CDM ဆရာဝန်နဲ့ သူနာပြုတွေ တော်လှန်ရေးမှာ ပါဝင်နေဆဲ

ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2022.04.20
CDM ဆရာဝန်နဲ့ သူနာပြုတွေ တော်လှန်ရေးမှာ ပါဝင်နေဆဲ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့တွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ရက်နေ့က ကျန်းမာရေးဝန်ထမ်းများ ဆန္ဒပြလှုပ်ရှားမှု။
Photo : Reuters

CDM လှုပ်ရှားမှုမှာပါဝင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို စစ်ကောင်စီက နည်းပေါင်းစုံနဲ့ဖိနှိပ်နေပေမယ့် ချင်း၊ ကယား၊ စစ်ကိုင်း၊ ကရင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဒေသကာကွယ်ရေးအဖွဲ့ PDF တပ်ဖွဲ့ဝင်တွေ၊ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ CDM သူနာပြုတွေ၊ ဆရာဝန်တွေရှိပါတယ်။

“CDM လုပ်ပြီးတော့ လက်နက်ကိုင်နေတာလည်း မဟုတ်ဘူး၊ ဒီအတိုင်းပဲ ဆေးကုနေတဲ့သူတွေကို ရန်ရှာတယ်၊ လုံခြုံရေးကို ရန်ရှာတယ်၊ ဒါကတော့ ဘယ်လိုနည်းနဲ့မှ မလုပ်သင့်တဲ့ကိစ္စ၊ ဖြစ်ကို မဖြစ်ရမယ့် ကိစ္စမျိုးပေါ့နော်၊ CDM လုပ်လိုက်တယ် သို့ပေမယ့် ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းက ပါဝင်နေတဲ့သူကို ဘာကြောင့်မှ ဖမ်းဆီးစရာ ထိန်းသိမ်းစရာ အပြစ်ပေးစရာ အကြောင်းမရှိဘူး၊ ရာထူးကနေ ထုတ်ပယ်တဲ့ အပြစ်ပေးတာအထိ ကျွန်တော်လက်ခံတယ်၊ သူတို့ရည်ရွယ်ချက်က သူတို့ဘက်ကို ပြန်ပါလာစေချင်တယ်၊ တော်လှန်ရေးရဲဘော်တွေဘက်ကို အင်အားချည့်နဲ့စေချင်တယ် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့၊ ဒါက သူတို့ရဲ့ ရည်ရွယ်ချက်ပဲဖြစ်မှာပါ။”

လက်ထောက်ဆရာဝန်အဖြစ်ကနေ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး ချင်းပြည်နယ်မှာ PDF တပ်ဖွဲ့ဝင်တွေ၊ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အမည်မဖော်လိုတဲ့ ဆရာဝန် တစ်ဦး ပြောသွားတာပါ။

စစ်တပ်အာဏာသိမ်းလိုက်တဲ့အတွက် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့အတူ ဆရာဝန်တွေ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက CDM လို့အတိုကောက်ခေါ်တဲ့ အာဏာရှင်လက်အောက်မနာခံရေးလှုပ်ရှားမှု ဖော်ဆောင်ခဲ့ကြသလို၊ စစ်ကောင်စီကလည်း အဲဒီလှုပ်ရှားမှုမှာ ပါတဲ့သူတွေကို နာမည်၊ ရာထူး၊ ဆမ အမှတ်တွေ ပူးတွဲဖော်ပြပြီး ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (က) နဲ့ အရေးယူမယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီက CDM ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တခြားကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဝရမ်းထုတ်တာ၊ အလုပ်ကနေ ထုတ်ပယ်တာ၊ ဖမ်းဆီးတရားစွဲတာ၊ တချို့ကို ဆေးကုသခွင့်လိုင်စင်ရုပ်သိမ်းတာတွေ ရှိခဲ့ပါတယ်။

ဒီလို ဖိနှိပ်မှုတွေ ရှိနေပေမယ့် ဆရာဝန်တွေ၊ သူနာပြုတွေကတော့ ပြည်သူတွေဘက်ကနေဆက်ပြီး ရပ်တည်နေကြတာတွေ့ရပါတယ်။

နေပြည်တော်က ခုတင် ၃ဝဝ ဆေးရုံကနေ CDM လုပ်ခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သူနာပြုတစ်ဦးက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့အတူ လိုက်ပါပြီး အသက်အန္တရာယ်ရှိတဲ့ကြားကနေ ရှေ့တန်းမှာ ဆေးကုပေးနေပါတယ်။

ဒီလဆန်းလောက်က ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးကို အရေးပေါ် ဆေးကုသပေးနေစဉ်မှာ သူ့ဘေးနားကို လက်နက်ကြီးကျခဲ့တဲ့ အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

“တစ်ရက်မှာ ထိခိုက်ဒဏ်ရာရတဲ့လူကို ကြည့်ပေးရင်း ကျွန်တော့်နားမှာ လက်နက်ကြီးကျတယ်၊ ကျွန်တော်နဲ့ သိပ်မကွာဘူး ငါးပေလောက်ပဲ ကွာတယ်၊ ကျွန်တော်ရှိနေတဲ့နေရာနဲ့ အုတ်တံတိုင်း ခြားသွားလို့ ကျွန်တော် နည်းနည်းလွတ်သွားတာ၊ ကျွန်တော့်ဘေးမှာ တည့်တည့်ကျမယ်ဆိုရင် ကျွန်တော် သေနိုင်တဲ့အနေအထားမျိုး၊ ကျတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် သေလူလို့ တွေးလိုက်တာ၊ ဒါပေမဲ့ ဘုရား မ လို့ ကျွန်တော်မသေခဲ့ဘူး၊ လက်နက်ကြီးအသံကြောင့် နားက အူသွားတာ၊ ဘေးပတ်ဝန်းကျင်ကလည်း သဲမှုန့် ဖုန်မှုန့်တွေနဲ့ ပြည့်နေပြီး မှောင်ကျသွားသလိုပဲ၊ သူများ စကားပြောလည်း ကျွန်တော် မကြားရတော့ဘူး၊ တစ်ပတ်ကျော်လောက် ခံလိုက်ရတယ်။”

ကယားပြည်နယ် လွိုင်ကော်ဆေးရုံကြီးကနေ CDM လုပ်ခဲ့တဲ့ သူနာပြု ကိုညီညီစုရယ် က လွိုင်ကော်နဲ့ ဖရူဆိုမြို့နယ်အတွင်း ဒေသခံတွေ၊ စစ်ဘေးဒုက္ခသည်တွေကို ဆေးကုသပေးခဲ့သူပါ။ သူက PDF အဖွဲ့ဝင်တွေ၊ စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ထောက်ပို့ အနေနဲ့လည်း လုပ်ကိုင်နေပါတယ်။

“စားဝတ်နေရေးရော ဆေးဝါးရော အရေးကြီးတယ်။ ဒီမှာတော့ ဆေးက လက်နက်လောက် အရေးကြီးတယ်၊ တိုက်ပွဲမှာ လက်နက်ပါမှ တိုက်လို့ရသလို ထိခိုက်ဒဏ်ရာတွေကို သူနာပြုတွေ ဆရာဝန်တွေ ရှိခဲ့ရင်တောင် လူနာ ၁ဝယောက် ထိထားရင် ဆေးဝါးတွေ စက်ပစ္စည်းကိရိယာတွေ မရှိရင် ၅ယောက်၊ ၇ယောက်လောက် အသက်ဆုံးရှုံးတာတွေ ရှိနိုင်တယ်။ ဒါကြောင့်မို့ ဆေးဝါးကလည်း အဓိကလိုအပ်တယ်။ အခုတချို့နေရာတွေမှာ ပါရာစီတမောတောင် မရှိတဲ့နေရာတွေ ရှိတယ်။”

ကိုညီညီစုရယ်က ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ဇာတိဖြစ်ပြီး အခုဆိုရင် သူ့မိသားစုက စစ်ဘေးရှောင်နေရသလို နေအိမ်လည်း မီးရှို့ဖျက်ဆီးခံထားရပါတယ်။

တိုက်ပွဲဖြစ်ရာဒေသတွေမှာ ဆေးဝါးမပြည့်စုံလို့ လူနာတွေကို လုံလောက်တဲ့ ဆေးကုသမှုမပေးနိုင်တဲ့အခြေအနေက သူတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြီးမားဆုံး အခက်အခဲဖြစ်တယ်လို့ ပြောကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုက အားကောင်းတာကြောင့် ဆေးရုံကြီးတွေမှာ ဝန်ထမ်းမလုံလောက်တဲ့အတွက် ကောင်းမွန်စွာ မလည်ပတ်နိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ ဆရာဝန်တွေက ပြောကြပါတယ်။ 

ဒါကြောင့် စစ်ကောင်စီဘက်က CDM ကျန်းမာရေးဝန်ထမ်းတွေ လုပ်ငန်းခွင် ပြန်ဝင်ဖို့ မကြာခဏ စည်းရုံးပြောဆိုနေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က CDM ကျန်းမာရေးဝန်ထမ်းတွေ များစွာရှိနေကြောင်း၊ ဒီ CDM ကျန်းမာရေးဝန်ထမ်းတွေ တာဝန်ပြန်လည်ထမ်းဆောင်နိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ စစ်ကောင်စီအဖွဲ့ဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်နေ့က ပြောခဲ့ပါသေးတယ်။

CDM ဝန်ထမ်းတွေဟာ မိသားစု စားဝတ်နေရေးနဲ့ လုံခြုံရေး အခက်အခဲကိုလည်း ရင်ဆိုင်ကြရပါတယ်။

ဒီလိုအခက်အခဲတွေကြောင့် လုပ်ငန်းခွင်ပြန်ဝင်သွားကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း ရှိသလို တော်လှန်ရေးမှာ တတ်ထားတဲ့ပညာနဲ့ ဆက်လက်ပါဝင်ဖို့ ဆုံးဖြတ်ထားသူတွေလည်း ရှိပါတယ်။

ချင်းပြည်နယ်မှာ ဆေးကုပေးနေတဲ့ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက “စစ်ဘေးရှောင်တွေကြားမှာရော တိုက်ပွဲတွင်းမှာ တပ်သားရယ်လို့ မမြည်သေးဘူး၊ ပြည်သူတွေကပဲ လက်နက်ကိုင်စွဲပြီး တော်လှန်နေတဲ့အချိန်မှာ ဒဏ်ရာတွေရကြတဲ့ဟာတွေကို တွေ့တဲ့အခါမှာ ကျွန်တော်တို့ နောက်လှည့်ဖို့ စိတ်ကူးမရှိဘူး၊ နောက်တစ်ခုက မြို့ပေါ်မှာလည်း CDM လုပ်ထားတော့ ကျန်းမာရေးကဏ္ဍက မလည်ပတ်သလောက်ရှိတယ်၊ နည်းလမ်းကတော့ နှစ်ခုရှိတယ်၊ ကျွန်တော်တို့ Non-CDM ပြန်လုပ်ပြီး အစိုးရဆေးရုံမှာတင် ပြည်သူလူထုရဲ့ကျန်းမာရေးစောင့်ရှောက်မှုကို ပြန်ကြည့်မလား၊ CDM ဆက်လုပ်ပြီး ဆေးကုမလားဆိုပြီး ၂ခုတော့ရှိတယ်၊ ဒါပေမဲ့ ကျေးလက်ဒေသဘက်ကို စကစ ဘက်က ထိုးစစ်ဆင်တာတွေရှိတော့ ပြည်သူလူထုက ကျွန်တော်တို့ကို ပိုအားကိုးတာကို တွေ့ရတယ်၊ အဲဒါကိုတွေ့ရတော့ ကျွန်တော်တို့ ဘယ်လိုကြောင့်နဲ့မှ Non-CDM ပြန်လုပ်စရာ အကြောင်းမရှိဘူး၊ တော်လှန်ရေးမှာလည်း ကျန်းမာရေးဝန်ထမ်းတွေ ဆက်ပြီးလိုအပ်တယ်။”

စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ လက်နက်ကိုင် တော်လှန်နေတဲ့ PDF အဖွဲ့ဝင်တွေကို ဆေးဝါးကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် အန္တရာယ်အရှိဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ သမားတော်များအဖွဲ့ (PHR) ကပြောဆိုထားသလို၊ သူတို့အဖွဲ့ရဲ့ အခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့က ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂ဝ၂၂ ဇန်နဝါရီ ၁ဝ ရက်အထိ တစ်နှစ်နီးပါးအတွင်းမှာ ကျန်းမာရေးဝန်ထမ်း ၂၈၆ ယောက် အဖမ်းခံရပြီး အယောက် ၃ဝ အသက်ဆုံးရှုံးရတယ်လို့သိရပါတယ်။ 

အဖမ်းခံထားရသူတွေထဲက အနည်းဆုံး ၂၅ ယောက်လောက်က တရားမဝင်အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဆူပူအောင်လှုံ့ဆော်မှု စတဲ့ ကြီးလေးတဲ့ဥပဒေ ပုဒ်မတွေနဲ့ စွဲချက်တင်ခံထားရပါတယ်။ ၆ဝဝ ကျော်ကတော့ ဖမ်းဝရမ်းထုတ်ခံထားရပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။