PDF အဖွဲ့တွေ မစ်ဇိုင်းဒုံးကျည် စမ်းသပ်တီထွင်နေ

မစ်ဇိုင်းဒုံးကျည်တွေကိုပါ စမ်းသပ်နေပြီဖြစ်ပေမဲ့ ပစ်မှတ်ကို အတိအကျထိမှန်ဖို့တော့ လိုအပ်ချက်တွေအများကြီး ရှိနေဆဲပဲလို့ NUG တောင်ပိုင်းဒရုန်းတာဝန်ခံ စောနဂါးက RFA ကိုပြောပါတယ်။

စစ်ရေးဒေသတစ်ခုအတွင်း Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည့်မြင်ကွင်း။ Frderal Wings

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ပိုင်းဒရုန်းတာဝန်ခံ စောနဂါး ဦးဆောင်တဲ့အဖွဲ့ဟာ ကရင်ပြည်နယ်တစ်နေရာမှာလှုပ်ရှားနေပါတယ်။

သူတို့အဖွဲ့ဟာ ဒရုန်းခေါ် မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်တွေကို တီထွင်အသုံးပြုရာကနေ အခုတော့ မစ်ဇိုင်းဒုံးကျည်တွေကိုပါ စမ်းသပ်ပစ်ခတ်နေပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ စမ်းသပ်နေဆဲဖြစ်ပြီး ပစ်မှတ်ကို အတိအကျထိမှန်ဖို့တော့ လိုအပ်ချက်တွေအများကြီး ရှိနေဆဲပါပဲလို့ စောနဂါးက RFA ကိုပြောပါတယ်။

“ပစ်မှတ်ကိုအတိအကျထိအောင်ပစ်နိုင်တဲ့အနေအထားတော့ မရှိသေးပါဘူး။ လောလောဆယ်ဆယ်မှာ ပစ်ခတ်တဲ့ရဲဘော်တွေကို အန္တရာယ်မရှိအောင် ကျွန်တော်တို့ ဒရုန်းတွေမှာသုံးတဲ့ ကွန်ထရိုးစနစ်ကို ဒီမစ်ဇိုင်းတွေမှာ ထည့်လိုက်တယ်။ ပစ်မှတ်ကိုတိတိကျကျထိအောင်တော့ ကျွန်တော်တို့ ပဲ့ထိန်းစနစ်တွေ လိုသေးတာပေါ့။”

လက်ရှိမှာ နှစ်မိုင်ကျော်အကွာအဝေးအထိ ရောက်ရှိအောင် ပစ်ခတ်နိုင်တယ်လို့လည်း စောနဂါးက ပြောပါတယ်။ အဲဒီ မစ်ဇိုင်းဒုံးကျည်တွေကို လက်ရှိဘယ်လိုတည်ဆောက်ထားပါသလဲ။

“ပစ်စင်ကို control system နဲ့ ပစ်လို့ရအောင် စပြီးလုပ်တယ်။ ဒီဂရီအတိမ်းအစောင်းကို ဟိုက်ဒရောလစ်စနစ်နဲ့ Remote တစ်ခုထည့်ထားတယ်။ အဝေးကနေ ဒုံးကျည်တွေကို ထိန်းချုပ်ပစ်ခတ်လို့ရအောင်လုပ်ထားတယ်။ စင်ကို ၃၆ဝ ဒီကရီလှည့်လို့ရတယ်။”

ကရင်ပြည်နယ်တစ်နေရာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုခေါင်းဆောင် ဗိုလ်ဒီပါကတော့ အခုလိုဒရုန်းတွေ မစ်ဇိုင်းဒုံးကျည်တွေကို အဆင့်မြင့်မြင့်နဲ့ အများအပြားထုတ်လုပ်အသုံးပြုနိုင်မယ်ဆိုရင် နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့အထောက်အပံ့ဖြစ်လာမယ်လို့ မျှော်လင့်နေပါတယ်။

“ဒရုန်းနဲ့ မစ်ဇိုင်းတွေကို တစ်နိုင်ငံလုံးမှာ ကျွန်တော်တို့သုံးနိုင်ပြီဆိုရင် စခန်းသိမ်းတိုက်ပွဲတွေမှာ ရန်သူကို ဖြိုခွဲဖို့ ကျွန်တော်တို့ သုံးလို့ရတယ်ပေါ့။”

Federal Wings ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦး။ (Photo: Frderal Wings)

လက်ရှိစမ်းသပ်ပစ်ခတ်မှုတွေမှာ သူတို့ ဒုံးကျည်တွေဟာ ပစ်မှတ်နဲ့ ကိုက် ၁ဝဝ ဝန်းကျင်အတွင်း ကျရောက်တယ်လို့ဆိုပါတယ်။ နည်းပညာအပါအဝင် တခြားလိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်မယ်ဆိုရင်တော့ တကယ်ထိရောက်တဲ့ ဒုံးကျည်တွေကို သူတို့သိပ်မကြာခင် ထုတ်လုပ်နိုင်မယ်လို့ စောနဂါးက ယုံကြည်ပါတယ်။

“Guided missile ဆင်နိုင်ဖို့ ကျွန်တော်တို့ ဆင်ဆာစနစ်ထည့်ရမယ်။ GPS trigger တွေထည့်ရမယ်၊ အဲဒီလိုအပ်တာတွေထည့်နိုင်ရင် အောင်မြင်မှာပေါ့။”

အဲဒီလို မစ်ဇိုင်းတွေကို တိုးတက်တီထွင်ဖို့အတွက် ငွေကြေးထောက်ပံ့ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကို သူတို့တင်ပြထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ NUG မှာလည်း တခြားကိစ္စတွေအတွက် သုံးစွဲနေရမှာတွေရှိလို့ သူတို့အနေနဲ့ တခြားနေရာတွေက အကူအညီရဖို့ကြိုးစားနေပါတယ်လို့ စောနဂါး က ပြောပါတယ်။

ပြည်သူ့ဘက်ကူးပြောင်းထားတဲ့ CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ လူငယ်တွေဟာ ငွေကြေးအားနည်းချက်အပါအဝင် အခက်အခဲမျိုးစုံကြားကနေ ဒီကနေ့အခြေအနေရောက်အောင် ကြိုးစားနိုင်ခဲ့တာဟာ အင်မတန်ဂုဏ်ယူစရာဖြစ်ပါတယ်လို့ RFA ကိုပြောပါတယ်။

စစ်ရေးဒေသတစ်ခုအတွင်း Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည့်မြင်ကွင်း။ (Photo: Frderal Wings)


“လူငယ်တွေဟာ လက်နက်တွေကို စမ်းသပ်တီထွင်နိုင်တာ တွေ့ရတယ်။ တူမီးတွေကိုသုံးရာကနေ မောင်းပြန်သေနတ်တွေကို မသုံးနိုင်ခင်စပ်ကြားမှာ လက်လုပ်သေနတ်တွေကို တီထွင်သုံးစွဲနိုင်ခဲ့တယ်။ နောက်ပြီး စိန်ပြောင်းလို လက်နက်တွေကို ရှိတဲ့ပစ္စည်းတွေနဲ့လုပ်နိုင်ကြတယ်။ လိုအပ်ချက်တွေကတော့ ရှိနေဆဲပေါ့။ စက်တွေ IT နည်းပညာတွေ အခက်အခဲတွေတော့ ရှိနေဆဲပဲပေါ့။”

နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းခေါ်မောင်းသူမဲ့တိုက်လေယာဉ်တွေဟာ ဒီနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ ပိုမိုနာမည်ရလာခဲ့ပါတယ်။

တကယ်လို့သာ မစ်ဇိုင်းဒုံးကျည်တွေကိုပါ အောင်အောင်မြင်မြင် တီထွင်သုံးစွဲနိုင်မယ်ဆိုရင်တော့ စစ်ကောင်စီရဲ့ ကြည်းတပ်တွေကိုသာမက လေတပ်စခန်းတွေကိုပါ ထိထိရောက်ရောက် တိုက်ခိုက်နိုင်စွမ်းရှိလာမှာ ဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org