မကွေးတိုင်းမှာ မတ်လအတွင်း နေအိမ် ၇၀၀ ကျော် မီးရှို့ခံရ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ခိုက်မှုတွေ ပြင်းထန်နေတဲ့ မကွေးတိုင်း ပေါက်၊ ဂန့်ဂေါ၊ ရေစကြိုမြို့နယ်တွေမှာ RFA က ပြုစုထားတဲ့ အချက်အလက် တွေအရ ပြီးခဲ့တဲ့ မတ်လအတွင်း ရွာပေါင်း ၁၈ ရွာက နေအိမ် ၇၀၀ ကျော် မီးရှို့ခံခဲ့ရပါ တယ်။ သတ်ဖြတ်ခံရသူ ၁၀ ဦးကျော်ရှိခဲ့သလို အဖမ်းခံရသူ လည်း ၃၀ ကျော်အထိ ရှိခဲ့တာပါ။
ဂန့်ဂေါမြို့နယ်ထဲက သင်တော၊ ရွှေဘို၊ မြင်သာ၊ ကုန်းရွာနဲ့ စန်းမြို့ရွာတွေမှာ ဖေဖော်ဝါရီလ ၂၈ ရက်ကနေ မတ်လ ၂ ရက်နေ့အထိ သုံးရက်တာအတွင်း ပြည်သူ ၁၀ ဦး သတ်ဖြတ် ခံရပြီး နေအိမ် ၂၀၀ ကျော် မီးရှို့ခံခဲ့ ရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
မတ်လ ၂ ရက်နေ့မှာပဲ ပေါက်မြို့နယ် လယ်ယာရွာကို အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ က စီးနင်းဝင်ရောက်လာခဲ့ပြီးနောက် နေအိမ် ၂၁၀ ခန့် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အပြစ်မဲ့ပြည်သူတွေရဲ့ အိုးအိမ်တွေကို ဖျက်ဆီးတဲ့လုပ်ရပ်အပေါ် လက်ခံနိုင်စရာမရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
"ကျတော်တို့အိမ်တွေက ရှေးအိမ်ပေါ့ဗျာ။ တောဓလေ့ဆိုတော့ လေးပင် ငါးပင်ခေါ် ကြတာ။ ကျတော်တို့အိမ်က ငါးပင်အိမ်ဆိုတော့ အိမ်တန်ကြေးက ကာလပေါက်ဈေး ၇၀၊ ၈၀ မရှိဘဲနဲ့ မရဘူးဗျ။ သူတို့က အကုန်လုံးကို လိုက်ရန်မူနေပြီးမှ ဘာမှမဟုတ်တဲ့ ပြည်သူအချင်းချင်းကိုလိုက်ပြီး ပစ္စည်းဥစ္စာ၊ အသက်အိုးအိမ်၊ စည်းစိမ် ဆုံးရှုံးမှုဖြစ် အောင် လုပ်နေတာဆိုတော့ သူတို့လုပ်နေတဲ့ လုပ်ရပ်တွေ တရားသလား၊ မတရား သလားဆိုတာ သူတို့ကို ပြန်မေးချင်တယ်"
နေအိမ်နဲ့အတူ ကာလတန်ဖိုး ၁၅ သိန်းခန့် တန်ဖိုးရှိတဲ့ သူ့ရဲ့ စပါးကြိတ်စက်ပါ မီးထဲပါသွားတယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် လယ်ယာရွာသား ၁၃၀၀ ကျော်ဟာ ဒီနေ့အထိ တောတောင်တွေထဲ ထွက်ပြေးနေကြရဆဲ ဖြစ်သလို တောင်ယာအလုပ်တွေကိုလည်း မလုပ်နိုင်ကြတော့ဘူး လို့လည်း သူက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ဟာ မတ်လ ၃ ရက်နေ့မှာ အိမ်ခြေ ၁၂၀ ခန့်ရှိတဲ့ လက်ပံလှရွာကို ဆက်လက်ဝင်ရောက်ခဲ့ပြီးနောက် နေအိမ် ၅၀ ကို မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလုပ်ရပ်ကို မခံမရပ်ဖြစ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြန်လည်တိုက်ခိုက်ရာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ ပေါက် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"ပြည်သူတွေကို တအားဒုက္ခပေးလွန်းလို့ PDF ကလည်း မခံမရပ်နိုင်ဖြစ်ပြီးတော့ ထိပ်တိုက်တွေ့တယ်။ PDF ၅ ဦးကို အရှင်ဖမ်းမိသွားလို့ မီးရှို့သတ်တယ်။ အိမ် သုံးလုံးလောက်ကိုလည်း မီးရှို့တယ်”
အဲဒီဖြစ်ရပ်ကြောင့် လက်ပံလှရွာက ဒေသခံ ၄၇၀ ကျော်ဟာ ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။
မတ်လ ၅ ရက်နေ့ကလည်း အင်းငယ်ဒေါင့်ရွာမှာ သားအမိနှစ်ဦး အသတ်ခံခဲ့ရသလို အသက်မပြည့်သေးတဲ့ ကလေး ကိုးဦး၊ အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ရှစ်ဦး၊ စုစုပေါင်း ၂၉ ဦးလည်း ဒီနေ့အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် တောင်အိုရွာမှာနေထိုင်တဲ့ ကိုလွမ်းဝေဆိုသူကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးရာမှာ မတွေ့တဲ့အတွက် မိခင် ဒေါ်ညိုစန်း၊ မဆွေဆွေဝင်း၊ မနှင်းယုဝေတို့ သားအမိသုံးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ကိုလွမ်းဝေက ပြောပါတယ်။
"ကိုယ့်မိသားစုအတွက်လည်း ပူပန်တယ်။ ညီမလေးဆို အခုမှ ၁၄ နှစ် ပဲရှိသေးတာ။ ဘာမှသိတဲ့ ကလေးမဟုတ် ဘူး။ ဇာတ်ကားကြည့်မယ်၊ ဂိမ်းဆော့မယ်ဆိုတာလောက်ပဲ သိတဲ့ကလေး။ အဲ့လိုမျိုးကျတော့ တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်ဗျာ။ အမေဆိုလည်း ဗိုက်ခွဲထားတာ ခုမှ လေးလပဲရှိသေးတယ်။ အဲ့လိုမျိုးကျတော့ ကျန်းမာရေးက အဆင် မပြေဘူး။ မတရားတာကို ခံရတယ်ဗျာ။ သူတို့ဒီလိုမျိုးမရှိတဲ့ပစ္စည်းတွေနဲ့ စွပ်စွဲခံရတယ်။ ပြီးရင် လက်နက်ရှိတာနဲ့ ဒီလိုလုပ်တယ်ဆိုတော့ မခံမရပ်နိုင် ဖြစ်တယ်ဗျာ။ အပြစ် မရှိတဲ့သူတွေကို ပြန်လွတ်စေချင်တယ်"
သူတို့ကို ကနဦး ရေစကြို ခလရ( ၂၅၈) တပ်ထဲမှာ ဖမ်းဆီးပြီးနောက် အခုတော့ ရေစကြို မြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၂ (က) နဲ့ ဆက်လက်ချုပ်နှောင်ထားပြီး လာမယ့် ဧပြီလ ၄ ရက်နေ့မှာ ရုံးချိန်း ချိန်းဆိုထားတယ်လို့ ကိုလွမ်းဝေက ပြောပါတယ်။
ကိုလွမ်းဝေဟာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ပြဿနာတက်ဖူးသလို သူ့ရဲ့ လျှပ်စစ် ပစ္စည်းပြင်ဆိုင်မှာ တပ်ထားတဲ့ ဝိုင်ဖိုင်အင်တာနက်ကို လူငယ်တွေ အမြဲလိုလိုလာသုံးကြတဲ့ အတွက် သူဟာ PDF နဲ့ ဆက်စပ်သူ အဖြစ် စစ်ကောင်စီက လာရောက်ဖမ်းဆီးဖို့ ကြိုးစားခဲ့တာလို့ ဆိုပါတယ်။
"သူတို့လုပ်နေတဲ့လုပ်ရပ်တွေ တရားသလား၊ မတရားသလားဆိုတာ သူတို့ကို ပြန်မေးချင်တယ်"
ရေစကြိုမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က ကူတုပ်ရွာကို ဝင်ရောက်စီးနင်းချိန်မှာလည်း ရွာသားနှစ်ဦး သေဆုံးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂန့်ဂေါမြို့နယ်မှာလည်း မတ်လ ၂၃ နဲ့ ၂၄ ရက်တွေက ချောင်းကောက်၊ သာစည်၊ မိုးစို ၊ မွှေ့လယ်ရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က အလားတူဝင်ရောက်ခဲ့ကြပြီးနောက် အိမ်ခြေ ၂၅၀ ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီး တာဟာ သူတို့လက်ချက်မဟုတ်ဘဲ PDF အဖွဲ့တွေရဲ့ လက်ချက်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
မတ်လ ၁၃ ရက်နေ့က စည်သာကျေးရွာအုပ်စု ဂွေးချိုရွာမှာနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ကိုဝေလွင်ကို PDF အင်အား ၂၀ က လာရောက်ရှာဖွေရာမှာ မတွေ့တဲ့အတွက် အဲဒီရွာက အိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြထား ပါတယ်။
ပေါက်မြို့နယ် ညောင်းဝန်ပေါက်ကျေးရွာအုပ်စု သီးချောက်ကျေးရွာက သားအဖနှစ်ဦး ဖြစ်တဲ့ ဦးမောင်အောင်နဲ့ ကိုအောင်ခင်ထွန်းတို့ကို အလားတူ သတ်ဖြတ်ခဲ့ကြရာမှာ အဖေဖြစ်သူ သေဆုံးခဲ့ပြီး သားဖြစ်သူက လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
မကွေးလူထုတိုက်ပွဲကော်မတီဝင် ကိုချစ်ဝင်းမောင်ကတော့ ပြည်သူကို အနိုင်ကျင့် နေတာဟာ စစ်ကောင်စီသာ ဖြစ်တယ်လို့ ပြောပါတယ်။
"သူတို့ခြေကုပ်အုပ်ချုပ်လို့မရတဲ့အတွက် ပြည်သူဆိုတာလည်းမရှိဘူး။ လူငယ်၊ ကလေးဆိုတာလည်းမရှိဘူး။ သူတို့ရဲ့ဖက်ဆစ် ခြေလှမ်းကို တန့်အောင်လုပ်မယ့် ပြည်သူမှန်သမျှကို ရှင်းလင်းဖို့ကြိုးစားတယ်လို့မြင်တယ်။ လူ့အခွင့်အရေးရှုထောင့် ကပဲကြည့်ကြည့်၊ ကျင့်ဝတ်သိက္ခာအရပဲကြည့်ကြည့် ပြည်သူကိုအနိုင့်အထက် စော်ကား ဖိနှိပ်တာပဲဖြစ်တယ်"
မကွေးတိုင်းမှာ အခြားတိုင်းနဲ့ ပြည်နယ်တွေလိုပဲ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း လိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုနှစ် မတ်လ ၂၂ နေ့အထိ တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်ပေါင်း ၇၂၄၈ လုံး ရှိပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းပြီးရင် မကွေးတိုင်းဟာ နေအိမ် ၁၁၄၈ လုံးနဲ့ ဒုတိယအများဆုံး မီးရှို့ခံထားရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။