အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း PDF တပ်ဖွဲ့ဝင် ၁၅၀၀ နီးပါး သေဆုံး

RFA Burmese
2023.03.24
အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း PDF တပ်ဖွဲ့ဝင် ၁၅၀၀ နီးပါး သေဆုံး စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် ရွှေဘိုတပ်ရင်း (၂၅) TPC တပ်ဖွဲ့ဝင် ချစ်တိုးအောင်၏ ရုပ်အလောင်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က မီးသင်္ဂြိုဟ်စဉ်။
TPC-Taze People Comrades

အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်သူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ပေါင်း ၁၅၀၀ နီးပါး အသက်ဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီစာရင်းကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက လက်လှမ်းမီသလောက် ပြုစုထားတာ ဖြစ်ပြီး လက်တွေ့မှာ ဒီ့ထက်ပိုများနိုင်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

"အသစ်ဝင်လာမယ့် PDF တွေကို ခြိမ်းခြောက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်"

၂၀၂၃ ဖေဖော်ဝါရီ ၁ ရက် အရေးပေါ်ကာလသက်တမ်း ထပ်တိုးပြီးနောက်မှာတော့ စစ်ကောင်စီတပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို မြင်သူတိုင်း ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလောက်အောင် လက်ဖြတ်၊‌ ခြေဖြတ်၊ ခေါင်းဖြတ်၊ အူထုတ်ပြီး သတ်ဖြတ်တာ မျိုးတွေထိ ကျူးလွန်လာတယ်လို့ စစ်ကိုင်းတိုင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒါဟာ စစ်ကောင်စီတပ်က လူထုကို အကြောက်တရားနဲ့ ထိန်းချုပ်ဖို့ ကြိုးစားတဲ့လုပ်ရပ်လို့ မြင်းမူမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ Acid ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုအက်ဆစ်က RFA ကို ပြောပါတယ်။

“ဒီလို ခေါင်းဖြတ်သတ်လိုက်လို့ရှိရင် ကျနော်တို့ ကြောက်သွားပြီးတော့ တော်လှန်ရေး ရဲဘော်တွေ နောက်ဆုတ်သွားမယ်လို့ သူတို့ ထင်တဲ့အတွက် ကျနော်တို့ကို ခေါင်းဖြတ်ပြီးတော့ သတ်တယ်။ လူမဆန်စွာတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ပြီးတော့ သတ်ပြတယ်။ ဒါပေမဲ့လည်း ကျနော်တို့ စိတ်ထဲမှာ စွဲထားတာက ကျနော်တို့ တော်လှန်ရေးရဲဘော်တွေက ဘာနဲ့ခြောက်လို့မှ မကြောက်ဘူးဆိုတာကို သူတို့တွေ မသိတာ တစ်ခုလား၊ ဒါမှမဟုတ် သိသိကြီးနဲ့များ လုပ်နေတာလားတော့ မသိဘူးဗျာ။ ကျနော်တို့ကို အကြောက်တရားနဲ့ ထိန်းချုပ်ဖို့အတွက် သူတို့ သတ်နေတယ်လို့ ထင်တယ်ခင်ဗျ”

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြင်းမူမြို့နယ် ညောင်ပင်ကန်ရွာအနီးမှာ မိုင်းထောင်ဖို့ ကြိုးစားနေတဲ့ ACID ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦးဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ခေါင်းဖြတ်အသတ်ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ အခုလို ရက်စက်မှုတွေဟာ လုပ်ရိုးလုပ်စဉ်လို ဖြစ်လာပြီး စိတ်ဓာတ်စစ်ဆင်ရေး သဘောလည်း ပါနိုင်တယ်လို့ ကယားပြည်နယ်အခြေစိုက် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျနော့်အနေနဲ့တော့ သူတို့ လုပ်ရိုးလုပ်စဉ်လို့ပဲ ထင်ပါတယ်။ စစ်ကောင်စီက သူတို့ လုပ်နေကြပဲလေ။ ဘယ်ဘက်မှာပဲ ကြည့်ကြည့် လုပ်နေတဲ့အတွက် သူတို့ ပြသတာပေါ့။ သူတို့ ဘယ်လောက် ယုတ်မာတဲ့အကြောင်း၊ ဘယ်လောက် ရက်စက်တဲ့အကြောင်း ပြသတာလည်းပါတယ်။ နောက်ပြီးတော့ အသစ်ဝင်လာမယ့် PDF တွေကို ခြိမ်းခြောက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်။ စိတ်ဓာတ်စစ်ဆင်ရေးတို့၊ ဘာတို့ ဒါလည်း ပါမှာပေါ့”

ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားတွေကိုတော့ အကြမ်းဖက် ရိုက်နှက်သတ်ဖြတ်တာမျိုး မလုပ်ဘဲ ဒဏ်ရာရလာရင်တောင် ဆေးကုပေးပြီး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို အတိအကျ လိုက်နာကျင့်သုံးနေတယ်လို့လည်း သူက ဆိုပါတယ်။

လူတစ်ယောက်ကို ရက်စက်ကြမ်းကြုတ်တဲ့နည်းနဲ့ သတ်ဖြတ်တာကို ဘယ်အဖွဲ့အစည်း ကပဲလုပ်လုပ် ဒါဟာ လက်ခံနိုင်စရာမရှိတဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ်။

“တပ်နဲ့ ပျူစောထီးတွေဘက်က ဆောင်ရွက်တာလည်း ရှိကောင်းရှိမယ်။ ထို့အတူပဲ ဒီဘက် စကစကို ဆန့်ကျင်နေတဲ့ နိုင်ငံရေး အင်အားစုတွေ အထူးသဖြင့်တော့ PDF တွေနဲ့ ERO တွေပေါ့လေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အဲဒီလို အလွန်အကျွံတွေ ဆောင်ရွက်တာတွေ ရှိကောင်းရှိမယ်။ ဘယ်သူ့ဘက်ကပဲ ကျူးလွန်ကျူးလွန် ဒါတွေဟာ ဘယ်လိုမှ ခွင့်လွတ်နိုင်စရာမရှိတဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်ပါတယ်”

၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေနဲ့ နည်းဥပဒေတွေမှာလည်း စစ်ရေးနယ်မြေတွေမှာ စစ်ဆင်ရေးဆောင်ရွက်တဲ့အခါ ပြည်သူလူထုကို ဘယ်လိုဆက်ဆံရမလဲ၊ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေအပေါ် ဘယ်လိုဆက်ဆံပြုမူရမလဲ ဆိုတာတွေကို အသေးစိတ် ပြဋ္ဌာန်းထား တယ်လို့ သူက ဆိုပါတယ်။

ရေစကြိုမြို့နယ် သဲတောရွာတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရသည့် Southern YSO PDF အဖွဲ့ဝင် ကိုပေနှင့် မချိုတို့အား တွေ့ရစဉ်။ (Photo:  Southern YSO PDF)
ရေစကြိုမြို့နယ် သဲတောရွာတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရသည့် Southern YSO PDF အဖွဲ့ဝင် ကိုပေနှင့် မချိုတို့အား တွေ့ရစဉ်။ (Photo: Southern YSO PDF)

PDF တပ်ဖွဲ့ဝင်တွေကို ရှေ့တန်းမှာ ရင်ဆိုင်တိုက်လို့၊ တိုက်ပွဲဖြစ်လို့ ပစ်သတ်တာမျိုး မဟုတ်ဘဲ အရှင်ဖမ်းမိပြီးမှ ခြေ၊ လက်နဲ့ ဦးခေါင်းဖြတ် သတ်ဖြတ်တာမျိုးဟာ စစ်အုပ်ချုပ်ရေး ကြေညာပြီး နောက်ပိုင်းမှာ ပိုများလာတယ်လို့ NUG တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို အခုလို ရက်စက်စွာ သတ်ဖြတ်နေ တာဟာ PDF တွေကို ထောက်ခံတဲ့ ပြည်သူလူထုကိုပါ ကြောက်စိတ်ဝင်သွားအောင် လုပ်နေတာလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“ဒီလိုမျိုး လုပ်နေတာတွေက မုန်းတီးမှုကို အခြေခံတာလည်းဖြစ်သလို နောက်တစ်ခု ပြည်သူလူထုကို အကြောက်တရား လွှမ်းမိုးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ သုံးသပ်ပါတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းဖက်စစ်တပ်က သတ်တဲ့လူတွေထဲ မှာဆိုရင် ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေ၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေလည်း ပါသလို ပြည်သူတွေကိုပါ ဒီလိုမျိုးတွေ ရက်ရက်စက်စက် လုပ်နေတော့လေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းရင် တော်လှန်ရေး အင်အားစုတွေကို ကူညီရင် ဒီလိုမျိုး ရက်ရက်စက်စက် အသတ်ခံရမယ်ဆိုတဲ့ Message မျိုးကို ပေးပြီးတော့ ပြည်သူလူထုကြားထဲမှာ အကြောက်တရား လွှမ်းမိုးအောင် လုပ်တဲ့သဘောလို့ ကျနော်တို့က ယူဆပါတယ်”

လက်ရှိမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း အသက်ပေးခဲ့သူတွေဟာ တန်ဖိုးမဖြတ် နိုင်တဲ့ သူရဲကောင်းတွေဖြစ်ပြီး ကျန်ရစ်တဲ့ မိသားစုတွေကို ထောက်ပံ့နိုင်ဖို့ NUG က ကြိုးစားနေတယ်လို့ ဦးနေဘုန်းလတ်က ပြောပါ တယ်။

ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဖြတ်အသတ်ခံရသည့် တပ်ဖွဲ့ဝင် ဖိုးကဲနှင့် ကိုလမင်းစိန်(ခ) ဖိုးစိန်တို့အား တွေ့ရစဉ်။ (Photo: Citizen Journalist)
ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဖြတ်အသတ်ခံရသည့် တပ်ဖွဲ့ဝင် ဖိုးကဲနှင့် ကိုလမင်းစိန်(ခ) ဖိုးစိန်တို့အား တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်‌ ဇော်မင်းထွန်းကို RFA က မနေ့က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ မှတ်တမ်းတင်ထားပြီး တရားမျှတမှုရရှိအောင် ပြန်လည်ဆောင်ရွက်ပေးရမယ်လို့ ဗြိတိန်အခြေစိုက် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကွန်ရက်အဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

“ဒီလို ကျူးလွန်မှုတွေကို သေချာမှတ်တမ်းတင်ဖို့လိုတယ်။ နောက်ပြီးတော့ ကျနော်တို့ တွေ သေချာသတင်းတွေ ရဖို့လိုတယ်။ ဥပမာ ဘယ်နယ်မြေမှာ ဖြစ်သွားတာလဲ။ အဲဒီနယ်မြေမှာ စိုးမိုးတဲ့တပ်က ဘယ်တပ်လဲ။ အဲဒီတပ်ရဲ့ တပ်ရင်းမှူးတွေ၊ တပ်မမှူး တွေ ဒီနေရာမှာရှိနေတဲ့ အရာရှိတွေရဲ့နာမည်တွေကို သိအောင်လုပ်ဖို့လိုတယ်။ ကိုယ်ပိုင်နံပါတ်တွေ သိအောင်လုပ်ဖို့လိုတယ်။ အဲဒီမှာဖြစ်သွားတဲ့ အချိန်ရက်၊ နေရာ အတိအကျ ကျနော်တို့ သိရဖို့လိုတယ်။ သေချာ ဓာတ်ပုံတွေရိုက်ပြီး မှတ်တမ်းတင် သိမ်းဖို့လိုတယ်။ ဒါတွေက အင်မတန် တန်ဖိုးရှိတဲ့ အရေးပါတဲ့ သက်သေအထောက် အထားတွေဖြစ်တယ်။ ဒီလိုတွေ ဒီလိုမျိုး မတရား အသတ်ခံလိုက်ရတဲ့အပေါ်မှာ ကျနော်တို့ သူတို့အတွက် တရားမျှတမှုကို ပြန်ရယူပေးရမယ်”

သေဆုံးခဲ့သူတွေအတွက် တရားမျှတမှု ရှာဖွေဖို့ ကျန်ရစ်သူတွေမှာ တာဝန်ရှိတာကြောင့် ဒီကိစ္စတွေကို ခေါင်းအေးအေးနဲ့ စနစ်တကျ ကိုင်တွယ်သွားမယ်လို့လည်း ဦးကျော်ဝင်းက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ မတ်လ ၂၃ ရက် စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ ၃၁၅၈ ဦး အသက်ဆုံးခဲ့ပြီး ၁၆၉၅၄ ဦး အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။