ပုလဲမှာ စစ်ကြောင်းကြောင့် ထွက်ပြေးရတဲ့ဒေသခံ တစ်သောင်းကျော်ရှိလာပြီး အကူအညီလိုအပ်နေ

RFA Burmese
2023.12.17
ပုလဲမှာ စစ်ကြောင်းကြောင့် ထွက်ပြေးရတဲ့ဒေသခံ တစ်သောင်းကျော်ရှိလာပြီး အကူအညီလိုအပ်နေ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Pale Entertainment

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲကရွာတွေကို အင်အားရှစ်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီ တပ်သားတွေ ဒီဇင်ဘာလ ၁၁ ရက်ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ထွက်ပြေးရတဲ့ ဒေသခံ တစ်သောင်းကျော်ရှိလာပြီး ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့နယ်ထဲက ရွာတွေဖြစ်တဲ့ နွယ်ရှောက်၊ လက်ပုကန်၊ ဇော်ချမ်းကုန်း၊ ကုက္ကိုလ်ကုန်း၊ မြကုန်းနဲ့ ရိုးရွာ အပါအဝင် ဆယ်ရွာနီးပါးက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတာပါ။

"လှည်းနိုင်သလောက်လေး ယူကြရတာ။ ကျန်တာတော့ အိမ်မှာအကုန်ထားခဲ့ရတာ"

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နွယ်ရှောက်ရွာ ဒေသခံတစ်ဦးကတော့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ စစ်ကောင်စီ တပ်သားတွေ ရွာနားရောက်လာတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

“တစ်ပိုင်တစ်နိုင်လေး နိုင်သလောက်ယူပြီး ထွက်ကြတာပေါ့။ မနိုင်တာတွေတော့ ထားခဲ့ရတယ်။ ဆိုင်ကယ်နဲ့ ဆိုတော့လေ။ တချို့ကလည်း လှည်းပေါ့၊ လှည်းနိုင်သလောက်လေး ယူကြရတာ။ ကျန်တာတော့ အိမ်မှာ အကုန်ထားခဲ့ရတာ။ အခုကျတော့ စပါးတွေ ရိတ်တဲ့သူကရိတ်၊ မပြီးသေးတဲ့ သူတွေကလည်း ပစ်ထားခဲ့ရတာပေါ့ဗျာ။ ရွာပြန်မှသိရမှာ သူတို့ ဘာတွ မွှေသွားလဲ။ ဘာတွေ လုပ်သွားလဲဆိုတာ မသိရသေးဘူး။ ရွာပြန်မကပ်ရဲသေးဘူးဆိုတော့”

အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၁၇ ရက်ဒီနေ့မနက် ၆ နာရီဝန်းကျင်မှာလည်း နွယ်ရှောက်ရွာကနေတစ်ဆင့် လက်ပုကန်ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် တစ်ရွာလုံး ထွက်ပြေးခဲ့ရတယ်လို့ လက်ပုကန် ဒေသခံတွေက ပြောပါတယ်။

ကောက်ပဲသီးနှံတွေ မရိတ်သိမ်းရဘဲ ထွက်ပြေးနေရတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လက်ပုကန် ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီပုလဲနယ်မြို့ထဲက ရွာတိုင်းလိုလိုကို ပြေးနေရတယ်။ အခုလည်း လက်ပုကန်ရွာထဲမှာ ရောက်နေတယ်။ ဒီနေ့မနက်မှာ သူတို့ (စစ်ကောင်စီ) လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ဖောက်ပြီး ဝင်လာတာ။ နောက်ပြီးတော့ သူတို့က မည်းမည်းမြင်ရင် ပစ်တာပေါ့။ ၊ စပါးတွေလည်း သူတို့က၊ သူတို့လိုတာယူပြီးတော့ စပါးတွေကို မြေကြီးတွေမှာ ဖြန့်ပစ်ခဲ့တာတွေရှိတယ်”

အိမ်ခြေ ငါးရာကျော်၊ လူဦးရေနှစ်ထောင်ကျော် နေထိုင်တဲ့ လက်ပုကန်ရွာ အပါအဝင် အနီးအနားရွာတွေဟာ မကြာခဏ စစ်ကြောင်းထိုးခံနေရတဲ့ ရွာတွေဖြစ်ပြီး အများစုဟာ ဘေးလွတ်ရာကို ကြိုတင်ထွက်ပြေး နေကြတာကြောင့် ဖမ်းဆီးခံရတာမရှိဘူးလို့ ဆိုပါတယ်။

အဲဒီ ဒေသခံတစ်သောင်းကျော်ဟာ ကူညီသူလည်းမရှိတဲ့အတွက် ဆောင်းတွင်းကာလမှာ အဝတ်အထည်တွေအပြင် ဆေးဝါးနဲ့ စားရေးသောက်ရေး အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးကတော့ စားနပ်ရိက္ခာနဲ့ နေထိုင်စရာ အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ RFA ကို ပြောပါတယ်။

“အခုက လောလောဆယ်တော့ လက်ပုကန်ထဲတော့ ရောက်နေပြီ။ ဒီဘက်ကို ရှောင်တာက လက်ပုကန်၊ ရွာရှောက်၊ ကုက္ကိုကုန်း၊ ရေရှည်ဆို လိုအပ်မှာပေါ့။ ဘယ်လိုနေနေ ဒီကြားကာလမှာ ပြည်သူတွေရော၊ အဖွဲ့အစည်းတွေရော အကုန်လုံးက ကိုယ့်အသက်မသေရေးနဲ့ ဆက်ရုံပဲ သွားနေကြရတာကို။ စီးပွားရေးလုပ်ငန်း ဆိုရင်တော့ ပြောမနေနဲ့တော့”

လတ်တလောမှာတော့ ထွက်မပြေးရတဲ့ရွာတွေမှာပဲ စစ်ဘေးဒုက္ခသည်တွေအတွက် နေထိုင်၊ စားသောက်ဖို့ အကူအညီပေးထားတယ်လို့ ဆိုပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဝင်တစ်ဦးကလည်း စစ်ဘေးဒုက္ခသည်တွေထဲမှာ သက်ကြီးရွယ်အို၊ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ RFA ကို ပြောပါတယ်။

“အဓိကကတော့ စစ်ကြောင်းလွတ်တဲ့ ကျေးရွာတွေပေါ့နော်။ သွားရှောင်ရတာရှိတယ်။ တောတောင်တွေထဲမှာပေါ့။ နွားတွေပါတာဆိုတော့ နွားစာအဆင်ပြေအောင်ဆိုပြီး တော၊ တောင်၊ သစ်ပင်တွေအောက် ရှောင်တာတွေရှိပါတယ်။ ဒီရက်ပိုင်းမှာ အရမ်းအေးလာတဲ့ အတွက် သက်ကြီးရွယ်အိုတွေ၊ ကလေးမိခင်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ နာမကျန်းသူတွေပါတော့ အရမ်းကြီး ဒုက္ခရောက်ရတဲ့ အခြေအနေတွေကို ကျွန်တော်တို့ မြင်တွေ့ရပါတယ်”

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည် အဘိုးအိုတစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Pale Entertainment)
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည် အဘိုးအိုတစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Pale Entertainment)

အခုရက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်တာမရှိဘူးလို့ ပုလဲမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

ပုလဲမြို့နယ် မင်းတိုင်ပင်ရွာမှာ ဒီဇင်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မြို့နယ်တရားရေးတာဝန်ခံနဲ့ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ် တစ်ဦး အပါအဝင် ငါးဦးသေဆုံးခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သန်းကျော်ရှိလာပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။