အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက လူကုန်ကူးမှုတွေအရေး ဖြေရှင်းဖို့ ဆွေးနွေး

ထိုင်းစစ်သားများ လုံခြုံရေးယူထားသည့် ထိုင်း-မြန်မာနယ်စပ်တစ်နေရာကို တွေ့ရစဉ်။
ထိုင်းစစ်သားများ လုံခြုံရေးယူထားသည့် ထိုင်း-မြန်မာနယ်စပ်တစ်နေရာကို တွေ့ရစဉ်။ (AFP)

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအတွက် လူကုန်ကူးတယ်ဆိုတာဟာ မရိုးနိုင်တဲ့ ကမ္ဘာပေါ်မှာ ရှေးနှစ်ပေါင်းများစွာ ကတည်းက ပေါ်လာတဲ့ လူကုန်ကူးမှုဖြစ်ပေမဲ့ အခုခေတ်မှာ Cryptocurrencies လို့ခေါ်တဲ့ ဒီဂျစ်တယ်ငွေကြေး အသုံးပြုမှုတွေများလာတာနဲ့ ပတ်သက်ဆက်နွယ်ပြီး တိုးပွားအောင်ပြုလုပ်နိုင်တဲ့ နည်းပညာရှင်တွေ စုစည်းပေးတာအပေါ် အခြေခံပြီး ချဲ့လာတာမျိုးဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီး သားကောင်ဟာ ငွေလိမ်ခံရသူလား၊ ငွေလိမ်ဂိုဏ်းအတွက် အလုပ်လုပ်ပေးသူလား ဆိုတာမေးရမှာပါ။ ဒီအကြောင်းတွေနဲ့ပတ်သက်တဲ့ ဆွေးနွေးချက် စကား၀ိုင်းတစ်ခုကို ဘန်ကောက်မြို့နိုင်ငံခြားသတင်းထောက်များအသင်းမှာ ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ လူကုန်ကူးမှုတားဆီးရေးကျွမ်းကျင်သူတွေ၊ နယ်စပ်ဖြတ်ကျော် ကျုးလွန်တဲ့ ရာဇ၀တ်မှုဆိုင်ရာ ကျွမ်းကျင်သူတွေ နိုင်ငံအလိုက် တရားရေးနဲ့ပတ်သက်တဲ့ ဆောင်ရွက်သူတွေ၊ သုတေသီတွေဆွေးနွေးကြပါတယ်။

ပထမဆုံး ထိုင်းနိုင်ငံက လူကုန်ကူးမှုတားဆီးရေး ဆောင်ရွက်နေတဲ့ IMO အဖွဲ့အကြီးအကဲ Saskia Kok ဖြစ်ပါတယ်။ သူက လူကုန်ကူးခံရသူတွေနဲ့ပတ်သက်ပြီး ဘယ်လိုလူမျိုးတွေကုန်ကူးခံရတယ် အသက်က ၁၈နှစ်ကနေ ၃၅ နှစ် ပညာအရည်အချင်း အသင့်အတ့င်ရှိသူ၊ ဘာသာစကားနှစ်မျိုးလောက် တတ်သူတွေဖြစ်တယ်၊ ဘယ်နိုင်ငံတွေကို လူကုန်ကူးခံရတယ်ဆိုတာကိုပြောပါတယ်။ အဲဒီမှာ ထိုင်းနိုင်ငံဟာ တထောက်နားနိုင်ငံဖြစ်ပြီး ထိုင်းကတဆင့် မြန်မာနိုင်ငံ ရွှေကုက္ကိုလိုနေရာနဲ့ ရွှေတြိဂံလိုဒေသမျိုး ဖြစ်တယ်လို့ပြောပါတယ်။

တဆက်တည်း ကမ္ဘောဒီးယားမှာတာ၀န်ကျတဲ့ အပြည်ပြည်ဆိုင်ရာ တရားရေးမစ်ရှင်အကြီးအကဲ Jacob Sims, ကတော့ ဒီပြဿနာတွေအတွက် အဖြေရှာနိုင်ဖို့ ကျွန်တော်တို့ဟာ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်တာကြောင့် လူထုအခြေပြုအဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ပြောဆိုသွားပါတယ်။

တဆက်တည်း အမေရိကန်နိုင်ငံ ငြိမ်းချမ်းရေးသိပ္ပံက မြန်မာနိုင်ငံဆိုင်ရာ တာ၀န်ခံ Jason Tower က မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး သူတို့ဌာနအနေနဲ့ ၂၀၁၂ ခုနှစ်လောက်ကစပြီးလေ့လာခဲ့တာ ဖြစ်တယ်လို့ပြောပါတယ်။

မြန်မာပြည်မှာ ငွေလိမ်ဂုဏ်းတွေအခြေမချခင်ထူးခြားတဲ့ ဖြစ်စဥ်တစ်ခုကတော့ တရုတ်ပြည်မှာ လောင်းကစား၀ိုင်းတွေကို နိမ်နင်းလိုက်တာဖြစ်ပြီး အဲဒီဂိုဏ်းတွေဟာ ပထမဆုံး ကမ္ဘောဒီးယား နောက်ဖိလစ်ပိုင်နဲ့ နောက်ပိုင်းကျမှ မြန်မာနိုင်ငံကိုအခြေချလာတာဖြစ်တယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံလောင်းကစား၀ိုင်းတွေဟာ စစ်တပ်ကျောထောက်နောက်ခံနဲ့ ဖြစ်ပြီး နယ်ခြားစောင့်တပ်တွေပါ ပါ၀င်ပတ်သက်နေပါတယ်။

ဒီအခြေအနေကို NLD အစိုးရလက်ထက်မှာ ထိန်းနိုင်ဖို့ ကြိုးစားတာတွေရှိခဲ့ပြီး အောင်မြင်မှုလည်းရခဲ့ပေမဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာတော့ နဂိုပုံစံကို ပြန်ရောက်သွားတယ်လို့ပြောသွားပါတယ်။