အင်တာနက်ဖြတ်လိုက်ပေမဲ့ မြဝတီမှာ ငွေလိမ်ဂိုဏ်းတွေ လုပ်ငန်းဆက်လုပ်နေ

RFA Burmese
2024.05.10
အင်တာနက်ဖြတ်လိုက်ပေမဲ့ မြဝတီမှာ ငွေလိမ်ဂိုဏ်းတွေ လုပ်ငန်းဆက်လုပ်နေ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်မှ အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
RFA

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နဲ့ မယ်လမတ်မြို့တို့ကနေ ကရင်ပြည်နယ် ရွှေကုက္ကိုမြို့သစ်နဲ့ KK Park၊ AA Park ကျားဖျန့်လုပ်ငန်းတွေ သုံးစွဲဖို့အတွက် ပေးထားတဲ့ အင်တာနက်လိုင်းတွေကို မေလ ၉ ရက် ညနေပိုင်းမှာ ထိုင်းအစိုးရက ဖြတ်တောက်လိုက်တာပါ။ ဒါပေမဲ့ မြေအောက်က သွယ်တန်းထားတဲ့ အင်တာနက်လိုင်းတွေ မဖြတ်သေးတာကြောင့် ငွေလိမ်လုပ်ငန်းတွေ ရွှေကုက္ကိုမြို့သစ်ဘက်မှာ ဆက်လုပ်နေတုန်းပဲလို့ ရွှေကုက္ကို ကာစီနို ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

“ဖြတ်တယ်ဆိုရင်လည်း ဟန်ပြအပေါ်ယံပေါ့၊ ဖုန်းအင်တာနက်တွေ ဖြတ်ပစ်တယ် ဆစ်ဂနယ် Range တွေ လျှော့ချပစ်တယ်၊ အင်တာနက်လိုင်း သုံးမရတော့အောင် ဖုန်းလိုင်းကိုဖြုတ်လိုက်တာ အဲ့ဒါထိုင်းမှာပေါ့၊ အဲဒီလိုမျိုးတွေ လုပ်လိုက်တယ်၊ အောက်က သူတို့ ကေဘယ်နဲ့ဆွဲထားတဲ့ ဝိုင်ဖိုင်တွေကျ ဆက်သုံးလို့ရတယ် ကုမ္ပဏီတွေကသုံးတာ ဖိုက်ဘာတွေ သုံးတာလေ၊ ဖိုက်ဘာဝိုင်ဖိုင်‌တွေသုံးတာဆိုတော့ ဖိုက်ဘာရနေရင် အဲ့အလုပ်က ဆက်လုပ်လို့ရတယ်၊ မီးမရရင်တောင်မှ အင်တာနက်ရနေသမျှတော့ အလုပ်လုပ်လို့ရတယ်"

ဒါ့အပြင် တရုတ်ငွေလိမ်လုပ်ငန်းအချို့က မြန်မာစစ်ကောင်စီရဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နေတာမျိုးလည်း ရှိနေတယ်လို့ အဲဒီကာစီနိုဝန်ထမ်းက ဆက်ပြောပါတယ်။

ထိုင်းဘက်က အင်တာနက် ဖြတ်တောက်လိုက်တဲ့နေရာတွေကတော့ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်နဲ့ မယ်ထော်သလေးကျေးရွာအနီးက KK PARK မြို့သစ်စီမံကိန်းနေရာတို့ ဖြစ်ပါတယ်။



ထိုင်းဘက်က အင်တာနက်လိုင်းတွေ၊ လျှပ်စစ်မီးတွေ ဖြတ်လိုက်ပေမဲ့ မယ်ထော်သလေးရွာအနီးက KK Park၊ AA Park နေရာနဲ့ ကျောက်ခက်ကျေးရွာက အွန်လိုင်းငွေလိမ်ဂိုဏ်းနေရာတွေမှာလည်း ငွေလိမ်လုပ်ငန်းတွေ ဆက်လုပ်လို့ရနေတယ်လို့ KK Park ကာစီနိုက အလုပ်သမားတစ်ဦးကလည်း ပြောပါတယ်။

"ကျောက်ခက်တို့ KK Park တို့ AA Park တို့ကိုတော့ ထိုင်းဘက်ခြမ်းက အင်တာနက်လိုင်းတွေ၊ မီးတွေဖြတ်တယ်၊ မီးကတော့ ထိုင်းက မီးစက်ကြီးတွေ ပြီးခဲ့တဲ့လထဲက သူတို့ ဝယ်ပြီးတော့ ဆင်နေကြတယ်၊ တရုတ်ဆိုက်တွေမှာ ထိုင်းမီးတွေ၊ ထိုင်းအင်တာနက်တွေ ဖြတ်လည်း သူတို့က ကျားဖျန့်တွေ၊ ကာစီနိုတွေ ဆက်လုပ်လို့ရနေတာပဲ၊ အရင်နှစ်ကလည်း ထိုင်းဘက်က အင်တာနက်လိုင်းကြိုးတွေ လာသိမ်းတယ်၊ ဖုန်းတာဝါတိုင်တွေ လာသိမ်းတယ် ကုမ္ပဏီက၊ အဲ့လိုမျိုးတွေလုပ်တာတော့ သိရတယ်၊ ထိုင်းမီးလိုင်းကတော့ အခုလက်ရှိကတော့ ရွာဘက်တွေမှာ ဆက်ပေးထားတုန်းပဲ။”

အခုလို ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်က ငွေလိမ်လုပ်ငန်းနေရာတွေကို ထိုင်းနိုင်ငံဘက်က အင်တာနက်လိုင်း ဖြတ်တောက်လိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ငွေလိမ်လုပ်ငန်းတွေကို နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းမဲ့ အခြေအနေအပေါ် သိရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်ကျော်သူနဲ့ မြဝတီမြို့နယ် ကရင်နယ်ခြားစာင့်တပ် BGF တပ်ဖွဲ့ လုံခြုံရေးတာဝန်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်တို့ကို RFA က ဆက်သွယ်မေးမြန်းပေမဲ့လည်း ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

လတ်တလောမှာတော့ ကရင်နယ်ခြားစောင့်တပ် (BGF) စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့က မြဝတီမြို့ထဲက ငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ငါးလအတွင်း ထွက်ခွာသွားဖို့ သတိပေးထားပေမဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဒီနေ့အထိ ဆက်လက်လုပ်ကိုင်နေကြသလို အလုပ်သမားအသစ်တွေလည်း ခေါ်ယူတာတွေ ဆက်ပြီး ရှိနေတယ်လို့ မြဝတီဒေသခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။