ကော့ကရိတ်မြို့ကို ၆၀ ရာခိုင်နှုန်း သိမ်းပိုက်ထားနိုင်ပြီလို့ တောင်ပိုင်းတိုင်းစစ်ဒေသ ကြေညာ
2024.02.26

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက တိုက်ခိုက်နေတာ သုံးလခန့်ကြာမြင့်လာချိန်မှာ မြို့ရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားနိုင်ပြီလို့ တောင်ပိုင်းတိုင်းစစ်ဒေသက ဖေဖော်ဝါရီလ ၂၆ ရက် မနေ့က ထုတ်ပြန်ကြေညာပါတယ်။ အဲဒီထုတ်ပြန်ချက်အတိုင်း မှန်ကန်တယ်လို့ SOF အထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ရဲဘော်အောင်စံရှားက RFA ကို အတည်ပြုပြောကြားပါတယ် ။
"မြို့ရဲ့မြောက်ဘက်ခြမ်းတစ်ဖက်နဲ့ တောင်ဘက်ခြမ်းပေါ့နော်။ မြို့ရဲ့မြောက်ဘက်ခြမ်းမှာ အမှတ် ၃ ဂိတ်တို့ ဘာတို့ကို ကျွန်တော်တို့ တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့အချိန်မှာ ကျားဖြူစစ်ကြောင်းတွေက အဓိကတာဝန်ယူပြီးတော့ နယ်မြေစိုးမိုးရေး ထိန်းချုပ်လုပ်ထားတယ်ပေါ့နော်။ ဒီဘက်အပိုင်းမှာကျတော့ ကျွန်တော်တို့ S.O.S၊ S.O.G၊ ဒေါန (၅၁၀၁) လည်းပါတယ်ပေါ့နော်။ နောက် နဂါးဖြူပေါ့။ အဲ့ဒီစစ်ကြောင်းတွေက နယ်မြေစိုးမိုးထိန်းချုပ်ရေး လုပ်ထားတယ်ပေါ့။ မြို့ဧရိယာရဲ့ အနည်းဆုံး ၆ဝ ရာခိုင်နှုန်းလောက်ရှိပြီ"
"ကော့ကရိတ်သူ ကော့ကရိတ်သားတွေက လုပ်လုပ်စားစားတွေက များကြတယ်လေ။ တစ်မြို့လုံးပါပဲ။ ကော့ကရိတ်မြို့သူမြို့သားအားလုံးပဲ စစ်ရှောင်ဖြစ်ကုန်ပြီ"
လက်ရှိမှာ ကော့ကရိတ်မြို့ကို တိုက်ခိုက်နေတဲ့ KNLA မဟာမိတ်ပူးပေါင်း PDF တပ် တွေ ကို စစ်ကောင်စီ ခလရ ၉၇ တပ်ဝင်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ခုခံနေပြီး တစ်ပြိုင်နက်မှာ PDF စစ်ကြောင်းတွေဟာ မြို့အပြင်ဘက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်စကခ ၁၂ နဲ့ လှိုင်ဝ အမြောက်ကုန်းတပ်စခန်းတွေကိုလည်း တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲကာလ သုံးလနီးပါး ရှိလာချိန် မှာ စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံး ပြီး KNLA မဟာမိတ် ပူးပါင်းတပ်ဘက်ကို လက်နက်ချလာသူ ၁၄ ယောက် ရှိတယ်လို့လည်း ရဲဘော် အောင်စံရှား က ပြောပါတယ်။
အခုလို တိုက်ပွဲကာလအတွင်း ကော့ကရိတ် မြို့ပေါ် ရပ်ကွက် ခုနစ်ခုက ဒေသခံ လူသုံးသောင်းကျော် စစ်ဘေးရှောင်နေရပြီး စားသောက်စရာနဲ့ နေရာထိုင်ခင်း ခက်ခဲနေတယ်လို့ လုံခြုံရေးအရ အမည်မဖာ်လိုသူ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
"အခုဆိုရင် စစ်ရှောင်ကာလက သုံးလဝန်းကျင်ထဲမှာ ဖြစ်နေပြီပေါ့နော်။ မိသားစုတစ်စုမပြောနဲ့လေ။ အလုပ်မရှိအကိုင်မရှိဘဲနဲ့ ကိုယ်နေစရာနေရာမရှိဘဲနဲ့ လူလွတ်တစ်ယောက်တောင် အချိန်ကာလတစ်ခုမှာ တစ်လ၊ တစ်ပတ် ဆယ်ရက် ဆိုတဲ့ဟာက ရပ်တည်ဖို့ မလွယ်ကူတဲ့ အချိန်ကာလ၊ စားနပ်ရိက္ခာတွေကလည်း စျေးကြီးတယ်။ ကော့ကရိတ်သူ ကော့ကရိတ်သားတွေက လုပ်လုပ်စားစားတွေက များကြတယ်လေ။ တစ်မြို့လုံးပါပဲ။ ကော့ကရိတ်မြို့သူမြို့သားအားလုံးပဲ စစ်ရှောင်ဖြစ်ကုန်ပြီပေါ့"
တိုက်ပွဲတွေကြောင့် နေရပ်စွန်ခွာ စစ်ဘေးရှောင်နရတဲ့ ဒေသခံ စစ်ဘေးဒုက္ခသည်အစုအဖွဲ့တွေကို KNU မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ ပြည်သူလူထုလုံခြုံရေးဌာနတို့ ပူပေါင်းပြီးကူညီနေတယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ကော့ကရိတ်မြို့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ကရင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူတို့ကို တယ်လီဖုန်း ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ဖေဖော်ဝါရီလ၂၆ ရက် မနေ့ညနောက်ဆုံးရသတင်းတွေအရ ကော့ကရိတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုတိုက်ခိုက်နေသလို လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ဖောက်ထွင်းခိုးယူနေကြတယ်လို့ သိရပါတယ်။