စစ်ပွဲတွေနဲ့ပတ်သက်လို့ ပြင်ဆင်ထားသင့်တဲ့ ပြည်သူတွေရဲ့ အကြံပြုချက်များ
2023.11.24

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်နဲ့ စစ်ကိုင်းဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေပါပြီ။
ဒါကြောင့် စစ်ဖြစ်တဲ့ဒေသက ပြည်သူတွေရော၊ စစ်ရိပ်စစ်ရောင်သန်းနေတဲ့ဒေသက ပြည်သူတွေရော ဘယ်လိုပြင်ဆင်နေထိုင်ကြမလဲဆိုတာ အရေးတကြီးစဉ်းစားစရာ ဖြစ်နေတယ်လို့ ပြောကြပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကတည်းက အခုကာလအထိ စစ်ဘေးရှောင်နေရတဲ့ ကရင်နီပြည်နယ်က CDM ဝန်ထမ်းတစ်ယောက်က သူတို့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။
“စစ်မဖြစ်သေးတဲ့ဒေသတွေမှာလည်း မဖြစ်ရင်တော့ အကောင်းဆုံးပေါ့နော်။ အကယ်၍ စစ်ဖြစ်လာပြီ ဆိုရင် လည်း ကိုယ်က ဘယ်ကိုသွားမလဲ၊ နီးစပ်ရာ တွေနဲ့လည်း ကြိုတင်ချိတ်ဆက်ထားဖို့လိုတယ်။ ငွေရှိမယ်ဆိုရင်တော့ ကိုယ်ရောက်တဲ့နေရာမှာ အနည်းဆုံးတော့ အခက်အခဲတော်တော်များများကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်တယ်။ ကျွန်မတို့ကျတော့ အခြေခံလူတန်းစားလည်း ဖြစ်တော့ စစ်ရှောင်တဲ့ အခါ အရမ်းခက်ခဲတယ်။ ငွေကြေးကတော့ အဓိကလိုအပ် တယ်လို့ ကျွန်မကတော့ထင်တယ်”
စစ်ရှောင်တဲ့နေရာမှာ ဗုံးခိုကျင်းတူးထားပြီး လေယာဉ်တွေပျံဝဲလာတဲ့အချိန်ဆိုရင် ကလေးတွေနဲ့ အတူ ဗုံးခိုကျင်းမှာသွားနေရတယ်လို့ ပြောပါတယ်။
"စစ်ရှောင်ရမယ်ဆိုရင် စားနပ်ရိက္ခာ အနည်းဆုံး တစ်ပတ်၊ ဆယ်ရက်စာ လောက်ဆောင်ထားဖို့ရယ်၊ ဆေးဝါးပေါ့ ကိုယ်အမြဲတမ်း သောက်နေရတဲ့ဆေးဝါးတွေကအစ စုဆောင်းထားသင့်တယ်”
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့က အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက် ကတော့ - ကိုယ့်အိမ် ထဲမှာနေတာ အကောင်းဆုံးဖြစ်ပြီး အစားအသောက်ဆေးဝါးနဲ့ အရေးကြီးတဲ့အရာတွေကိုဆောင်ထား ဖို့ အကြံပြုပါတယ်။
“ပြောရမယ်ဆိုရင်တော့ သူတို့ဘာသာသူတို့ဖြစ်ကြတာက တစ်ကြောင်းပေါ့နော်။ ကျွန်တော်တို့ ပြည်သူလူထု အတွက်တော့ ထိခိုက်မှာကို စိုးရိမ်ကြတာပေါ့။ ဘေးကင်းလုံခြုံရေးအတွက်ကတော့ ကိုယ့်အိမ်ထဲမှာ ကိုယ်နေတာကတော့ အကောင်းဆုံးပေါ့။ ကျွန်တော်တို့လားရှိုးက ပစ်လို့ရှိရင် ဘယ်ကိုမှ ပြေးစရာနေရာမှ မရှိတာ။ လောက်ကိုင်၊ ချင်းရွှေဟော်၊ သိန္နီတို့က လူတွေတောင် ကျွန်တော်တို့ဆီ လာရှောင်နေကြရတာကိုး။ အဓိကကတော့ အစားအစာ(မုန့်ခြောက်) နဲ့ရေလည်း လိုအပ်တာပေါ့။ အရေးကြီးတဲ့အရာတွေကို ကိုယ်နဲ့မကွာ ဆောင်ထားဖို့လည်း အရေးကြီးပါတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ပွဲအတွင်း အရေးပေါ်စစ်ဘေးရှောင် ပြည်သူတွေအတွက် ဆောင်ရန်၊ ရှောင်ရန်နဲ့ သတိပြုရန်ဆိုပြီး “ ပြည်သူ့အတွက် တောင်ပံများ”ဆိုတဲ့ခေါင်းစဉ်နဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာ ဖြန့်ချိတာ တွေ့ရပါတယ်။
ဒါကြောင့် ဒီညွှန်ကြားချက်တွေကိုလိုက်နာဖို့သင့်တယ်လို့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့က အမည်မဖော် လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
“ကိုယ်စုဆောင်းတဲ့ရိက္ခာ ရန်သူ့အတွက်ဖြစ်သွားနိုင်ပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ ကနေပြီး တော့ ထုတ်ပြန်ထားတဲ့ အရေးပေါ်ဆောင်ရွက်ရမယ့် အချက်တွေကိုသာ ဦးစားပေးဆောင်ရွက်ဖို့ သင့်တယ်လို့ ထင်တယ်။ ကျန်တဲ့ အပိုင်းအခြားတွေကို လိုက်ပြီးစုဆောင်းနေမယ်ဆိုရင် မလိုလား အပ်တဲ့ ငွေကုန်ကြေးကျတွေလည်းများတယ်၊ ပစ္စည်းတွေကလည်း သေချာမှုမရှိပါဘူး။ ရှေ့မှာဖြစ် သွားတဲ့ တိုင်းနဲ့ပြည်နယ်အနှံ့က စစ်ပွဲတွေကိုကြည့်မယ်ဆိုရင် ရွာတွေမီးရှို့ခံရတဲ့အခါမှာ ကိုယ် စုဆောင်းထားလည်း ပါသွားမှာပါပဲ”
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က ကိုမိုးတိမ် ဆိုတဲ့ဒေသခံတစ်ယောက်ကတော့ သူတို့အတွေ့အကြုံအရ လိုအပ်တာစုထားဖို့ ပြောပါတယ်။
“ပြည်သူတွေကတော့ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာတော့မယ်ဆိုရင် စစ်ကောင်စီဘက်က ယုတ်မာမှု မျိုးစုံနဲ့ ကြုံတွေ့နိုင်တယ်ဆိုတာကို စိုးရိမ်ကြတယ်။ ဂျက်ဖိုက်တာတွေ အချိန်အခါမဟုတ် လာကြဲမှာတို့ ပြည်သူလူထု စုစုဝေးဝေး ရှိတဲ့နေရာတွေ၊ အဆောက်အအုံတွေကိုလည်း လေယာဉ်နဲ့ဗုံးလာကြဲကြမှာ ကိုလည်း စိုးရိမ်ကြတယ်။ စစ်ရှောင်ရမယ်ဆိုရင် စားနပ်ရိက္ခာ အနည်းဆုံး တစ်ပတ်၊ ဆယ်ရက်စာ လောက်ဆောင်ထားဖို့ရယ်၊ ဆေးဝါးပေါ့ ကိုယ်အမြဲတမ်း သောက်နေရတဲ့ဆေးဝါးတွေကအစ စုဆောင်းထားသင့်တယ်”
ဆောင်းတွင်းရောက်လာတဲ့အတွက် ရာသီဥတုအေးတဲ့ဒေသတွေဆိုရင် စောင်ထူထူနဲ့ အနွေးထည်တွေ လိုအပ်တဲ့အပြင် စစ်ရေးပြင်းထန်လာပြီဆိုရင် နီးစပ်ရာအဖွဲ့အစည်း တွေရဲ့ ညွှန်ကြားချက်ကိုတော့ နားထောင်ပြီး လိုက်နာသင့်တယ်လို့ ဆိုပါတယ်။
စစ်ရေးအခြေအနေပြင်းထန်လာရင်၊ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးကပြည်သူ တွေအနေနဲ့လည်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေရာတွေကို အတတ်နိုင်ဆုံးရှောင်ကြဖို့ လိုတယ်လို့ ရန်ကုန်မြို့က အမည် မဖော်လိုတဲ့ ပြည်သူတစ်ယောက်က RFA ကိုပြောပါတယ်။ ပြည်သူတွေအနေနဲ့ ဆောင်ရန် ရှောင်ရန် အချက်တွေကိုလည်း သူက အခုလိုအကြံပြုပါတယ်။
“တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မစ်ရှစ်တွေလုပ်တဲ့အခါမှာ ပြည်သူတွေက ဓာတ်ပုံတွေ အတင်း ရိုက်ပြီး လိုင်းပေါ်မတင်ဖို့နဲ့ ဖြစ်လာပြီဆိုရင် စိတ်အေးအေးထားပြီး ကိုယ့်အိမ်ထဲကနေ ပံ့ပိုးပေးဖို့လိုတယ်။ ဒီလိုမှ မဟုတ်ရင် ကိုယ်က အပြင်ထွက်ပြီး တစ်ခုခုလုပ်လိုက်ရင် စစ်ကောင်စီနဲ့တော်လှန်ရေး တပ်ဖွဲ့တွေကြား ကြားညှပ်နိုင်တယ်။ စစ်ကောင်စီဘက်ကတော့ ညှာမှာမဟုတ်ဘူး။ တော်လှန်ရေး တပ်ဖွဲ့တွေဘက်ကတော့ ပြည်သူတွေထိခိုက်မှာစိုးလို့ ညှာလိုက်တဲ့အချိန်မှာ တော်လှန်ရေးအင်အား စုတွေကို ကူညီရာမရောက်ဘဲ ဒုက္ခပေးသလိုဖြစ်နိုင်တယ်"
အခုစစ်ဆင်ရေးဟာ စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိဆောင်ရွက်မယ်လို့ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ရော၊ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ကြေညာထားသလို၊ စစ်ကောင်စီဘက်ကလည်း လိုအပ်တဲ့တုံ့ပြန်မှုတွေလုပ်မယ်လို့ ကာလုံလို့ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောထားတဲ့အတွက် စစ်ပွဲတွေပိုကျယ်ပြန့် လာမယ်လို့ ပြည်တွင်း ပြည်ပအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။