တော်လှန်ရေးအတွက် အသက်ပေးပြီး စစ်လက်နက်ပစ္စည်း ထုတ်လုပ်နေသူများ

နန္ဒာချမ်း ( ဝါရှင်တန်ဒီစီ )
2022.11.08
တော်လှန်ရေးအတွက် အသက်ပေးပြီး စစ်လက်နက်ပစ္စည်း ထုတ်လုပ်နေသူများ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pale PDF) အဖွဲ့ဝင်များက လက်လုပ်လက်နက်များ စမ်းသပ်ထုတ်လုပ်နေသည်ကိုတွေ့ရစဉ်။
Photo:AFP

အာဏာသိမ်းထားတာ နှစ်နှစ်နီးပါးရှိလာပြီဖြစ်တဲ့ စစ်တပ်ကို တော်လှန်ဖို့ မြန်မာလူငယ်တွေ အသက်စွန့်ကြိုးပမ်းနေကြဆဲပါ။

မြန်မာနိုင်ငံမြောက်ပိုင်းက ဝါးတောအုပ်တစ်နေရာမှာ PDF လူငယ်တစ်စုဟာ သူတို့ထက်အစစ လက်နက်အင်အားသာတဲ့ စစ်ကောင်စီတပ်ကို တိုက်နိုင်ဖို့ YouTube မှာ တင်ထားတဲ့ အဝေးပစ်လောင်ချာတို့၊ မိုင်းတို့၊ မော်တာကျည်ဆံတို့ လုပ်နည်းတွေကိုလေ့လာပြီး စမ်းသပ်တီထွင်ခဲ့ကြပါတယ်။

“ကိုယ်တိုင်ချက်တွေပဲ ကျွန်တော်တို့ကတော့။ သူများတွေဆီက မဝယ်နိုင်တော့ ကိုယ်ဟာကိုယ်ချက်တာ။ ဒီအထဲမှာယမ်းထည့်ထားတယ်။ ယမ်းထည့်ထားပြီးတော့ ဒီပုံစံစိတ်ထားတာ။ ကွဲလိုက်ပြီဆိုရင် အကုန်လုံးဖွာထွက်သွားတာ။ ဒီကောင်ကိုကျအဲ့လိုမျိုးသုံးတာ။”

ဒီလိုစမ်းသပ်ထုတ်လုပ်ရင်း အသက်ပေးခဲ့ရတာတွေ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးရတာမျိုးလည်း ရှိခဲ့ပါတယ်။

ပုလဲပြည်သူ့ကာကွယ်ရေးတပ် (PPDF)က ကိုနေမင်းက “အကျအဆုံးကတော့ ၆ဝ မမ စမ်းသပ်ရင်းနဲ့ တချို့ကျဆုံးရတဲ့ ရဲဘော်ရှိတယ်။ တချို့ဆိုရင် ၄ဝ စမ်းရင်းနဲ့ လက်ပြတ်ခဲ့ရတဲ့ ရဲဘော်ရှိတယ်။ အမျိုးမျိုးပေါ့နော်။ ပထမစတီထွင်ခါစဆိုတော့ Safe ဖြစ်တဲ့အပိုင်း အားနည်းတာပေါ့နော်။ တဖြေးဖြေးလုပ်ရင်းနဲ့ပဲ Safe ဖြစ်အောင်လို့ ကျွန်တော်တို့ ပြင်ဆင်ခဲ့ရတာပေါ့။ အစပထမမှာတော့ တော်တော်လေးလည်းအခက်အခဲဖြစ်တယ်။ တော်တော်လေးလည်း ထိခိုက်ဒဏ်ရာရတာ၊ ကျဆုံးရဲဘော်တွေလည်း တော်တော်များများ ရှိတယ်ပေါ့။” လို့ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း အမြောက်တွေ၊ တရုတ်နဲ့ရုရှားလုပ် ဂျက်တိုက်လေယာဉ်တွေနဲ့ အစ္စရေးလုပ် ရိုင်ဖယ်တွေလို လက်နက်အင်အား အလုံးအရင်းနဲ့ PDF တွေကို ပြန်ပြီးထိုးစစ်ဆင်တာတွေ လုပ်ခဲ့တာပါ။

ရုရှားကနေ ယူကရိန်းကို ထိုးစစ်ဆင်ရာမှာ နိုင်ငံတကာကနေ လက်နက်အင်အား အမြောက်အများ ကူညီခဲ့သလို မြန်မာကိုလည်း ကူညီဖို့ အတိုက်အခံအင်အားစုတွေက မျှော်လင့်တောင်းဆိုခဲ့ကြပါတယ်။


ဒါပေမဲ့လည်း မျှော်လင့်သလိုမရတဲ့အခါ လက်နက်အင်အားကောင်းတဲ့ စစ်ကောင်စီတပ်ကိုယှဉ်ဖို့ ရေရှည်မှာ စိန်ခေါ်မှုတွေ ရှိလာတယ်လို့ ဆိုလာသူကတော့ PPDF ရဲဘော် နေမျိုးဝင်းပါ။

“အဓိကကတော့ ရန်သူ့ဘက်က သာလွန်အင်အားတွေ ပိုသုံးလာတယ်ပေါ့နော့်။ အော်တိုတွေနဲ့ ပစ်တယ်ဆိုတော့။ စကစဘက်က အဲ့လိုမျိုး တန်ပြန်စစ်ဆင်တဲ့အခါမှာ ကျွန်တော်တို့လည်း အော်တိုသေနတ်မျိုးတွေ ကိုင်ချင်ပါတယ်ပေါ့နော်။ လက်လုပ်တွေကျတော့ ရေရှည်မှာ ကျွန်တော်တို့ အဆင်မပြေတော့ဘူးပေါ့နော်။ သူတို့ဘက်ကလက်နက်ကြီးတွေကအစ သုံးလာတဲ့အတွက် ကျွန်တော်တို့ဘက်မှာ အားနည်းချက်တွေ အများကြီး ရှိလာပါတယ်။”

ဒါကြောင့် နည်းပညာပိုင်းဆိုင်ရာ အခြေခံရှိထားတဲ့ ကိုနေမျိုးဝင်းတို့လို PDF အဖွဲ့ဝင်တွေက တချို့သိမ်းဆည်းရမိတဲ့ လက်နက်တွေကို နမူနာယူပြီး စမ်းသပ်ထုတ်လုပ်တာ၊ လက်နက်ကြီးနဲ့ ရှော့တိုက်ဒုံးတွေလိုမျိုးတွေကို စမ်းသပ်ထုတ်လုပ်လာခဲ့တာပါ။

000_32MP6TG.jpg
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ တွင် ပုလဲမြို့နယ်ရှိ ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) က လက်လုပ်လက်နက်များ ပြင်ဆင်နေသည်ကိုတွေ့ရစဉ်။ Photo:AFP

ပုလဲပြည်သူ့ကာကွယ်ရေးတပ် (PPDF) က ကိုနေမင်းက “တိုက်ပွဲတွေဖော်ဆောင်တဲ့နေရာမှာ မိုင်းကိုအားကိုးပြီးတော့ အဓိက မိုင်းကိုပဲ လုပ်ခဲ့တာပေါ့နော်။ စစ်ကြောင်းတွေလာရင်လည်း ကျွန်တော်တို့ မိုင်းနဲ့ပဲ တိုက်ခဲ့တယ်။ တူမီးတို့လို တတောင့်ထိုးတွေနဲ့ပဲ ပစ်ကြတယ်ပေါ့နော်။ အခုကျတော့ ကျွန်တော်တို့ လက်နက်ကြီးတွေပေါ့နော် ၄ဝ တို့ ၆ဝ တို့ နောက် ရှော့ဒုံးတို့ဘာတို့ နည်းမျိုးစုံထုတ်တဲ့အတွက် လက်နက်ကြီးပိုင်းလည်း ကျွန်တော်တို့ အားရပါတယ်။”

တကယ်တော့ ဒီ PDF လူငယ်တွေဟာ ဒီလိုလက်နက်တွေ စမ်းသပ်ထုတ်လုပ်နိုင်ဖို့အတွက်ကို သင်တန်းတွေ ရရှိခဲ့တာတော့ မဟုတ်ပါဘူး။ YouTubeလို လူမှုကွန်ရက်တွေ၊ တခြားအင်တာနက်စာမျက်နှာတွေကနေရှာပြီး ယမ်းစိမ်းထုတ်လုပ်နည်း၊ ရိုင်ဖယ်လုပ်နည်း၊ မိုင်းနဲ့ လက်နက်ကြီးလုပ် နည်းတွေကို သူတို့ဟာသူတို့ လေ့လာပြီး အန္တရာယ်များတဲ့ကြားက ကြိုးစား စမ်းသပ်ထုတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ခြောက်လက ဒဏ်ရာရရှိခဲ့တဲ့ PDF အဖွဲ့ဝင် ကိုသူရကတော့ -
“ဒီဟာတွေရော အကုန်ထိခိုက်တာပေါ့။ ခြေထောက်တွေ၊ ဒီလက်တွေပေါ့။ ဒါပေမဲ့ အဲ့ဒီလက်တွေ ကတော့ အကုန်လုံး ပျောက်သွားပြီ။ မျက်လုံးကတော့ မမြင်ရသေးဘူး။ မပျောက်သေးဘူး။ ကုနေ တာကြာပြီ မျက်လုံးကတော့။ မပျောက်သေးဘူး။” လို့ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ဒေသခံPDF အဖွဲ့များစွာရှိပြီး၊ အာဏာသိမ်းစစ်ကောင်စီကတော့ PDF တွေ အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာပါ။ အရပ်သား လေးထောင်ကျော် သေဆုံးရတဲ့အတွက်လည်း PDF တွေကို အပြစ်တင်ထားတာဖြစ်ပါတယ်။

လက်နက်တီထွင်ထုတ်လုပ်သူ PPDF အဖွဲ့ဝင် ကိုနေမင်းကတော့ တရားမျှတမှုရဖို့ တိုက်နေတာဖြစ်ပြီး၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရာမှာ တော်တော်များများ လိုအပ်ပေမယ့် အဓိကလက်နက်ပဲလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။