ဒီပဲယင်းနယ်မှ အိမ်မီးရှို့ခံရသော အေးသာယာရွာသားများ

“မင်းအောင်လှိုင်လုပ်ချက်ကတော့ ကျုပ်တို့မိသားစု ဘဝပျက်ခဲ့ပြီ။ ဘဝပျက်ပြီး ဘာမှ ရစရာ မရှိတော့ဘူး၊ စစ်တပ်မီးရှို့သွားလို့ အကုန်ပါသွားပါတယ်။ ကျုပ်အိမ်လေးတန်ကြေးက ကျုပ်တို့က မြေကြီးကြက်ယက် လုပ်စားကြရတာပါ။ မြေကြီးကြက်ယက် လုပ်စားရတာကို ပါသွားရတာပါ။ မုဆိုးမပါ။ ဒီအိမ်လေးဖြစ်ဖို့ ရုန်းကန်ရတာ ကျုပ် အနှစ် ၃ဝ လောက် ရုန်းရပါတယ်”

ဒီပဲယင်းမြို့နယ်ထဲက ပျံကျရွာလို့ခေါ်တဲ့ အေးသာယာရွာ မီးရှို့ခံရစဉ် Khin Moe Nyo

“မင်းအောင်လှိုင်လုပ်ချက်ကတော့ ကျုပ်တို့မိသားစု ဘဝပျက်ခဲ့ပြီ။ ဘဝပျက်ပြီး ဘာမှ ရစရာ မရှိတော့ဘူး၊ စစ်တပ်မီးရှို့သွားလို့ အကုန်ပါသွားပါတယ်။ ကျုပ်အိမ်လေးတန်ကြေးက ကျုပ်တို့က မြေကြီးကြက်ယက် လုပ်စားကြရတာပါ။ မြေကြီးကြက်ယက် လုပ်စားရတာကို ပါသွားရတာပါ။ မုဆိုးမပါ။ ဒီအိမ်လေးဖြစ်ဖို့ ရုန်းကန်ရတာ ကျုပ် အနှစ် ၃ဝ လောက် ရုန်းရပါတယ်”

ဒါက ဒီပဲယင်းမြို့နယ်ထဲက ပျံကျရွာလို့ခေါ်တဲ့ အေးသာယာရွာက အမေအိုတစ်ဦး သူ့ရဲ့အိမ် ဇူလိုင်လ ၈ ရက်နေ့က မီးရှို့ခံရတဲ့အကြောင်း ပြောပြနေတာပါ။ ဒီလအတွင်း ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးတာတွေ ပိုပြီး တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ကျေးရွာတွေမှာရှိတဲ့ အိမ်တွေ အတော်များများကို မီးရှို့ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း (၂ဝ) ရဲ့ တပ်ခွဲမှူး ဗိုလ်ကျားကြီးက ပြောပြပါတယ်။

“ဒီပဲယင်းမြို့နယ်အနေနဲ့က မီးရှို့ခံရတဲ့ ရွာပေါင်း ၅ဝ ကျော် ၆ဝ ရှိပါပြီ။ ကျနော်တို့ ဒီပဲယင်းထဲကို စစ်ကြောင်းတစ်ကြောင်းထိုးတယ်။ ထိုးလာတဲ့စစ်ကြောင်းဟာ သူတို့ဝင်တဲ့ရွာတွေကို အများအားဖြင့်  ရွာတိုင်းလိုလိုကို မီးရှို့တယ်ပေါ့နော်။ ပြည်သူတွေမှာ စစ်ကြောင်းထိုးတယ်ဆိုတော့ ထွက်ပြေးရတယ်။ သူတို့ ရွာထဲကိုဝင်လာပြီဆိုရင် လက်နက်ကြီးတွေ ဖောက်လိုက်ပြီဆိုတာနဲ့ ပြည်သူတွေမှာ ထွက်ပြေး တိမ်းရှောင်ရတယ်ပေါ့နော်။”

ပြီးခဲ့တဲ့ ဇူလိုင်လဒုတိယပတ်က စစ်ကောင်စီတပ်တွေဟာ ဒီပဲယင်းမြို့နယ်ထဲက ပျံကျရွာလို့ခေါ်တဲ့ အေးသာယာရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ရွာသားတွေ ထွက်ပြေးခဲ့ရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ရွာမှာစခန်းချနေထိုင်ခဲ့ပြီးတဲ့နောက် ရွာထဲကအိမ် (၂၆) လုံးကို မီးရှို့သွားခဲ့ပါတယ်။

ဒေသခံတွေတိမ်းရှောင်ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းဘက်ကို လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် (၁ဝ) နှစ် အရွယ်ကလေးငယ်တဦး အပါအဝင် အရပ်သားပြည်သူ (၃) ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို ရွာသားတွေက အခုလို ပြောပြပါတယ်။

“သူတို့ကို ခုခံခြင်းလည်း မရှိဘူး။ ကိုယ့်ဘာသာ အလုပ်အကိုင် အခွင့်အလမ်းဆိုတာလည်း မရှိဘူး။ ရှိတဲ့လုပ်ငန်းလေးပဲ ကတ်သတ်လုပ်နေရတာ။ စားဝတ်နေရေးကျပ်တည်းနေတဲ့အချိန် စစ်တပ်လာတယ်ဆို ထွက်ပြေးနေရတာ။ ဒီတစ်ခါ သူတို့က ရွာမရောက်ခင် ရွာနဲ့မလှမ်းမကမ်း အရောက်ကတည်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ပြီး ဝင်လာပါတယ်။ ကျနော်တို့လည်း ဝရုန်းသုန်းကားထွက်ပြေးရတာ။ ဘာမှလည်း မပါဘူး။ ဘာမှလည်း မယူနိုင်ဘူး”

 “စစ်တပ်ကရှို့တယ်ဆိုတာလည်း ကျုပ်တို့ သိပါတယ်။ လက်နက်ကြီးတွေနဲ့ အတင်းဝင်လာတာ။ ကျုပ်တို့ အိမ်ကို မဲတင်းပြီး ဝင်ရှို့သွားပါတယ်။ ကျုပ်တို့ ဘာမှ မခုခံနိုင်ပါဘူး။ ကျုပ်တို့ ဘာမှလည်း မတတ်နိုင်ပါဘူး။ ကျုပ်အိမ်မှာ ရေမိုးချိုး ရေရေလည်လည်နေ၊ စားသောက်ပြီးမှ ရှို့သွားပါတယ်။ ဒါလေးကို မဲတင်းပြီး ရှို့သွားတဲ့အတွက် ကျုပ်တို့ ခံပြင်းပါတယ်။ ကျုပ်တို့ဟာလည်း စားသေးတယ်။ ကျုပ်တို့ဟာလည်း မီးရှို့သွားတယ်ဆိုတော့ တရားသလား။ သားရေပေါ်အိပ် သားရေနားစား။ ကိုယ်ချင်းစာတရားလေးတော့ ထားကြပါလို့”

အခုလို အေးသာယာရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး၊ အိမ်တွေ မီးရှို့သွားတယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို ကယ်ဆယ်ကူညီတာလည်း မတွေ့ရသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့တပ်သားတွေက ပြည်သူတွေရဲ့အိမ်တွေကို မီးရှို့တာမျိုးမရှိဘူးလို့ အရင်က ပြောထားဖူးပါတယ်။ လက်ရှိမှာတော့ မီးဘေးသင့်ပြည်သူတွေဟာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြရပြီး အလှူရှင်တချို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ စားသောက်နေထိုင်ရပါတယ်။ သူတို့အနေနဲ့ နောက်ထပ် အိုးအိမ်ပြန်လည် ထူထောင်ဖို့ဆိုတာ မလွယ်ကူတော့တဲ့အခြေအနေ တွေ့ကြုံနေရတယ်လို့ အိမ်မီးရှို့ခံရတဲ့ ရွာသားတွေက ပြောကြပါတယ်။

“အခု လက်ရှိ အနေအထားအရတော့ စစ်ကောင်စီရဲ့ အကြမ်းဖက် အဖွဲ့အစည်းက ကျေးရွာတွေမှာ ဝင်ရောက်တယ်။ မီးရှို့တယ်။ ပစ္စည်းယူတယ်။ အခုလို အကြမ်းဖက်လုပ်ရပ်တွေကြောင့် မီးရှို့ခံရတော့ နေစရာ၊ ထိုင်စရာ အခက်အခဲဖြစ်နေကြတော့ ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ တရားစခန်းတွေမှာ မီးဘေးသင့်ပြည်သူတွေ ခိုကပ်နေရတာပေါ့။ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေအနေနဲ့လည်း ထောက်ပံ့ ကူညီပေးနေရတာပေါ့”

“ဝမ်းနည်းတာပေါ့ဗျာ။ ကျနော်တို့အိမ်လေးဆိုရင် ကျနော်ဆို နယ်တကာသွားပြီး စာရင်းငှားလုပ်ရပါတယ်။

အဲဒါလေးစုဆောင်းပြီးတော့ တံခါးဆိုရင် အကုန်စုံအောင်တောင် မတပ်ရသေးပါဘူး”

“ယာပိုင်၊ လယ်ပိုင် ဘာမှမရှိဘူး။ ကျနော်တို့ ချွေးနှဲစာတွေ စုဆောင်းပြီး အိမ်လေးတစ်လုံးဖြစ်အောင် ဆောက်လာရတာ။ အဲဒါကို သူတို့က ရက်ရက်စက်စက် ဖျက်သွားကြတာ။ ကျနော်တို့အနေနဲ့ ဒီအိမ်တစ်လုံးဖြစ်ဖို့ အနှစ်၂ဝ လည်း မဖြစ်ဘူး။ အနှစ် ၄ဝ လည်း မဖြစ်ဘူး။ ကျနော့်သက်တမ်းတစ်လျှောက်ဖြစ်လိမ့်မယ်လို့ မထင်တော့ဘူး”

အဲဒီဒေသခံတွေဟာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြတဲ့ တောင်သူတွေဖြစ်ကြပြီး၊ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် လယ်ယာလုပ်ငန်းတွေလည်း မလုပ်ကိုင်နိုင်ကြတော့ဘူးလို့ ဆိုပါတယ်။ ဒေသခံတွေ ကြုံနေရတဲ့ အခက်အခဲနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စစ်ကောင်စီကို ခုခံနိုင်မှု အနေအထားကို ရွှေဘိုခရိုင်တပ်ရင်း (၂ဝ) ရဲ့ တပ်ခွဲမှူး ဗိုလ်ကျားကြီးက ပြောပါတယ်။

“အခက်အခဲက အများကြီးပါ။ နွေစပါးမစိုက်ရတဲ့အတွက်ကော၊ မိုးစပါးလည်းစိုက်စရိတ် ပျိုးစားစရိတ်တွေက များတော့ စပါးကို အရင်လို ပျိုးနုတ် ကောက်စိုက် မလုပ်နိုင်ကြတော့ဘူး။ လက်လုပ်လက်စား ကူလီဘဝကတော့ ပိုကျပ်တည်းတာပေါ့ဗျာ။ အရမ်းကို ခက်ခဲပါတယ်။ စားဝတ်နေရေးတောင် ခက်ခဲနေတဲ့အချိန်မှာ သူတို့ရဲ့အိုးအိမ်စည်းစိမ်တွေဟာလည်း စစ်ကောင်စီရဲ့ဖျက်ဆီးမှု၊ မီးရှို့မှုကို ခံနေရတော့ ပြည်သူတွေအနေနဲ့ ဒီ ဒီပဲယင်းမြို့နယ်မှာ အားလုံးလိုလို ဒုက္ခရောက်နေကြတယ်။ တချို့ကျလည်း နီးစပ်တဲ့နိုင်ငံတွေမှာ သွားပြီး အလုပ်လုပ်ဖို့ စီစဉ်နေကြတယ်။ အဲဒီလို စီစဉ်တဲ့နေရာမှာ ဗီဇာကျဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ကြားပါတယ်။ ဒါကြောင့် ပြည်သူတွေမှာ ကိုယ့်ရပ်ရွာမှာလည်း အဆင်မပြေ အပြင်ထွက်ပြီး အလုပ်လုပ်ဖို့လည်း အဆင်မပြေ ဖြစ်နေရပါတယ်။

ဒီတော်လှန်ရေးကြီး ပြီးသွားတဲ့အချိန်မှာ ကျနော်တို့မှာ နေစရာမရှိ၊ စားစရာမရှိ ဒုက္ခရောက်မှာ စိုးရိမ်လားဆိုရင် လုံးဝ မစိုးရိမ်ပါဘူး။ ကျနော်တို့လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်တဲ့ အချိန်ရောက်ရင် လူ့အခွင့်အရေး၊ လူ့အခွင့်အလမ်းတွေဟာ အားလုံး ပွင့်လာမှာပါ။ ကျနော်တို့ရဲ့မိသားစုတွေ၊ အိုးအိမ်တွေ၊ ကျနော်တို့ရဲ့အသက်တွေကို စွန့်လွှတ်ပြီး တော်လှန်ရေးကို လုပ်ခဲ့ကြတာပါ။ အသက်ကိုတောင် စွန့်လွှတ်ပြီးမှတော့ ကျန်တာ ဘာမှ ထည့်တွက်စရာ မလိုတော့ပါဘူး။ ကျနော်တို့လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ မရမချင်း တိုက်ပွဲဝင်သွားမှာပါ”

အခုအချိန်ထိ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်ကြောင့် ရွာကို စွန့်ခွာထွက်ပြေးနေရသူများ အရေအတွက်ဟာ ပိုမို တိုးပွားလာပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org