စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် စံတင်ကင်းရွာအနီးက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF ) စခန်း တစ်ခုကို ဖေဖော်ဝါရီလ ၂၀ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဆေးတပ်သား PDF ရဲမေ ခုနစ်ဦး အပါအဝင် စုစုပေါင်း လူ ဆယ်ဦး အဖမ်းခံခဲ့ရတယ်လို့ မြင်းမူမြို့နယ် PDF တပ်ဖွဲ့က ပြောပါတယ်။
သူတို့အဖွဲ့တွေ မနက်စာစားနေချိန် အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သား ၆၀ လောက်က ရုတ်တရက် ဝင်ရောက်စီးနင်းတာလို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
"PDF ဆိုပေမယ့် တိုက်ခိုက်ရေးဘက်က မဟုတ်ဘူး။ ဆေးကုပေးတဲ့ အပိုင်းပဲ တာဝန်ယူတာပေါ့"
အဲဒီအချိန်က ဒဏ်ရာရလို့ စခန်းမှာဆေးကုနေတဲ့ အသက် ၂၁ နှစ်ရွယ် ကိုဆန်းကိုနဲ့ သူ့ကိုကယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ ဆေးတပ်ဖွဲ့ခေါင်းဆောင် အသက် ၃၅ နှစ် အရွယ် ကိုဇော်တို့ကတော့ စစ်ကောင်စီတပ်တွေရဲ့ ပစ်သတ်တာကို ခံလိုက်ရတယ်လို့ မြင်းမူ PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ကျနော်တို့ဘက်က မိန်းကလေး ခုနစ်ယောက် ယောက်ျားလေး သုံးယောက် အဖမ်းခံရတယ်။ နှစ်ယောက်ကတော့ ပစ်သတ်လိုက်တယ်ပေါ့။ ၁၂ ယောက်ပေါ့၊ ဆယ်ယောက် အဖမ်းခံရပြီး နှစ်ယောက်ကျတာ ကျနော်တို့ဘက်က။ စိုးရိမ်တာကတော့ မိန်းကလေးတွေလည်း ပါသွားတယ် ဆိုတော့ ပိုပြီးတော့ စိတ်ပူရတာပေါ့။ သူတို့က ဆေးတပ်ဖွဲ့က လူတွေချည်းပဲ။ PDF ဆိုပေမယ့် တိုက်ခိုက်ရေးဘက်က မဟုတ်ဘူး။ ဆေးကုပေးတဲ့ အပိုင်းပဲ တာဝန်ယူတာပေါ့”
အဖမ်းခံထားရတဲ့ အမျိုးသမီး ခုနစ်ဦးက အသက် ၁၉ နှစ်အရွယ် မရွှန်းဝတီကျော်နဲ့ မနွေဇင်မိုး၊ အသက် ၂၀ အရွယ် မစန္ဒာလင်း၊ ၂၆ နှစ်အရွယ် မအေကေဦးနဲ့ မယဉ်မျိုးအေး၊ အသက် ၃၇ နှစ် အရွယ် မသူဇာနဲ့ အသက် ၄၁ နှစ်အရွယ် မဒါ တို့ဖြစ်ပါတယ်။ အမျိုးသား သုံးဦးကတော့ အသက် ၁၇ နှစ်အရွယ် ကိုချောင်ချောင်၊ အသက် ၂၂ နှစ်အရွယ် ကိုဟိန်းမင်း ထက်နဲ့ အသက် ၄၈ နှစ်အရွယ် ဦးဝေနိုင်တို့ ဖြစ်ပါတယ်။
သူတို့ဆယ်ယောက်ကို လက်ရှိမှာ မြင်းမူမြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အခုတော့ သူတို့ကို မြင်းမူရဲစခန်းမှာ ဖမ်းထားတယ်။ သူတို့ နည်းနည်းပါးပါး ရိုက်နှက် ခံရတာတော့ ရှိတယ်။ သူတို့အနေနဲ့ ဒီထဲမှာ ဝင်လို့ရှိရင် သူတို့ ပင်ပန်းမယ်၊ ဆင်းရဲမယ်။ နောက်ဆုံး ဖမ်းဆီးခံရမယ်။ သတ်ဖြတ်ခံရမယ်ဆိုတာကို ကြိုပြီးတော့ အားလုံးက မျှော်လင့်ပြီးသား၊ တွေးပြီးတော့မှ ဝင်ရောက်လာခဲ့တဲ့ အမျိုးသမီးတွေချည်းပဲ။ ငါတို့ရဲ့ ပုံစံကသာ အားနွဲ့ရင် အားနွဲ့မယ်။ ငါတို့ရဲ့ ခွန်အားနဲ့ ငါတို့ရဲ့ စိတ်ဓာတ်ကတော့ အားလုံးရဲ့ ရှေ့မှာရောက်နေရမယ်ဆိုတဲ့ စိတ်ဓာတ်၊ ပေးဆပ်ရဲတဲ့ စိတ်ဓာတ်တွေနဲ့ ဝင်လာကြတာပဲဗျ”
အခုဖြစ်ရပ်မှာ သူတို့ ရဲဘော်၊ ရဲမေတွေ ဖမ်းဆီးခံရတာ၊ အသတ်ခံရတာတွေအပြင်၊ လက် လုပ်မိုင်းနဲ့ လက်လုပ်သေနတ်တချို့ သိမ်းဆည်းခံခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေက ပြောပါတယ်။ အဲဒီအပြင် မော်တော်ဆိုင်ကယ်တွေ၊ ဆိုလာပြားတွေ၊ အသုံး အဆောင်ပစ္စည်းတွေနဲ့ စခန်းလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ဖမ်းဆီးခံ ထားတဲ့ သူတွေကို ရိုက်နှက်စစ်ဆေးတာမျိုး မရှိဘူးလို့ ငြင်းဆိုပါတယ်။
“မြင်းမူမြို့နယ်ကနေ ရွာရဲ့အရှေ့မြောက်ဘက်မှာ ကျနော်တို့ ဖမ်းဆီးရမိတာတွေ ရှိပါ တယ်။ လက်လုပ်စိန်ပြောင်း ငါးလက် အပါအဝင် သေနတ် ၅၅ လက်၊ ပြီးရင် လက်လုပ် မိုင်းတွေ ဖမ်းဆီးရမိခဲ့တာ ရှိပါတယ်။ အဲဒီမှာတော့ လုံခြုံရေးအရ ဖမ်းမိတဲ့သူတွေကို စစ်ဆေးနေတာတော့ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရိုက်နှက်စစ်ဆေးစရာလည်း အကြောင်းမရှိပါဘူး။ ရိုက်နှက်စစ်ဆေးမှ သတင်းရတာမျိုး မရှိပါဘူး”
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ကလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း (၃) စခန်း စီးနင်းခံရပြီး ဆေးတပ်သား PDF ရဲမေ ကိုးယောက် အဖမ်းခံခဲ့ရပါတယ်။
သူတို့ကို ကလေးမြို့အကျဉ်းထောင်မှာ ချုပ်နှောင်ထားပြီး အခုချိန်ထိ မိသားစုနဲ့ တွေ့ခွင့် မပေးဘူးလို့ အဖမ်းခံထားရတဲ့ ဆေးတပ်သား ရဲမေ မန်လမ်းဒိမ်း (Man Lam DiM) ရဲ့ အစ်မက RFA ကို ပြောပါတယ်။
“အခုလောလောဆယ်တော့ တွေ့ခွင့်မရသေးဘူး။ အခြေအနေကောင်းရင်တော့ သူ့ကို တစ်ခေါက်လောက်တော့ တွေ့ခွင့်ရချင်တယ်။ ကျန်းမာရေးလည်း ကောင်းတယ်လို့ ကြားပေမယ့် လူချင်းတွေ့တာ မဟုတ်တော့ စိတ်တော့ပူတယ်။ မောင်နှမထဲမှာ သူက အငယ်ဆုံးဆိုတော့ တအားတော့ စိတ်ပူတယ်။ အဆင်ပြေပါ့မလား။ သူကတော့ မိသားစုကို အားနာလို့လား ဘာလားမသိဘူး၊ အဆင်ပြေတယ်လို့တော့ ပြောတာပဲ။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ သူအဲဒီမှာ အဆင်ပြေမလားဆိုတာ စိတ်ပူတယ်လေ။ အဲဒါကြောင့် အမြန်ဆုံးတော့ လွတ်စေချင်တယ်”
ကလေးမြို့နယ်က အဖမ်းခံထားရတဲ့ PDF ရဲမေ ကိုးဦးဟာ အသက် ၁၇ နှစ်နဲ့ ၂၁ နှစ်ကြား အရွယ်တွေဖြစ်ပြီး အများစုက တက္ကသိုလ်ကျောင်းသူတွေ ဖြစ်ကြပါတယ်။ သူတို့ ကိုးယောက်ဟာ ကလေးထောင်ကို မပို့ခင် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး၊ တချို့က နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံတက်ကုသရတဲ့အဆင့်ထိ ဖြစ်ခဲ့တယ်လို့လည်း ကလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အမျိုးသမီးတွေ အဖမ်းခံရတဲ့အခါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှာကို စိုးရိမ်မိတယ်လို့ WLB လို့ခေါ်တဲ့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ တွဲဘက်အတွင်းရေးမှူး မနန်းမို့မို့ က RFA ကို ပြောပါတယ်။
“ဒီနောက်ပိုင်းတွေမှာ PDF စခန်းတွေမှာဆိုလို့ရှိရင် PDF ရဲမေတွေ ဆေးတပ်သား အမျိုး သမီးတွေကို ဖမ်းဆီးတာတွေ ကျမတို့ ကြားရတယ်။ အထူးသဖြင့် စိုးရိမ်တာက တခြား နည်းနဲ့ နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေ ဖမ်းမိတဲ့အချိန်မှာ ဆိုရင်တောင်မှ လိင် ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက ကျယ်ကျယ် ပြန့်ပြန့်ဖြစ်နေတော့ ဒီလိုမျိုးလက်နက်ကို ကိုင်ပြီးတော့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေကို ဖမ်းမိတဲ့အခါတွေမှာ ညှဉ်းပန်းနှိပ်စက်တာတွေ အသက်အန္တရာယ် သေဆုံးတဲ့အထိကို နှိပ်စက်တာ၊ ခြိမ်းခြောက်တာ ထိပါးနှောင့်ယှက်တာမျိုးတွေ အကြမ်း ဖက်တာမျိုးတွေ လုပ်ဆောင်မှာကို ကျမတို့ အရမ်းပဲစိုးရိမ်ပါတယ်”
မြင်းမူမြို့နယ်က PDF ရဲမေ ခုနစ်ဦး၊ ကလေးမြို့နယ်က PDF ရဲမေ ကိုးဦး စုစုပေါင်း အမျိုးသမီး ၁၆ ဦး အဖမ်းခံထားရတဲ့ စစ်ကိုင်းတိုင်းဟာ စစ်အာဏာရှင်ကို လက်နက်ကိုင် ခုခံမှုအားကောင်းတာကြောင့် စစ်တပ်ဘက်ကလည်း ကြည်း၊ ရေ၊ လေ အကုန်သုံးပြီး တိုက်ခိုက်နေသလို၊ ကျေးရွာတွေကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးတာ၊ PDF စခန်း တွေကို အင်အားသုံး ဖြိုခွင်းတာတွေ လုပ်ဆောင်နေတာကြောင့် သေဆုံးထိခိုက်မှု အများဆုံးဒေသ ဖြစ်နေပါတယ်။