အာဏာသိမ်းမှုနဲ့ ကပ်ရောဂါကြောင့် အထည်ချုပ်လုပ်သား တစ်သိန်းခွဲကျော် အလုပ်လက်မဲ့ဖြစ်

2021.11.09
အာဏာသိမ်းမှုနဲ့ ကပ်ရောဂါကြောင့် အထည်ချုပ်လုပ်သား တစ်သိန်းခွဲကျော် အလုပ်လက်မဲ့ဖြစ် ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေသူတစ်ဦးကို ၂၀၂၀၊ မေ ၈ ရက်နေ့က တွေ့ရစဉ်
AFP Photo

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ လစဉ်ထုတ်သတင်းလွှာတွေပေါ်အခြေခံပြီး RFA က သီးသန့် ပြုစုထားတဲ့စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ထပ်မံဖြစ်ပွားလာတဲ့ ကိုဗစ်တတိယလှိုင်းဒဏ်ကို အကြီးအကျယ်ခံစားရတာကြောင့် အရင်က ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း အများအပြားကို ဖန်တီးပေးနိုင်ခဲ့တဲ့ အထည်ချုပ်စက်ရုံ ၂၅၆ ရုံဟာ ဒီနှစ်ထဲမှာ ပိတ်သိမ်း လိုက်ရပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းအတွင်းမှာ အထည်ချုပ်လုပ်သား တစ်သိန်းခွဲကျော် အလုပ်လက်မဲ့ဖြစ်နေတယ် လို့လည်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက သတင်းထုတ်ပြန်ထားပါတယ်။

"အလုပ်မရှိတော့ စားစရာတွေလည်း အဆင်မပြေဘူး။ အိမ်လခပေးဖို့လည်း အဆင်မပြေဘူး။ ”

အခုလို အခြေအနေမျိုးမှာ အရင်ထက်ပိုပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အထည်ချုပ်လုပ်သားတစ်ဦးက RFA ကို ပြောပါတယ်။

“အခုအချိန်က အလုပ်သမားခေတ် မဟုတ်တော့ဘူး အလုပ်ရှင်ခေတ်၊ နင်တို့ကြိုက်တဲ့နေရာသွားတိုင် အဲဒီလိုမျိုး အလုပ်ရှင်တွေ တော်တော်များများက ပြောတယ်ပေါ့နော်။ အခုလက်ရှိ အလုပ်ဆင်းနေတဲ့ အလုပ်သမားတွေ ဆိုလည်းအခွင့်အရေးတွေ မရတော့ဘူး။ လုပ်ခလစာကို တချို့ဆိုရင် ဖုန်းဆက်ပြီး ပြောတယ် တစ်နေ့ ၄၈၀၀ ပေးချင်လည်းပေးမယ် မပေးချင်လည်း မပေးတော့ဘူး။ နောက်တစ်ခုက OT ကြေး နဂိုတုန်းက ၁၂၀၀ ပေးတာကို အခု ၈၀၀ ပေးမယ်။ မပေးတော့ဘဲ OT ကြေးကို အလကားခိုင်းတဲ့ နာရီတွေလည်း ရှိတယ်။ နောက် လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် အလုပ်မလာတော့နဲ့ ထွက်ဆိုတဲ့ပုံစံမျိုး ကြုံတွေ့နေရတာပေါ့နော်”

သူအလုပ်လုပ်ခဲ့တဲ့ လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်ထဲက အထည်ချုပ်စက်ရုံမှာ သတင်းကျွတ် ပိတ်ရက် အတွက် လုပ်ခ ၄၀ ရာခိုင်နှုန်းသာ ပေးသလို၊ သဘောမတူတဲ့ သူတွေကိုလည်း စစ်တပ်ခေါ်လိုက်ရမလားဆိုပြီး မန်နေဂျာတွေနဲ့ အလုပ်ရှင်တွေက ခြိမ်းခြောက်လေ့ရှိတယ်လို့ သူက ဆိုပါတယ်။

အဲဒီအထည်ချုပ်စက်ရုံမှာ အရင်က အလုပ်သမား ၆၀၀ နီးပါးရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ် သမားဦးရေ လျှော့ချလိုက်တာကြောင့် အခုလောလောဆယ်မှာ အလုပ်သမား ၃၀၀ လောက်ပဲ ကျန်တော့ တယ်လို့ ဆိုပါတယ်။

လှိုင်သာယာမြို့နယ်ရှိ အခြားအထည်ချုပ်စက်ရုံတစ်ခုက အလုပ်သမတစ်ဦးးကလည်း သူ့စက်ရုံမှာ ဝန်ထမ်း ထက်ဝက်ခန့် လျှော့ချလိုက်တာကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး နောက်ထပ်အလုပ်ရှာဖို့ ခက်ခဲနေတယ်လို့ RFA ကို ပြောပါတယ်။

“အခု အလုပ်မရှိတဲ့ ကာလဆိုတော့ တခြားစက်ရုံတွေမှာ အလုပ်လျှောက်ဖို့ကိုလည်း အဆင်မပြေဘူးရှင့်။ ကျွန်မတို့လည်း လျှောက်ကြတယ်ပေါ့နော်။ မရတဲ့သူက များတယ်လေ။ ပြီးတော့ ရပြီဆိုလည်း အခု ကာလမှာ ဝန်ထမ်းကို နှိမ်နေတာဖြစ်နေတာလေ။ တစ်နေ့ကို ၅ ထည် ချုပ်ပေးရတယ်ပေါ့ ဥပမာဆိုရင် ၅ ထည်မပြည့်ဘူးဆိုရင် ၆နာရီ ပုံမှန်အလုပ်ဆင်းရမှာကို မပြည့်တဲ့ ၅ ထည်အတွက် လိုတဲ့ဟာကို OT ကြေး မရဘဲ ချုပ်ပေးရမယ်ဆိုတာမျိုး အခုက စက်ရုံတော်တော်များများမှာ ခေတ်စားနေတာ အထည်ချုပ်ပိုင်း မှာလေ။ တော်တော်ကိုမှ ဗရုတ်သုတ်ခဖြစ်ပြီး အဆင်မပြေဘူး။ အလုပ်မရှိတော့ စားစရာတွေလည်း အဆင်မပြေဘူး။ အိမ်လခပေးဖို့လည်း အဆင်မပြေဘူး။ ကျွန်မတောင် အခုရွာပြန်နေရတယ်။ ဟိုမှာ ဆက်မနေနိုင်တော့လို့လေ။ ဟိုမှာဆက်နေရင် အဆင်မပြေနိုင်တော့ဘူး”

စက်တင်ဘာ ၁ ရက်နေ့ကစလို့ စက်ရုံကို လေးလပိတ်ထားမယ်လို့ အလုပ်ရှင်က အသိပေးပြီးတဲ့နောက် အလုပ်သမားတွေကို ရသင့်ရထိုက်တဲ့ လုပ်ခလစာရဲ့လေးပုံတစ်ပုံသာ လျော်ကြေးပေးပြီး အလုပ်ရပ်နား လိုက်တာလို့ လည်း သူက ဆိုပါတယ်။

ဒါ့ကြောင့် အရင်က လုပ်သား တစ်ထောင်ကျော်ရှိခဲ့တဲ့ အဲဒီစက်ရုံမှာ အခုဆိုရင် အလုပ်သမား ၅၀၀ ဝန်းကျင်လောက်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် မတ်လထဲမှာ ရန်ကုန်မှာရှိတဲ့ တရုတ် အထည်ချုပ်စက်ရုံတချို့ မီးရှို့ခံရတာ၊ ဆန္ဒပြပွဲတွေနဲ့ ဖိနှိပ်ဖြိုခွင်းမှုတွေကြောင့် ကုန်စီးဆင်းမှုထိခိုက်ပြီး ကုန်ကြမ်းဈေးနှုန်း မြင့်တက်လာတာ၊ အရင်ကလောက် အလုပ်အော်ဒါ မရတာတွေက ရန်ကုန်မှာရှိတဲ့ အထည်ချုပ်လုပ်ငန်းကို အကြီးအကျယ် ထိခိုက်ခဲ့တယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်ဝင်း ကတော့ အထည်ချုပ် စက်ရုံတွေမှာ လူလျှော့ရတာမှန်ပေမယ့် လုပ်ငန်းတချို့ ဆက်ရှိနေဆဲလို့ ပြောပါတယ်။

“ကျွန်တော်တို့ အထည်ချုပ်လုပ်ငန်းကတော့ အလုပ်တွေကတော့ အခုရှိနေတယ်။ ဘယ်လိုပြောရမလဲ လူလျှော့တဲ့ရုံတို့ ပိတ်တဲ့ရုံတို့တော့ ရှိတာပေါ့နော်။ အကုန်လုံးပိတ်တာတော့ မဟုတ်ဘူး။ အလုပ်ရှိတဲ့ သူကလည်း ဆက်ရှိနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က EU တစ်ခုတည်းနဲ့ လုပ်တာ မဟုတ်ဘူးလေ။ ဂျပန် Market ကလည်း အများကြီးပဲ။ ဂျပန်ဈေးကွက်အတွက် ယူနီဖောင်းတွေ အများကြီး ချုပ်တဲ့ရုံတွေ အများကြီးရှိတာပေါ့”

စစ်အာဏာသိမ်းမှုကြောင့် စက်ရုံတွေပိတ်လိုက်ရကြောင်း ဦးအောင်ဝင်းက ပွင့်ပွင့်လင်းလင်း ထုတ်မပြော ပေမယ့် ကုန်ကြမ်းတွေ အချိန်မီ မရောက်နိုင်တာ၊ သယ်ယူပို့ဆောင်စားရိတ် မြင့်တက်တာ၊ ကုန်တင်ခတွေ မြင့်တက်တာနဲ့ ကိုဗစ်ရောဂါကြောင့်တော့ စက်ရုံတချို့ပိတ်လိုက်ရတယ်လို့ ဆိုပါတယ်။

garment-workers.jpg
(ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေကြသူတွေကို တွေ့ရစဉ်)

ပိတ်သိမ်းစက်ရုံများလာတဲ့ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ အလုပ်လက်မဲ့များလာပြီး အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေလည်း ပိုများလာတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ် သမားများအဖွဲ့ချုပ် (IWFM) ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းသိင်္ဂီစိုး က ပြောပါတယ်။

“ဒီလိုမျိုး ပိတ်သိမ်းတဲ့စက်ရုံ များလာတဲ့အခါမှာ အခုလက်ရှိ အလုပ်လုပ်နေတဲ့ အလုပ်ရှင်တွေက အလုပ် သမားတွေကို လုပ်ခလစာ နည်းနည်းလေးပေးပြီးတော့ သတ်မှတ်ထားတဲ့ အခြေခံလစာတောင် မပေးဘဲနဲ့ နေ့စားပုံစံမျိုးနဲ့ခေါ်ပြီး အလုပ်ခိုင်းတဲ့ကိစ္စတွေလည်းရှိတယ်။ ပြီးတော့ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကိုရော အခွင့်အရေးတွေ အပြည့်အဝမပေးချင်ရင် မပေးဘူး။ လုပ်ခလစာတွေလည်း အရင်တုန်းကလို မပေးဘူး။ ခံစားခွင့်တွေကိုလည်း ဘာမှမပေးဘူးပေါ့နော်။ မပေးဘဲနဲ့ မလုပ်ချင်ရင် ထွက်သွားဆိုတဲ့ ပုံစံမျိုးပေါ့နော်။ အလုပ်ရှင်တွေဘက်က အလုပ်သမားပေါတယ်၊ အလုပ်သမား ဈေးကွက် ပေါတယ်ပေါ့။ အလုပ်သမား အခုခေါ်ရင် အခုရတယ်ဆိုတဲ့ ပုံစံမျိုး များလာတာပေါ့နော်”

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလထုတ် သတင်းလွှာမှာ အထည်ချုပ် စက်ရုံပေါင်း ၇၄၁ ရုံအနက် ၂၅၆ ရုံလည်ပတ်နိုင်ခြင်း မရှိကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဒ်မှာတော့ မြန်မာနိုင်ငံ အထည် ချုပ်လုပ်ငန်းဟာ ပို့ကုန်ကဏ္ဍမှာ နိုင်ငံခြားငွေ အများဆုံးရှာဖွေပေးနေပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒဿမ၂၄ ဘီလီယံအထိ ဝင်ငွေရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။