ပုလဲမြို့နယ်က ဒုက္ခသည် တစ်သိန်းဝန်းကျင် အကူအညီ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ချောင်းဦးကျေးရွာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် မီးရှို့ခံရသည့် နေအိမ်တွေကို တွေ့ရစဥ်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ချောင်းဦးကျေးရွာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် မီးရှို့ခံရသည့် နေအိမ်တွေကို တွေ့ရစဥ် (Photo: Citizen Journalist)

ပုလဲမြို့နယ်ဟာ တစ်နိုင်ငံလုံး အတိုင်းအတာအရ နေအိမ်တွေ မီးရှို့ခံရမှု အများဆုံးမြို့နယ် ဖြစ်သလို စစ်ဘေးတိမ်းရှောင်နေရတဲ့ ရွာပေါင်း ၅ဝ ဝန်းကျင်က ဒုက္ခသည်တွေဟာ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီထဲမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံခဲ့ရတဲ့ ရွာပေါင်း ၂ဝ က ဒေသခံတွေလည်း ပါဝင်ပါတယ်။

ဒီနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ နောက်ပိုင်းကစလို့ အခု မတ်လလယ်အထိ ပုလဲမြို့နယ်က ရွာ ၉ ရွာဟာ ရွာလုံးကျွတ်မီးရှို့ခံရပြီး အဲဒီထဲက မွေ့တုံ၊ ပန်းရွာနဲ့ လှော်ကားရွာက ဒေသခံတွေ ကလွဲရင် ကျန်တဲ့ရွာတွေက ဒေသခံတွေဟာ ကိုယ့်ရွာအနီးကိုတောင် မပြန်နိုင်သေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ပန်းရွာ ဒေသခံတွေဟာ ရွာအနီးနားကို ပြန်လာနိုင်ပေမဲ့ မီးလောင်ခဲ့တဲ့နေအိမ်ကို ပြန်မ ဆောက်နိုင်သေးတာ၊ လုံခြုံရေးစိုးရိမ်ရတာတွေကြောင့် အနီးအနားက တောအုပ်တွေထဲမှာ ပဲ ခိုအောင်းနေရပြီး နေထိုင်ရေးနဲ့ ကျန်းမာရေး အခက်တွေ့နေတယ်လို့ နေအိမ်မီးရှို့ခံရတဲ့ ပန်းရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်ကိုယ်တိုင် မီးဘေးသင့် စစ်ရှောင်နေရတဲ့ မိသားစုပါ။ ကျွန်တော်တို့ဆိုရင် ရွာထဲမှာ အိုးအိမ်ကမရှိတော့ ကျွန်တော် အပါအဝင် အိမ်ထောင်စု ၂၀ ဝန်းကျင်လောက် ရှိပါသေးတယ်၊ တောထဲမှာ သစ်ပင်အောက်တွေ၊ သာမန်တဲလေးတွေ၊ အမိုးအကာလေး တွေနဲ့ ရက်ပေါင်း ၅၀ ကျော်ပါပြီဗျ။ ပုလဲဆိုတာ အညာဒေသဖြစ်တဲ့အတွက် နေ့ခင်းဆို ဒီကာလက အရမ်းပူပါတယ်။ ညကျ အရမ်းအေးပါတယ်။ အဲဒါကြောင့် ကလေးတွေ၊ သက်ကြီးရွယ်အို အမျိုးသမီးတွေဆိုရင် ကျန်းမာရေးချို့တဲ့တာတွေ၊ ဖျားနာတာတွေ လည်း ကြုံနေရပါတယ်ဗျ”

ပုလဲမြို့နယ်ထဲမှာ မွေ့တုံ၊ ပန်းရွာ၊ ကိုင်းတွင်း၊ လှော်ကား၊ ချောင်းဦး၊ တုံးကန်၊ ထန်းတောတိုက်၊ သပြေအေး၊ နှောရိုး စတဲ့ ရွာပေါင်း ၉ ရွာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နောက်ပိုင်း စစ်ကောင်စီတပ်တွေ မီးရှို့ခံခဲ့ရပါတယ်။

ဒုက္ခသည်တွေမှာ သောက်သုံးရေအခက်အခဲလည်း ကြုံနေရတယ်လို့ ပုလဲမြို့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။

“ရေကတော့ ရှားတာပေါ့ဗျာ။ နွေရာသီရောက်လာတော့ ဥပမာ လှော်ကားတို့ ဘာတို့ဆို မီးလောင်ပြင်ကြီးထဲ လျှပ်စစ်မီးပါပျက်နေတဲ့အခါမှာ လျှပ်စစ်မီးနဲ့ ရေကို မောင်းတဲ့ ရွာတွေ။ အဲဒီရွာတွေမှာ ဆိုလို့ရှိရင်တော့ ရေခက်ခဲတယ်။ အခု ခက်ခဲမယ့်ရွာတွေက နောက်ရှို့ခံထားရတဲ့ ကိုင်းတွင်းတို့၊ သပြေအေးတို့ နှောရိုးတို့ တုံးကန်တို့ ချောင်းဦးတို့ အဲဒီမှာတော့ ရေခက်ခဲနေတယ်”

ပုလဲမြို့နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ပို့တဲ့ စားနပ်ရိက္ခာနဲ့ အကူအညီပစ္စည်း တွေကို စစ်ကောင်စီတပ်တွေက မန္တလေး - မုံရွာလမ်းပိုင်း၊ ပခုက္ကူလမ်းပိုင်းတို့မှာ ပိတ်ဆို့ စစ်ဆေးနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကျားသစ်နက်အဖွဲ့က ဆရာ ဖိုးသား က ပြောပါတယ်။

ကျားသစ်နက်အဖွဲ့ အပါအဝင် ဒေသတွင်း PDF အဖွဲ့တွေဟာ စစ်ဘေးဒုက္ခသည်တွေကို ထောက်ပံ့ကူညီနေရပါတယ်။ အဲဒီအတွက် အကူအညီတွေရဖို့ မျှော်လင့်နေတယ်လို့ ဆရာ ဖိုးသား က ဆိုပါတယ်။

"ပုလဲဆိုတာ အညာဒေသဖြစ်တဲ့အတွက် နေ့ခင်းဆို ဒီကာလက အရမ်းပူပါတယ်။ ညကျ အရမ်းအေးပါတယ်"

စစ်ကိုင်းတိုင်းက မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ခေါင်းဆောင် ဗိုလ်နဂါး က ဒုက္ခသည်တွေကို ကူညီနိုင်ဖို့ အဖွဲ့အစည်းတစ်ခု စုဖွဲ့ပြီး စီစဉ်နေတယ်လို့ RFA ကို ပြောပါတယ်။

“စားနပ်ရိက္ခာကတော့ ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေရော၊ ဒေသတွင်းက တချို့ပရဟိတ အဖွဲ့ အစည်းတွေရော ဝိုင်းဝန်းလုပ်ကိုင်နေကြပါတယ်။ အဖွဲ့နာမည် တော့ မပေးထားဘူးပေါ့ဗျာ။ လျှို့ဝှက်ပြီး ရွာထဲက ဝါသနာပါတဲ့၊ အနစ်နာခံပြီး လုပ်နိုင်မယ့်သူတွေကို စုပြီး ပိုက်ဆံရှာပေးတယ်။ အဝတ်အထည် ရှာပေးတယ်။ အစားအသောက် အနည်းငယ်ရှာပေးတယ်။ သူတို့ကိုယ်တိုင်လည်း ဝိုင်းရှာတာပေါ့”

Data For Myanmar ရဲ့ မတ်လ ၁၆ ရက်နေ့အထိ စာရင်းတွေအရ စစ်ကိုင်းတိုင်း တစ်တိုင်းလုံးမှာ အိမ်အလုံးရေ ၄၄၂၆ လုံး မီးရှို့ခံထားရပါတယ်။ အဲဒီထဲမှာ ပုလဲမြို့နယ်က မီးရှို့ခံရတဲ့ အိမ် ၂ဝ၂၁ လုံးနဲ့ အများဆုံးပါ။

NUG အနေနဲ့ ပိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖော်ဆောင်ပြီး အဲဒီကတစ်ဆင့် စစ်ဘေးဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဌာနတစ်ခုအနေနဲ့ ဆောင်ရွက်သင့်တယ်လို့ ဗိုလ်နဂါးက အကြံပြုပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ မီးရှို့ခံရသည့် ကျေးရွာတစ်ရွာမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြစဥ် (Photo: CJ)
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ မီးရှို့ခံရသည့် ကျေးရွာတစ်ရွာမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြစဥ် (Photo: CJ)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်က စစ်ဘေးဒုက္ခသည် တစ်သိန်းအတွက် ကူညီခဲ့တယ် လို့ ကြေညာထားပါတယ်။

ပုလဲမြို့နယ် ပန်းရွာက ဒုက္ခသည်တစ်ယောက်က စားနပ်ရိက္ခာအတွက်ကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG ဆီကနေ ငွေသားအနည်းငယ် အထောက်အပံ့ရတာမျိုးရှိပေမဲ့ မလုံလောက်ဘူးလို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကတော့

“ ပုလဲမြို့နယ်တစ်ခုတည်းအတွက်ဆိုရင်တော့ ဒီနှစ် ဇန်နဝါရီလကနေ ဒီနေ့အထိ ပြည်သူ့ဝန်ဆောင်မှု အနေနဲ့ ထောက်ပံ့နိုင်တာ ကျပ်သိန်း ၄ဝ၃၆၇၃၅ဝ ရှိတယ်။ စစ်ဘေးရှောင်အားလုံးကို မလွှမ်းခြုံနိုင်ပေမယ့် အတိုင်းအတာတစ်ခုအထိတော့ အထောက်အပံ့ဖြစ်နေတယ်လို့ ပြောလို့ရတယ်။”

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ဒီကာလမှာ စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေ ပိုမိုများပြားလာပြီး ပြည်သူမှ ပြည်သူသို့ အကူအညီကိုသာ အဓိကထားဆောင်ရွက်နေ ကြရသလို လိုအပ်ချက်ကလည်း ပိုများပြားလာတဲ့အတွက် ဝိုင်းဝန်းကူညီပေးကြဖို့ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ဂျပန်အစိုးရနဲ့ ဂျပန်ပြည်သူတွေကို မတ်လ ၁၈ ရက် နေ့က မေတ္တာ ရပ်ခံထားပါတယ်။

ဒီဒုက္ခသည်တွေအတွက် ယာယီတဲတွေ၊ အဝတ်အထည်၊ အစားအသောက်နဲ့ ငွေကြေး ထောက်ပံ့မှုတွေ လိုအပ်နေပြီး ပုလဲမြို့နယ်တွင်း ကုန်ဈေးနှုန်းတွေလည်း နှစ်ဆကျော် ကြီးမြင့်နေတဲ့အတွက် အကူအညီတွေ အလျင်အမြန်ရဖို့ကို မျှော်လင့်နေကြပါတယ်။