏာရှင်ဆန့်ကျင်ရေးအတွက် ပြီးဆုံးတဲ့အထိ ပါဝင်သွားကြဖို့ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ကို ဇူလိုင် ၃၁ ရက်၊ ဒီနေ့ ၁၀ နာရီ ၃၇ မိနစ်မှာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီ အပါအဝင် တစ်နိုင်ငံလုံး နေရာအနှံ့အပြားမှာ သစ္စာအဓိဋ္ဌာန် ရွတ်ဆိုတာ၊ သံပုံးတီးတာ၊ ကားဟွန်းတီးတာအပါအဝင် ပုံစံမျိုးစုံနဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။
လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲလုပ်မယ်လို့ ကြိုတင်ကြေညာထားတဲ့အတွက် စစ်ကောင်စီဘက် ကလည်း မြို့ကြီးတွေမှာ သာမန်ထက် လုံခြုံရေးပိုတင်းကျပ်ခဲ့သလို ကင်းပုန်းတွေအပြင် အရပ်ဝတ်နဲ့ လုံခြုံရေးတွေပါချပြီး ဖမ်းဆီးစစ်ဆေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းတာ တစ်နှစ်ခွဲကျော်လာချိန်မှာ လူထုအနေနဲ့ ကြုံတွေ့နေရတဲ့ စိတ် ခံစားချက်တွေကို အဆုံးထိ တော်လှန်ပါဝင်ဖို့အတွက် သစ္စာအဓိဋ္ဌာန်ပြုတဲ့သဘောမျိုး လုပ်ဆောင်ကြတာလို့ တက္ကသိုလ် ကျောင်းသားများ အင်အားစုအဖွဲ့ဝင် ကိုနန်းလင်းက RFA ကိုပြောပါတယ်။
"အဓိကကတော့ ဒီတော်လှန်ရေးကာလမှာ ကျနော်တို့ ကြုံတွေ့ခံစားနေရတဲ့ ခံပြင်းစိတ်၊ ဒေါသစိတ်၊ နာကျည်းစိတ်တွေကို တော်လှန်စိတ်အဖြစ်ပြောင်းပြီးမှ တော်လှန်ရေး ပန်းတိုင် ဆုံးခန်းတိုင်တဲ့အထိ အားလုံးချီတက်၊ လက်တွဲပြီး တိုက်ပွဲဝင်သွားမယ် ဆိုတာကို ဒီနေ့မှာ လူထုအားနဲ့ လှုပ်ရှားပြီးတော့မှ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲဆိုပြီး ဆောင်ရွက်ကြတာ ဖြစ်ပါတယ်ဗျ"
ဒီလှုပ်ရှားမှုကနေ မြန်မာနိုင်ငံ နေရာအနှံ့အပြားကလူထုရဲ့ အာဏာနဲ့ အန်တုမှုကိုပြနိုင်မှာ ဖြစ်သလို အချိန်ကလည်း အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့အချိန်ကို ရည်ညွှန်း ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရောက်ရာနေရာကနေ ဒီလှုပ်ရှားမှုကို ပူးပေါင်းပါဝင်ဖို့ တော်လှန်ရေးအင်အားစုတွေက ဆော်ဩထားတာကြောင့်လည်း လူစည်ကားရာနေရာ တွေမှာ အရင်ထက်ပိုပြီး လုံခြုံရေးတင်းကျပ်ထားတာပါ။
ပုဇွန်တောင်မြို့နယ်မှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးကတော့ လမ်းတွေပေါ်မှာ လုံခြုံရေး တင်းကျပ်ထားတာကြောင့် နေအိမ်ကနေ သံပုံးတီးတာ၊ သစ္စာအဓိဋ္ဌာန် ရွတ်ဆိုတာတွေ လုပ်ခဲ့တယ်လို့ RFA ကိုပြောပါတယ်။
"သူတို့ကနေပြီးတော့ သစ္စာအဓိဋ္ဌာန်တွေ ရွတ်ကြမယ်။ ကားတွေက ကားဟွန်းတီးမယ်။ လူတွေက သံပုံးတီးမယ်လို့ တွေ့ရတယ်လေ။ ဖေ့ဘွတ်စ်မှာ။ ကိုယ်တိုင်ကတော့ ပန်းကန်ဆေးနေတဲ့ အချိန်ဖြစ်လို့ ဇလုံကို ဒုံးဒုံးဒုံးနဲ့ တီးလိုက်တယ် ၁၀ နာရီ ၃၇ မိနစ်မှာ။ အန်တီတို့ ရပ်ကွက်ထဲမှာတော့ အိမ်တိုင်းတော့ မတီးကြဘူး။ သံပုံးတီးတယ်။ တချို့က လင်းကွင်းလား ဂျမ်းဂျမ်းဂျမ်းနဲ့ အဲဒီလိုဟာ တီးတယ်။ ကားဟွန်းတွေ တီးကြတယ်။ အကြာကြီးတော့ မတီးကြဘူး။ ဝရန်တာတွေတော့ ထွက်ပြီးတော့ လူတွေအများကြီးနေကြတယ်"
လက်နက်ကိုင် တိုက်ပွဲတွေရှိနေတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် စတဲ့ မြို့နယ်တွေမှာလည်း “တရားတဲ့သူသာ နိုင်ကြေးဟေ့”ဆိုတဲ့ စာတမ်းကိုင်ဆွဲပြီး သပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြတာနဲ့ သစ္စာအဓိဋ္ဌာန် ပြုတာတွေ လုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် ပြည်တွင်း၊ ပြည်ပ နေရာစုံကနေ ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသလို ပြည်သူ အများအပြားကလည်း လူမှုကွန်ရက် စာမျက်နှာတွေပေါ်ကနေ ပူးပေါင်းပါဝင်ခဲ့ကြပြီး တော်လှန်ရေးမှာ မြင့်မြတ်စွာ ရင်းနှီးပေးဆပ်ခဲ့ကြသူ အပေါင်းတို့ရဲ့ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုပါသည်၊ တော်လှန်ရေး ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်ချီတက် ပါမည် စတာတွေကို သစ္စာအဓိဋ္ဌာန်ပြုခဲ့တယ်လို့ လှုပ်ရှားမှုမှာ ပါဝင်သူတွေက ပြောပါတယ်။
"တစ်ရက်ကြိုတင်ပြီးတော့မှ ဆော်ဩထားတာရှိတဲ့အတွက် ပို့စ်တင်တော့ ဖမ်းခံရတဲ့ပြည်သူတွေတော့ ရှိတာပေါ့နော်"
ဒီလှုပ်ရှားမှုလုပ်ဖို့ မနေ့ညပိုင်းကကတည်းက လူမှုကွန်ရက် ဖေ့ဘွတ်စ်စာမျက်နှာပေါ်မှာ တင်ခဲ့တဲ့ မန္တလေး ဒေသခံ ၃၀ လောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ် လို့ မန္တလေးက သံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်ပါတယ်။
"တစ်ရက်ကြိုတင်ပြီးတော့မှ ဆော်ဩထားတာရှိတဲ့အတွက် ပို့စ်တင်တော့ ဖမ်းခံရတဲ့ ပြည်သူတွေတော့ ရှိတာပေါ့နော်။ မန္တလေးမြို့မှာဆိုရင် ဟန်ငြိမ်းဦးတို့လို ဖော်ကောင် တွေ စစ်တပ်လော်ဘီတွေကြောင့် ဖမ်းခံရတဲ့ သာဓကတွေလည်း ရှိတယ်ပေါ့နော်။ သူတို့က ညပိုင်းကတည်းက ကင်းပုန်းတွေချတယ်။ ဓာတ်တိုင်တွေမှာ စာတမ်းတွေ ကပ်ပြီး မပါဝင်ကြဖို့ နှိုးဆော်တယ်"
ဒါပေမဲ့လည်း လက်ရှိမှာ ပြည်သူတွေက ပါးပါးနပ်နပ်နဲ့ ပါဝင်နိုင်ခဲ့ကြတဲ့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအရ သစ္စာအဓိဋ္ဌာန်ပြုပွဲဟာ အောင်မြင်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ လှုပ်ရှားမှုမှာပါဝင်လို့ ဒါမှမဟုတ် ဒီလှုပ်ရှားမှုလုပ်လို့ ဆော်ဩလို့ အဖမ်းခံရတဲ့ အရေအတွက်အတိအကျကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။
စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ဒီလှုပ်ရှားမှုမှာ ပါဝင်ပတ်သက်သူတွေရဲ့ အချက်အလက်တွေကို ဖော်ပြပြီး ဖမ်းဆီးအရေးယူဖို့ လှုံ့ဆော်မှုတွေ ရှိနေပါတယ်။