နယ်မြေလုံခြုံတဲ့ပလက်ဝက နေရာအချို့မှာ ရွေးကောက်ပွဲကျင်းပခွင့်ရဖို့ မျှော်လင့်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့ ချင်းပြည်နယ် ပလက်ဝမြို့ နယ်က ကျေးရွာ ၉၀ ကျော်ထဲမှာ နယ်မြေလုံခြုံရေးကောင်းတဲ့နေရာတွေ ပါသွားတာကြောင့် အဲဒီနေရာတွေမှာ ရွေးကောက်ပွဲကျင်းပခွင့်ရဖို့ ဒေသခံတွေ၊ ကိုယ်စားလှယ်လောင်းတွေက မျှော်လင့်နေကြပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်က ကျေးရွာအုပ်စုပေါင်း ၁၀၂ စုရှိတဲ့အထဲ ၉၄ အုပ်စုမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၇ ရက်နေ့က ကြေညာ လိုက်တာပါ။

အဲဒီကျေးရွာ ၉၄ ရွာထဲမှာ တိုက်ပွဲမရှိတဲ့ နယ်မြေလုံခြုံရေးကောင်းတဲ့နေရာအုပ်စု ၁၂ စုပါတယ်လို့ ဒေသခံကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ပြောကြပါတယ်။

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ ပလက်ဝမြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အရင်က ခြောက်သောင်းကျော်ရှိတဲ့အထဲမှာ ရွေးကောက်ပွဲဖျက်သိမ်းလိုက်တဲ့ ၉၄ ရွာက မဲဆန္ဒရှင် ငါးသောင်းကျော် မဲပေးခွင့်ဆုံးရှုံးသွားပြီး မဲဆန္ဒရှင် တစ်သောင်းနီးပါးသာ မဲပေးခွင့်ရတော့မှာပါ။

နယ်မြေတည်ငြိမ်အေးချမ်းပေမယ့် ရွေးကောက်ပွဲဖျက်သိမ်းခံရတဲ့ ကျေးရွာတွေထဲမှာ ကန်သောင်ကျေးရွာလည်း ပါဝင်ပါတယ်။ ပြည်သူတွေက မဲပေးချင်ကြတယ်လို့ ကန်သောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအန်းလိုင်က ပြောပါတယ်။

"ရွေးကောက်ပွဲက ကျွန်တော်တို့ လူထုက ထည့်ချင်တယ်။ ဒါပေမဲ့ နယ်မြေလုံခြုံရေး မကောင်းဘူးဆိုပြီးမှ မပါဘူးဆိုတော့ ကျွန်တော်တို့ လူထုတွေ စိတ်တစ်မျိုးတော့ ခံစားရတာပေါ့။ ကျွန်တော်တို့ နယ်မြေမှာ လုံးဝအခုချိန်ထိ တိုက်ပွဲတွေ တခါမှမဖြစ်ပါဘူး။ ပီစောခု အုပ်စုပေါ့။ပလက်ဝက ပီစောခုပေါ့။ ကျွန်တော်တို့ တောင်ပိုင်းမှာ ဆိုရင်တော့ တောင်ပေါ် နယ်မြေလုံခြုံရေး တကယ်ကောင်းတဲ့နေရာတွေ။ တစ်ခါမှ စစ်ပွဲလည်း မဖြစ်ဘူး။ ပြောမယ်ဆိုရင် AAတွေလည်း တခါမှမလာတဲ့ နယ်မြေလုံခြုံရေးကောင်းတဲ့နေရာတွေပေါ့။ အခု ရွေးကောက်ပွဲ မပေးဘူးဆိုတော့ ကျွန်တော်တို့ တောင်ပေါ်က ၇ အုပ်စု၊ ၈ အုပ်စုက မပါနေဘူး။ လုံခြုံရေး တကယ်ကောင်းတဲ့နေရာပါ။ ကျွန်တော်တို့က မဲထည့်ဖို့ မပါဘူးဆိုတော့ ကျွန်တေ်ာတို့ လူထုအနေနဲ့ တော်တော်လည်း စဉ်းစားရတာပေါ့လေ။ ကျွန်တော်တို့က မတူပီ နယ်စပ်ပေါ့။ မတူပီကနေ ဒီသံတောင် အထိကို ၄၅ မိုင်လောက်ရှိတယ်။ ကျွန်တော်တို့က ရွေးကောက်ပွဲကို လူထုတွေက သိပ်ကျင်းပစေချင်တာပေါ့။ တကယ်လုံခြုံကောင်းပြီး သေနတ်သံလည်း မကြားတဲ့နေရာ ကျေးရွာ ၇ အုပ်စုရှိတယ်။ ကျေးရွာပေါင်းက ၃၂ ရွာရှိတယ်။"

ပလက်ဝမြို့နယ်မှာ နယ်မြေမလုံခြုံတဲ့နေရာတွေရှိပေမယ့် အေးချမ်းတဲ့ရွာတွေက ပြည်သူတွေမဲပေးခွင့်ရစေချင် တယ်လို့ ခူမီးလူမျိုးညှိနှိုင်းရေးကော်မတ အဖွဲ့ဝင် ဆလိုင်းပိုင်နန်း က ပြောပါတယ်။

"လုံခြုံရေးအပိုင်းနဲ့ တချို့နေရာတွေမှာ အဆင်မပြေတဲ့နေရာတွေ တကယ်ရှိပါတယ်။ ဒါပေမဲ့ တမြို့ နယ်လုံး ကို ခြုံကြည့်တဲ့အခါ လုပ်လို့ရတဲ့နေရာတွေ အများကြီးရှိပါတယ်။ ဥပမာ ဆမီးနဲ့မတူပီကြားမှာရှိတဲ့ ရွာကလေး တွေကျတော့ အရမ်းအေးချမ်းတယ်လေ။ ဘာမှမဖြစ်ဘူး။ လက်နက်ကိုင်အဖွဲ့တွေ ဒီဘက်လာတာလည်း မရှိပါဘူး။ မြစ်ချောင်းအထက်မှာပေါ့၊ ဆမီးရဲ့ အပေါ်ပိုင်းမှာရှိတဲ့ သံရွာအုပ်စုတို့ ဘာတို့ဆိုရင် အရမ်းကို အေးချမ်းတယ်။ လုပ်လို့ရတဲ့အနေအထားမှာရှိတယ်။ နောက်ပလက်ဝနီးတဲ့နေရာဆိုရင် ပလက်ချောင်း တလျှောက်မှာရှိတဲ့ ပီကင်းဝအုပ်စုတို့၊ သမန်ဝါးအုပ်စုတို့ဆိုရင် လုပ်လို့ရတဲ့အနေအထားမှာရှိတယ်။"


ရွေးကောက်ပွဲဖျက်သိမ်းလိုက်တဲ့နေရာတွေက ပြည်သူတွေ မဲပေးခွင့်ဆုံးရှုံးသွားပေမယ့် ကိုယ်စားလှယ်လောင်း ဆုံးရှုံးမှာမဟုတ်ဘူးလို့ ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်က ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့တော့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ကျန်တဲ့ကာကွယ်ရေးဝန်ကြီးဌာနတို့ ပြည်ထဲရေးဝန်ကြီးဌာနတို့ လူကြီးတွေကတော့ အဓိက Target ကတော့ ကျွန်တော်တို့ ရွေးကောက်ပွဲလုပ် ပေးတယ်ဆိုတာကတော့ မဲဆန္ဒရှင်တွေအတွက် လုပ်ပေးတာ မဲဆန္ဒရှင်တွေ သူတို့ကိုယ်စား လွှတ်တော်ထဲ ရောက်နိုင်ဖို့ မဲဆန္ဒရှင်တွေကို အဓိကဦးစားပေးလုပ်တာ။အခုလက်ရှိ အခြေနေတစ်ခုအရ မဲဆန္ဒရှင်တွေရဲ့ အခက်ခဲကို ဦးတည်ပြီးတော့ လူကြီးတွေက စဉ်စားထားတာဖြစ်တဲ့အတွက်ကြောင့် မြို့နယ်တစ်မြို့နယ်လုံးမှာ လွှတ်တော်ကိုယ်စားလှယ် ငါးယောက် ရမယ့်ဟာလည်း အခုဆိုလို့ရှိရင် ပလက်ဝမြို့နယ်မှာ ငါးယောက်လုံး ရသွားပြီ။ ပြည်သူ့အသံလည်း လွှတ်တော်ထဲရောက်သွားမယ်။ ဒီနေရာလောက်ကိုပဲ ကွက်ကျင်းပတာ ဆိုတဲ့ဟာလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းတွေလည်း ငါးယောက်ရမယ်။ များများကျင်းပမယ် ဆိုလို့ရှိရင် အန္တရာယ်ဖြစ်လာရင် ပြည်သူတွေပဲ ထိခိုက်နစ်နာမယ်။"

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီရဲ့ ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ငြိမ်းက တိုက်ပွဲမရှိတဲ့နေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပစေချင်ပါတယ်။

"ဆမီးနှင့် မတူပီကြားမှာ ဘာတိုက်ပွဲမှမဖြစ်ဘူး ဘာမှတိုက်ပွဲမဖြစ်တဲ့နေရာမှာတော့ ထည့်သင့်တယ်လို့ ကျွန်တော်က ယူဆတာပေါ့လေ။ ဘာတိုက်ပွဲမှမဖြစ်တဲ့ ကျေးရွာအုပ်စုအများကြီးရှိတယ်။ အဲဒီနေရာမှာ မကျင်းပတော့ လူထုကနစ်နှာတာပေါ့။"


ရွေးကောက်ပွဲ ဖျက်သိမ်းခံလိုက်ရတဲ့ ပလက်ဝမြို့နယ်၊ တင်းဘုန်းကျေးရွာက ရွာအုပ်ချုပ်ရေးမှူး ဦးမိုင်ကေလ် က မဲပေးခွင့်ဆုံးရှုံးရတဲ့အတွက် ဝမ်းနည်းတယ်လို့ ပြောပါတယ်။

"ဒါပေမဲ့လည်း ကျွန်တော်တို့က ဖြစ်နိုင်ရင်တော့ မဲကိုလည်း ထည့်ချင်တာပေါ့။ ကျွန်တော်တို့အနေနဲ့ မဲထည့် ခွင့်မရဘူးဆိုတော့ ကျွန်တော်တို့စိတ်ထဲမှာတော့ ကိုယ့်နိုင်ငံကို အုပ်ချုပ်မယ့်အစိုးရကို ကိုယ်က ရွေးချယ်ခွင့် မရဘူးပေါ့။ အဲလိုမျိုးဖြစ်နေတဲ့ အခြေနေမျိုးမှာလည်း ဒီထက်မက အစိုးရသစ်တက်လာရင်တော့ ကျွန်တော်တို့ မျှော်လင့်ချက်တွေ အများကြီးရှိမှာ၊ နောက်မှာအကြောင်းအမျိုးမျိုးပေါ့နော်။ ရောဂါရယ်၊ နိုင်ငံရေးအခြေအနေ ရယ်၊ နယ်မြေအခြေနေရယ် အဲဒါတွေကို အစိုးရသစ်ကို ကိုယ်ကိုယ်တိုင်က မဲပေးနိုင်ရင်တော့ ဒီထက်မက မျှော်လင့်ချက်တွေ အများကြီးရှိလာမယ်လို့ ကျွန်တော်တို့ ခံစားရတာပေါ့ဗျာ။ အခုမဲထည့်ခွင့် မရှိဘူးဆိုတာ မျိုးကို ကြားလိုက်ရတော့ ကျွန်တော်တို့လည်း ကိုယ်ရွေးမယ့် ကိုယ့်တိုင်းပြည်ကို အုပ်ချုပ်မယ့် မရွေးချယ် နိုင်ဘူးဆိုပြီးတော့မှ ခံစားရတာပေါ့။"


တင်းဘုန်းကျေးရွာဟာလည်း နယ်မြေအေးချမ်းတဲ့ရွာလို့ဆိုပါတယ်။ ပလက်ဝမြို့နယ်မှာ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ခူမီး(ခမီး)အမျိုးသားပါတီတို့က ကိုယ်စားလှယ်လောင်းတွေ ယှဉ်ပြိုင်ကြမှာပါ။

ရွေးကောက်ပွဲကျင်းပဖို့ ကိုးရက်သာလိုတော့ပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပလက်ဝမြို့နယ်ထဲ တကယ့်မြေပြင်အခြေနေတွေကို စစ်ဆေးပြီး လုံခြုံရေးကောင်းတဲ့ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲပြန်ကျင်းပ ပေးဖို့ မဲဆန္ဒရှင်ဒေသခံတွေနဲ့ ကိုယ်စားလှယ်လောင်းတွေက မျှော်လင့်နေကြပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)