စစ်ကောင်စီရဲ့ငြိမ်းချမ်းရေး တော်လှန်ရေးအဖွဲ့အများစု လက်မခံ
2022.02.11

နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပမယ့် စစ်ကောင်စီရဲ့ ပြည်ထောင်စုနေ့ အခမ်းအနားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA အပစ်ခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့ ဖြစ်စေ၊ မထိုးရသေးတဲ့ အဖွဲ့ဖြစ်စေ တက်ရောက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် KNU ကရင်အမျိုးသားအစည်းအရုံး၊ KIA ကချင်လွတ်မြောက်ရေးတပ်မတော်၊ AA ရက္ခိုင့်တပ်တော် ၊ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ CNF ချင်းအမျိုးသားတပ်ဦး စသဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အများစုက တက်ရောက်မှာ မဟုတ်ဖူးလို့ သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စစ်ကောင်စီရဲ့ သွေးခွဲသပ်လျှိုရေးအကြံအစည်ဟာ အောင်မြင်မှု မရနိုင်ပါဘူးလို့ ဝေဖန်လိုက်ပါတယ်။
“အစဉ်အလာရှိတဲ့ အဖွဲ့တွေ အားလုံးကတော့ စစ်ကောင်စီ ပါးစပ်ဟလိုက်တာနဲ့ သွားဘယ်နှစ်ချောင်းပါတယ်ဆိုတာ သိပြီးသားလို့ ပြောရမယ့် အဖွဲ့တွေချည်းပဲ။ ဒါဘယ်လိုမှ ယုံကြည်မှုနဲ့ မထိုက်တန်တဲ့ အဖွဲ့မျိုးပဲ။ EAO တွေ အနေနဲ့လဲ အသိအမှတ်ပြုတာ ပူးပေါင်းဆောင်ရွက်တာတော့ ရှိမှာ မဟုတ်ပါဘူး။”
ပအိုဝိးအမျိုးသားဖယ်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကလည်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိဘူးလို့ ပြောပါတယ်။
“တကယ်ကတော့ ဒါ ငြိမ်းချမ်းရေးကို အထောက်အကူပြုမဲ့ ဆွေးနွေးပွဲလို့ ကျနော် မမြင်ပါဘူး။ ဒီအချိန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးတာတို့ နိုင်ငံရေး ဆွေးနွေးတာတို့ဆိုတာ ဒီလို စစ်ကောင်စီလက်ထက်မှာ လုပ်လို့မရပါဘူး။ ကျနော်တို့အခု နိုင်ငံရေး ဆွေးနွေးခဲ့တယ် ဆိုတာက လူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရရှိမှ ဆွေးနွေးလို့ရမှာ ဖြစ်သလို၊ လူထုက ရွေးကောက် တင်မြှောက်တဲ့ လွှတ်တော်ရှိမှ၊ ပြည်သူလူထုက ပါဝင်မှလည်း အဲဒီဆွေးနွေးမှုတွေက တရားဝင်မှာဖြစ်ပါတယ်။ လူထုက ရွေးကောက် တင်မြှောက်တဲ့ အစိုးရ၊ လွှတ်တော်၊ နောက်ပြည်သူလူထုရဲ့ ပါဝင်ထောက်ခံမှုလည်း မရှိဘူးဆိုရင် ဒါ တရားဝင်မှုလည်း ရှိမှာ မဟုတ်ပါဘူး။ ဒါ နိုင်ငံရေးထွက်ပေါက် ရဖို့အတွက် ဆောင်ရွက်တာလို့ပဲ ကျနော် မြင်ပါတယ်”
စစ်ကိုင်းတိုင်းရှိ မြန်မာ့တော်ဝင်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါးကလည်း စစ်ကောင်စီဖိတ်ကြားတဲ့ အဲဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လူထုအပေါ် သစ္စာရှိတဲ့ အဖွဲ့အစည်းတွေ တက်ရောက်မှာ မဟုတ်ပါဘူးလို့ ဝေဖန်ပါတယ်။
“နိုင်ငံရေးအရောင်းအဝယ်လုပ်တာ ဈေးကိုင်ရောင်းလို့ မရလို့ လျှော့ဈေးနဲ့ ရောင်းတာ။ ငွေနဲ့ ဝယ်လို့ရတဲ့ နိုင်ငံရေးသမားတွေ သွားတက်လိမ့်မယ် ဒါပါပဲ။ လက်ရှိတိုင်းပြည်မှာ လူသတ်မုဒိမ်းကျင့် အလုပ်လုပ်နေတဲ့ စစ်ကောင်စီက ငြိမ်းချမ်းရေးစကားပြောတာကို သွားပြီး ယုံကြည်မယ်ဆိုရင် အဲဒီလူက အ လို့တော့ မဟုတ်ဘူး။ လူယုတ်မာ အချင်းချင်း မျက်လုံးမှိတ်ပြီး ပြုံးပြကြဖို့ နေမှာပဲ”
ဒီအတောအတွင်း နိုင်ငံအနှံ့အပြားက ဒေသတချို့မှာ ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ သတင်းတွေ နေ့စဉ်လိုလို ထွက်ပေါ်နေပါတယ်။
ဝန်ကြီး ဦးရည်မွန်က ဒါဟာ တော်လှန်ရေးနဲ့ လူထုကို ခွဲထုတ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်ပဲလို့ ပြောပါတယ်။
“ဒါကတော့ သူတို့ရဲ့ အကြမ်းဖက်စစ်ဗျူဟာပဲ။ အဓိက သူတို့ရဲ့ရည်ရွယ်ချက်က ပြည်သူနဲ့ PDFနဲ့ကို အဆက်ဖြတ်ဖို့။ ရေနဲ့ငါးပေါ့။ပြည်သူနဲ့ ပြောက်ကျား အဆက်ဖြတ်တဲ့ ရည်ရွယ်ချက် ရှိမယ်။ ဒုတိယအချက်ကတော့ ပြည်သူကို အကြမ်းဖက်ပြီးတော့ စစ်ကောင်စီကို ကျိုးနွံလာအောင် ဒါ အကြောက်တရားသွင်းဖို့ ရည်ရွယ်ချက်၊ ဒါပဲ သူတို့ ရှိတယ်။ ပြောမယ်ဆိုရင် ဒါလဲ သူတို့ရဲ့နောက်ဆုံး နည်းဗျူဟာပါပဲ”
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ပြောက်ကျားတပ်ဖွဲ့ပြောခွင့်ရသူ ကိုဗလကြီး ကလည်း အခုလို မီးရှို့အကြမ်းဖက်တဲ့အတွက် လူထုက ကြောက်ရွံ့မသွားတဲ့အပြင် ခံယူချက်တွေ ပိုမိုပြင်းပြလာခဲ့တယ်လို့ ပြောပါတယ်။
“အဲဒီအတွက်က သူတို့က စိတ်ဓာတ်စစ်ဆင်ရေးတောင် ဖြစ်သွားသေးတယ်။ စိတ်ဓာတ်မကျတဲ့အပြင်။ ပြောချင်တာကတော့ မကြောက်တဲ့ စိတ်တွေ မခံမရပ်နိုင်တဲ့ စိတ်တွေ ပို ပိုလာတယ်။ အဲဒီ့အတွက်ကတော့ နောက်ဆုတ်ဖို့ လုံးဝ မရှိဘူး။ အားလုံးက ဒီဒုက္ခကို ခါးစည်းခံလိုက်တယ်”
ကယားပြည်နယ်မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသခံ PDF တွေအကြား စစ်ကောင်စီက သဘောထားတွေ ကွဲအောင် ကြိုးစားနေတယ်။ ဝ ဒေသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးပြီး စည်းရုံးနိုင်တယ်လို့ သတင်းထွက်ပါတယ်။ ဒါပေမယ့် KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ခေါင်းဆောင်ပိုင်းကတော့ စစ်ကောင်စီရဲ့သွေးခွဲရေး ကြိုးစားချက်တွေကိုလက်ခံခြင်း မရှိဘူးလို့ သိရပါတယ်။
“နိုင်ငံရေးအရောင်းအဝယ်လုပ်တာ ဈေးကိုင်ရောင်းလို့ မရလို့ လျှော့ဈေးနဲ့ ရောင်းတာ"
ဒီအတောအတွင်းမှာပဲ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က NUG၊ CRPH၊ PDF စတဲ့အဖွဲ့တွေဟာ အကြမ်းဖက်အဖွဲ့တွေ ဖြစ်တဲ့အတွက် နှိမ်နှင်းဖို့ အကူအညီပေးပါဆိုပြီး တောင်းဆိုတာကို နိုင်ငံတကာရဲတပ်ဖွဲ့က လက်မခံဘဲ ငြင်းပယ်ခဲ့ပါတယ်။ NUG ဝန်ကြီး ဦးရည်မွန်က -
“သူတို့က နိုင်ငံတကာကို လိမ်လို့ရမယ်လို့ ထင်နေတာမျိုးပေါ့၊ တကယ်က နိုင်ငံတကာက နားကြီးမျက်စေ့ကြီးပဲ သူတို့အကြောင်း ကောင်းကောင်း သိတာပေါ့။ မြန်မာပြည်မှာ ဘယ်အဖွဲ့အစည်းက အကြမ်းဖက်နေလဲ ပြည်သူကိုဒုက္ခပေးနေလဲ ဒါ တဈကမ္ဘာလုံး သိပါတယ်။ အဲဒါကြောင့်လဲ အင်တာပိုက ငြင်းချက်ထုတ်တာတွေလဲ ကျနော်တို့ တွေ့ခဲ့ရတာပေါ့”
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသားအဖွဲ့တချို့ တက်ရောက်မယ်လို့ သိရပေမယ့် အဖွဲ့အစည်းအရေအတွက် အတိအကျကို မသိရသေးပါဘူး။ အခုလိုပြောကြားချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုလည်း လတ်တလော မရရှိနိုင်သေးပါဘူး။