ကချင်ဝန်ကြီး ၃ဦးအရေးကိစ္စအပေါ် အမြင်သုံးသပ်ချက်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄ ကို အသုံးပြုပြီး အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီး ၁ ဦးကို တာဝန်ကနေ ရပ်စဲလိုက်သလို ၂ ဦးကိုလည်း ရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။

တာဝန်မှရပ်စဲခံရတဲ့ ဦးHလအောင်နဲ့ ရာထူးမှနုတ်ထွက်လိုက်တဲ့ ဒေါက်တာသင်းလွင်နဲ့ ဦးမြသိန်း တို့ကို တွေ့ရစဉ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄ ကို အသုံးပြုပြီး အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီး ၁ ဦးကို တာဝန်ကနေ ရပ်စဲလိုက်သလို ၂ ဦးကိုလည်း ရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။

ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေရဲ့ သုံးသပ်ချက်ကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~
ကချင်ဝန်ကြီး ၃ဦးအရေးကိစ္စအပေါ် အမြင်သုံးသပ်ချက်

(ဝေမာထွန်း)

ကချင်ပြည်နယ်အစိုးရအဖွဲ့က သယံဇာတ၊ စိုက်မွေးနဲ့ လူမှုရေးဝန်ကြီး စတဲ့ ၃ ဦးကို နုတ်ထွက်ခိုင်းမယ်ဆိုရင် အကြောင်းပြချက် တစ်စုံတစ်ရာပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၄၀ ခန့်က မနေ့က တောင်းဆိုခဲ့ပေမယ့် သမ္မတရုံးက မနေ့ညက တရားဝင်ကြေညာလိုက်တဲ့စာမှာတော့ ဝန်ကြီးတွေကို နုတ်ထွက်ခွင့်နဲ့ တာဝန်ကနေ ရပ်စဲတာ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက် တစ်စုံတစ်ရာ မပါဝင်လာခဲ့ပါဘူး။

အခြေခံဥပဒေပုဒ်မ ၂၆၄ ပုဒ်မခွဲ (က) အရ စိုက်မွေးဝန်ကြီး ဦးမြသိန်းနဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် တို့ကို ရာထူးကနေ နုတ်ထွက်ခွင့်ပြုကြောင်းနဲ့ ပုဒ်မခွဲ (ခ)အရ သယံဇာတဝန်ကြီး ဦးHလအောင်ကို တာဝန် ကနေ ရပ်စဲကြောင်းသာ သမ္မတ ဦးဝင်းမြင့် လက်မှတ်နဲ့ ကြေညာချက်ထုတ်ခဲ့တာပါ။

သမ္မတရဲ့ ညွှန်ကြားစာဟာ ဥပဒေကိုလိုသလို အသုံးပြုသလိုဖြစ်နေပြီး ဒီမိုကရေစီမကျဘူးလို့ လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ထောက်ပြပါတယ်။

“ပြည်သူနားမလည်အောင် ပြောတဲ့အခါကျတော့ ဥပဒေနဲ့ ညီတယ် မညီဘူးဆိုတာ ပြောရခက်တယ်။ ဥပဒေကို လိုသလိုသုံးသလိုဖြစ်တာပေါ့။ ပွင့်လင်းမြင်သာမှုမရှိဘူးဗျ။ အတိုက်အခံအင်အားစုက မဝေဖန်နိုင်အောင် ဖော်ပြတာ ဒါမဖြစ်သင့်ဘူးလို့ မြင်တယ်။ ငါအမြင်မကျရင်ထုတ်မယ်။ နားခိုင်းမယ်ဆိုတာ တော်တော်လေးတော့ မကောင်းဘူးပေါ့။ ဒီမိုကရေစီနည်းလမ်းမကျဘူးလို့ ခေါ်ရမှာပဲ။”

အခြေခံဥပဒေပုဒ်မ ၂၆၄ ပုဒ်မခွဲ (က) မှာ ဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးတွေဟာ ရာထူးသက်တမ်း မကုန်ဆုံးမီ အကြောင်းအရာတစ်ခုခုကြောင့် ရာထူးကနေ နုတ်ထွက်လိုရင် သမ္မတထံ စာတင်ပြီး နုတ်ထွက်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ပုဒ်မခွဲ(ခ)မှာတော့ တာဝန်ကနေ မကျေပွန်တဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ရာထူးကနေ နုတ်ထွက်ဖို့ သမ္မတက ညွန်ကြားနိုင်ပြီး ညွှန်ကြားချက်ကို မလိုက်နာရင် တာဝန်ကနေ ရပ်စဲနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

လက်တွေ့မှာတော့ ဒီဝန်ကြီး ၃ ဦးလုံးဟာ မိမိသဘောဆန္ဒအလျောက်နုတ်ထွက်လိုသူ တစ်ဦးမှမပါဘဲ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က နိုင်ငံတော်အတိုင်ပင်ခံရုံးက ညွှန်ကြားတယ်ဆိုပြီး နုတ်ထွက်စာတင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က စေခိုင်းခဲ့တာလို့ ကာယကံရှင်ဝန်ကြီးတွေက RFA ကို ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

တာဝန်ကနေ ရပ်စဲခံလိုက်ရတဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်ကလည်း မနေ့ညက သူ့နေအိမ်မှာ သတင်းမီဒီယာသမားတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး အခြေအနေတွေ ကို ရှင်းပြခဲ့ပါတယ်။

“သူရဲ့ရုံးခန်းမှာ ကျနော်ရယ်၊ ဝန်ကြီးချုပ်ရယ်၊ သူ့သားနောနော်ရယ် ၃ ယောက်ပဲရှိပါတယ်။ အဲဒီမှာ ကျနော့်ကို အမြန်ဆုံးလက်မှတ်ထိုးပါ။ ဟိုမှာနှစ်ယောက်က ထိုးပြီးသွားပြီ။ ဦးHလအောင်တစ်ယောက်ပဲ ကျန်တော့တယ်။ ဟိုမှာ သမ္မတကြီးဦးဝင်းမြင့် ကိုယ်တိုင်စောင့်နေတယ်။ ဖုန်းပြောမလားဆိုပြီး သူ့က နောက်တစ်ဦးနဲ့ စကားပြော တယ်။ သမ္မတကြီးက လမ်းညွှန်တယ်။ အမြန်ဆုံးထိုးခိုင်းပါ။ ဒီည အဖြေမရလို့မဖြစ်ဘူး။ ဖက်စ်ထိုးပေးရမယ်။ အဲလိုပြောတယ်။”


ဝန်ကြီး ဦးHလအောင်ရဲ့ ပြောဆိုချက်ကို ကြားခဲ့ရတာပါ။

ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး အာဏာရ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က

“ထုတ်ပြန်လို့မသင့်လို့ မထုတ်ပြန်တာပဲနေမှာ။ သူတို့က အုပ်ချုပ်ရေးပိုင်းမှာ အားနည်းတယ်၊ တာဝန်မကျေပွန် ဘူးဆိုရင် အုပ်ချုပ်ရေးပိုင်းအကြီးအကဲကို အစီရင်ခံစာတက်မှာပေါ့ဗျ။ တချို့ဟာတွေက ကျနော်တို့ချပြလို့မသင့်တာရှိပါတယ်။ သမ္မတရဲ့ လုပ်ပိုင်ခွင့်အရရယ်၊ သူတို့ကိုယ်တိုင်ရဲ့ နုတ်ထွက်ခွင့်ကို အတည်ပြုပိုင်ခွင့်အရရယ် လုပ်တာပါ။”

NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတော်တော်များများဟာ လက်ရှိသူတို့ ရရှိထားတဲ့ ရာထူး၊ အခွင့်အာဏာနဲ့ လုပ်ငန်းတာဝန်တွေဟာ လွန်ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလက ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လက်ရှိနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေကြောင့်သာ ရရှိခဲ့တာလို့ လက်ခံထားကြတာ များပါတယ်။

ဒီလိုအခြေအနေတွေကြောင့် အစိုးရအဖွဲ့ဝင် ရာထူးကနေ ထုတ်ပယ်တာ၊ နုတ်ထွက်ခိုင်းတာတွေမှာ တစ်စုံတစ်ရာ ချေပမှုတွေမလုပ်နိုင်တဲ့ အနေအထားတွေရှိနေတယ်လို့ ဆိုလာသူက ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့်ပါ။

“အဲခံယူချက်က အန်အယ်လ်ဒီပါတီထံမှာ စိမ့်ဝင်နေတယ်။ ဒေါ်အောင်ဆန်းစုကြည့်ကြောင့် နိုင်တဲ့မဲက ဒေါ်အောင်ဆန်းစုကြည် လုပ်ချင်တာလုပ်ဆိုတဲ့သဘော သက်ရောက်နေတယ်။ အဲဒီပေါ်မှာ ဘယ်သူမှမဝေဖန် ရဲဘူး။ မကန့်ကွက်ရဲဘူး။ မဆန်းစစ်ရဲဘူး။ အဲဒါပါတီတွင်းမှာဖြစ်တဲ့ကိစ္စ။ အာဏာရှင်ဆန်တဲ့စနစ်နဲ့ပဲ သွားမယ်ဆိုရင် တိုင်းပြည်က တိုးတက်ဖို့ခက်တယ်။”

တဖက်ကလည်း နိုင်ငံအနေနဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်ဆိုရင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို လုပ်ငန်းတာဝန်ကနေ အနားပေးတာတွေမှာ အကျိုးအကြောင်းဆီလျော်စွာနဲ့ အကြောင်းအရာ ခိုင်ခိုင်လုံလုံရှိဖို့လိုကြောင်းနဲ့ အကြောင်းပြချက်မပေးတာဟာ အာဏာရှင်ဆန်တယ်ဆိုတဲ့ ဝေဖန်ချက်တွေ ရှိပါတယ်။

အစိုးရလုပ်ငန်းတာဝန်တွေကို လုပ်ဆောင်ခဲ့ဖူးတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကိုလည်း ထိပ်ပိုင်းခေါင်းဆောင်တွေကို တာဝန်ကနေရပ်စဲရာမှာ တာဝန်ရှိသူတွေဘက်က လုပ်လေ့လုပ်ထရှိတဲ့ သဘောသဘာဝတွေ ကို မေးကြည့်ခဲ့ပါတယ်။

ကြံခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ပြောတာက

“အမှားအယွင်းလုပ်တာလား။ ဒါမှမဟုတ်ရင် သူတို့ပေါ်လစီနဲ့ မကိုက်ညီတာလားဆိုတာကတော့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ အကြီးအကဲတွေနဲ့ အဲအဖွဲ့အစည်းပဲသိမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက သူ့ကိုအဲအာဏာပေးထားတယ်။ များသောအားဖြင့် ဒီဟာက အာဏာရအဖွဲ့အစည်းရဲ့အတွင်းရေး အတွင်းပိုင်းတွေဖြစ်တယ်ဗျ။ ပွင့်လင်းမြင်သာမှု ရှိရင်တော့ ပိုကောင်းမယ်ဗျ။ အခုဟာက ကာယကံရှင်တွေ ကိုယ်တိုင်က သူတို့မှာအပြစ်မရှိပါဘူးဆိုတဲ့ ငြင်းဆို မှုတွေရှိတယ်လေ။”

NLD အစိုးရလက်ထက် ၃ နှစ်ကျော်ကာလအတွင်းမှာ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော် အပါအဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဝန်ကြီး စုစုပေါင်း ၁၇ ဦးခန့်ကို တာဝန်ကနေရပ်စဲတာ၊ နုတ်ထွက်ခွင့်ပြုတာတွေ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။

အဲဒီထဲမှာ အဂတိလိုက်စားမှုတွေရှိခဲ့တယ်လို့ အများက ထင်မြင်ယူဆခဲ့သူတွေပါသလို တချို့ကတော့ ဒေသခံပြည်သူတွေက သဘောကျမှုတွေရှိပေမယ့် အကြောင်းပြချက်မရှိ နုတ်ထွက်ခွင့်တင်သွားသူတွေ၊ တာဝန်ကနေ ရပ်စဲခံခဲ့ရသူတွေ ပါဝင်ခဲ့ပါတယ်ရှင်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org