လူ ၁၀၀ နီးပါးသေဆုံးခဲ့တဲ့ ပဇီကြီးရွာမှာ ရုပ်အလောင်းဆက်ကောက်ဖို့ ခက်ခဲနေဆဲ
2023.04.12

မနေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာခံရတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ဧပြီ ၁၂ ရက် ဒီနေ့အထိ စစ်တပ်က ရဟတ်ယာဉ်နဲ့ ပျံဝဲစောင့်ကြည့်နေပြီး ရွာနားမှာလည်း စစ်ကြောင်းတစ်ကြောင်း တပ်စွဲထားတာကြောင့် သေဆုံးတဲ့ ရုပ်အလောင်းနဲ့ ကြွင်းကျန်တဲ့ခန္ဓာကိုယ် အပိုင်းအစတွေကို ပြီးအောင် မကောက်ယူနိုင်သေးသလို ဒဏ်ရာရသူတွေလည်း ဆေးကုသဖို့ခက်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတချို့ကတော့ ပဇီကြီးရွာဖြစ်ရပ်မှာ သေဆုံးသူ အရေအတွက်ဟာ ၁၂၀ ကျော် ဒါမှမဟုတ် ၁၅၀ နီးပါးခန့် ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကတော့ ဒီကနေ့ထိ ရုပ်အလောင်း ၈၀ ကျော်ကို သင်္ဂြိုဟ်နိုင်ခဲ့ပြီး အဲဒီအထဲမှာ ကလေး ၂၂ ဦး ပါဝင်တယ်လို့ ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ၁၀ နှစ်အရွယ် မြေးမလေးနဲ့ အသက် ၅၀ အရွယ် ဆွေမျိုးသားချင်း နှစ်ဦး ပါဝင်ပေမယ့် သူတို့ရဲ့ ရုပ်အလောင်းတွေကို ဒီနေ့အထိ ရှာမတွေ့သေးဘူးလို့ အမည်မဖော်လိုတဲ့ ပဇီကြီးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"ကျနော့်မြေး ပါတယ်။ ယောက်ဖနှစ်ယောက် ပါတယ်။ ယောက်ဖ နှစ်ယောက်ကတော့ အသက် ၅၅၊ ၆၀ အရွယ်တွေ။ မြေးမလေးကတော့ ၁၀ နှစ်အရွယ်ပါ။ အခုပျောက်နေတာ ၁၀ နှစ်သမီးအရွယ်တွေ သုံးဆယ်ကျော်၊ လေးဆယ်လောက် ပါတယ်။ မရှိတော့ဘူးဗျာ၊ ကျနော်တို့ ချိတ်ဆက်တယ်။ ရွာမှာပေါ့ သူရော၊ ကိုယ်ရော ဖုန်းလိုင်းတွေနဲ့ ချိတ်ဆက်တာ၊ ပါသွားတာ (သေသွားတာ) သေချာတယ်။ မနေ့က နှစ်ကြိမ် လာပစ်တယ်ဗျ။ မနက် ၇ နာရီမှာ ပစ်တယ်။ ညနေ ၄ နာရီခွဲမှာ လာထပ်ပစ်တယ်။ အဲလိုကျတော့ ကျနော်တို့ အကုန်လုံးကို မသိမ်းဆည်းနိုင်သေးဘဲ ထားခဲ့ရတာ"
ပဇီကြီးရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ရွာကြီး ဖြစ်ပါတယ်။
မနေ့ကအဖြစ်ဆိုးကြောင့် တစ်ရွာလုံးထိတ်လန့်တုန်လှုပ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးနေရတာ ကြောင့် ရွာမှာအလောင်းကောက်ယူတဲ့ ကယ်ဆယ်ရေး လုပ်နေတဲ့သူတချို့ပဲ ကျန်တော့တယ်လို့ ကိုမျိုးလို့ အမည်လွှဲ ပေးထားသူက RFA ကို ဧပြီလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ပြောပြပါတယ်။
"ပဇီကြီးကျေးရွာရဲ့ လက်ရှိအခြေအနေပါ။ ဧပြီလ ၁၁ ရက်နေ့ လေကြောင်းတိုက်ခိုက်မှု အဆိုးဆုံး အကြိမ် ခံစားခဲ့ရပြီးတော့ လက်ရှိ ကျနော်တို့ ပဇီကျေးရွာရဲ့ မြေပြင် အခြေအနေဟာ အခုလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အခု ကျနော်တို့ ကယ်ဆယ်ရေး လုပ်နေတဲ့ အဖွဲ့လောက်ပဲ ရှိပါတယ်။ ကျေးရွာလူထုကတော့ တစ်စုံတစ်ယောက်မှမရှိဘဲ ဘေးလွတ်ရာကို ရှောင်တိမ်းနေရပါတယ်။ ဒီမှာ ကျနော်တို့ ဆိတ်အုပ်တို့၊ နွားအုပ်တွေ၊ ကြက်အုပ်တွေ လွှတ်ပြီးတော့မှ ထွက်ပြေးနေရပါတယ်။ လွှတ်ပြီးတော့ပဲ ထားခဲ့ရပါတယ်။ ဟိုဘက်မှာဆိုလည်း ဈေးဆိုင်ကြီးတွေရှိတယ်။ ဒီဘက်မှာဆိုလည်း တစ်ပိုင်တစ်နိုင် စီးပွားရေးတွေ လွှတ်ချပြီး ထွက်ပြေးတိမ်းရှောင်နေရတာ ရှိပါတယ်။ အခြေအနေကတော့ လုံးဝမကောင်းဘူးပေါ့နော်"
ရွာက မိသားစုတိုင်းမှာ ပျောက်ဆုံးနေသူတွေရှိပေမယ့် အခုချိန်ထိ လူလည်းမမြင်ရသလို ရုပ်အလောင်းလည်း ရှာမတွေ့သေးဘူးလို့ သူက ပြောပါတယ်။
ပဇီကြီးရွာမှာ PDF တွေလူစုပြီး အနီးအနားရွာတွေမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ စစ်ကောင်စီအဖွဲ့က မနေ့ညက ချက်ချင်းသတင်းထုတ်ပြန်ပါတယ်။
"ညနေ ၄ နာရီခွဲမှာ လာထပ်ပစ်တယ်။ အဲလိုကျတော့ ကျနော်တို့ အကုန်လုံးကို မသိမ်းဆည်းနိုင်သေးဘဲ ထားခဲ့ရတာ"
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကလည်း ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်မှုကို စစ်တပ်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ သေဆုံးသူတွေဟာ အရပ်သားတွေ မဟုတ်ဘဲ PDF တွေ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ MRTV ရုပ်သံဌာနကိုပြောပါတယ်။ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုဟာ PDF တွေ မိုင်းထောင်ရာမှာသုံးတဲ့ ယမ်းတွေသိုလှောင်တဲ့နေရာကို ကျရောက်ပေါက်ကွဲခဲ့လို့ လူသေဆုံးထိခိုက်မှုများခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဆိုပါတယ်။
ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီတပ်ဟာ အရပ်သားတွေ အပေါ် တိုက်ခိုက်မှုတွေလုပ်ပြီးတိုင်း သူတစ်ပါးကို အပြစ်ပုံချလေ့ရှိတယ်လို့ တုံ့ပြန်ပါ တယ်။
"သူတို့က ပစ်ပြီးပြီဆိုတော့ PDF လို့ပဲ လွှဲချမှာပဲလေ။ တကယ်တမ်းတော့ မြေပြင်မှာ PDF ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ကျနော်တို့ဘက်က အသိဆုံးပဲလေ။ မြေပြင်မှာ သေဆုံးတဲ့သူတွေက PDF ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ဒီကဒေသခံတွေနဲ့ ကျနော်တို့ PDF ရဲဘော်တွေကပဲ သိမှာ။ တခြားသူတွေကတော့ ဒီလိုပဲ လက်ညှိုးထိုးကြမှာပဲ။ တကယ်တမ်းကျတော့ (သေတဲ့အထဲမှာ) ကျနော်တို့ PDF တစ်ယောက်မှ မပါဘူး"
ပြည်သူ့ဘဏ္ဍာနဲ့ ဖွဲ့စည်းထားတဲ့စစ်တပ်က ကိုယ့်ပြည်သူကိုပြန်သတ်တာဟာ ပြည်တွင်းဥပဒေအရ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှုမြောက်တာကြောင့် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကနေ အရေးယူရမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
"ဒီစစ်တပ်က ပြည်သူ့တွေရဲ့ပိုက်ဆံနဲ့ ဖွဲ့ထားတဲ့စစ်တပ်၊ ပြည်သူတွေကို ကာကွယ်ဖို့အတွက် ဖွဲ့ထားတဲ့ စစ်တပ်၊ ပြည်သူတွေကို ပြန်သတ်ဖို့ ဖွဲ့စည်းထားတဲ့ စစ်တပ် မဟုတ်ဘူး။ အဲဒါ အရေးကြီးဆုံး အချက်ပဲ။ အဲဒီမှာတင် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးကို သူတို့ ကျူးလွန်ကြတယ်။ ပြည်သူတွေကို ကာကွယ်ဖို့ ပေးထားတဲ့ ပိုက်ဆံနဲ့ ပြည်သူတွေကို ပြန်သတ်တယ်။ ဒါ နိုင်ငံတော် သစ္စာဖောက်မှုပဲလေ။ ဒါကတော့ ပြည်တွင်းဥပဒေပေါ့။ ပြည်ပဥပဒေကျတော့ အစိုးရတစ်ရပ်က ကိုယ့်ပြည်သူကို ပြန်သတ်တယ်ဆိုရင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ကို ပို့ပြီးတော့ တာဝန်ရှိသူတွေကို ရုံးတင်စစ်ဆေးပြီး အပြစ်ပေးရမယ်လို့ ပြဋ္ဌာန်းထားတယ်"
ပဇီကြီးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဟာ စစ်ရာဇဝတ်မှုမြောက်တာကြောင့် ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းက အရေးယူ ဆောင်ရွက်သင့်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က မနေ့က ကြေညာချက်ထုတ်ပြီး တိုက်တွန်းထားပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တွမ်အင်ဒရူး၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ၊ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နဲ့ ကမ္ဘာ့နိုင်ငံတွေကလည်း စစ်ကောင်စီရဲ့လုပ်ရပ်ကို ဒေါသထွက်ကြပြီး ပြစ်တင်ရှုတ်ချကြပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေတိုးလုပ်လာတဲ့ စစ်ကောင်စီတပ်ကို လက်နက်ခဲယမ်းနဲ့ လေယာဉ်ဆီတွေ ပိတ်ဆို့ဖို့လည်း ပဇီကြီးရွာဒေသခံတွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။