ကမ္ဘာတစ်ဝန်း အွန်လိုင်းရာဇဝတ်မှု အန္တရာယ် ထူပြောလာ
2024.04.28

ကမ္ဘာမှာ အွန်လိုင်းရာဇဝတ်မှု အန္တရာယ်က ကြီးထွားလာနေပြီး ၂၀၂၂ မှာ ဒေါ်လာ ၈ ဒသမ ၄၄ trillion ရှိရာက ၂၀၂၇ အရောက်မှာ ဒေါ်လာ ၂၈ ဒသမ ၈၄ ထရီလီယံအထိ ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။
ဂျာမနီအခြေစိုက် နိုင်ငံတကာက အချက်အလက်စုဆောင်းတဲ့ Statista၊ FBI အမေရိကန်မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က စာရင်းတွေအရ ခန့်မှန်းရတာပါ။
ဒစ်ဂျစ်တယ်နည်းပညာတိုးတက်လာတာနဲ့အမျှ အာရှ-ပစိဖိတ်ဒေသဟာ ဆိုက်ဘာထိုးဖောက်တိုက်ခိုက်ရေးမှာ အဓိကကျတဲ့နေရာ တစ်ခုလို့လည်း World Economic Forum ကပြောပါတယ်။ အာရှတိုက်က ဆိုက်ဘာရာဇဝတ်ဂိုဏ်းကျက်စားတဲ့ နေရာတွေကို ရည်ညွှန်းရင် မြန်မာနိုင်ငံက ရှေ့ဆုံးက ပါဝင်နေပါတယ်။
အိန္ဒိယ News18 သတင်းမှာတော့ မြန်မာနဲ့ ကမ္ဘောဒီးယားမှာ တရုတ်ဆိုက်ဘာရာဇဝတ်သားတွေ အခြေချပြီးလှုပ်ရှားနေတဲ့ ထုကြီးထည်ကြီး လုပ်ငန်းတွေဟာ အိန္ဒိယနည်းပညာရှင်တွေအတွက်ပါ အန္တရာယ်ရှိတယ်လို့ ဧပြီ ၂၈ ရက်က ဖော်ပြပါတယ်။
ဒီ သီတင်းပတ်အတွင်းမှာ ကွန်ပျူတာနည်းပညာရှင်နှစ်ယောက်ကို ရဲတွေက ကယ်တင်လိုက်ရတယ်လို့ ဆိုပါတယ်။ တရုတ်တွေလည်ပတ်တဲ့ဂိုဏ်းတွေကနေ အလုပ်ရမယ်လို့ သွေးဆောင်ခံရသူတွေဟာ ဆိုက်ဘာကတစ်ဆင့် လိမ်လည်ပေးရတဲ့ အလုပ်ကို တစ်နေ့ ၁၆ နာရီလုပ်ပေးရပြီး ကမ္ဘောဒီးယားမှာ ပိတ်မိနေတဲ့သူတွေကို ကယ်တင်ခဲ့တာပါ။ အိန္ဒိယ အိုင်တီနည်းပညာရှင်လူငယ်တွေလည်း ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံကို လူကုန်ကူးခံရပြီး တရုတ် ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေမှာ အဓမ္မခိုင်းစေခံရတယ်လို့လည်း ဖော်ပြပါတယ်။
ကျားဖြန့်ငွေလိမ်ဂိုဏ်းဆိုတာနဲ့ ဘာကိုဆိုလိုမှန်း မြန်မာတွေက တန်းသိနေပြီး ဘယ်နိုင်ငံတွေ ပူးပေါင်းနှိမ်နင်းတယ်လို့ပဲ ပြောပြော၊ ဘယ်သူတွေကို အရေးယူနိုင်ပြီဆိုဆို ဒီလုပ်ငန်းရှိမြဲရှိနေတာကို ကရင်ပြည်နယ် မြဝတီမြို့က ဒေသခံတစ်ယောက် အပြောနဲ့ သိနိုင်ပါတယ်။
“လူရှာရမှာ အွန်လိုင်းကနေ၊ ဖောက်သည်ဝန်ဆောင်မှု ပုံစံမျိုးပဲ လုပ်ရမှာ။ မြဝတီမှာ လက်ရှိလုပ်နေတဲ့ အလုပ်ပေါ့နော်။ မြဝတီမှာက အတော်များများ ဒီအလုပ် (ကျားဖြန့်အလုပ်) ပါပဲ။ မိုးကုတ်တို့၊ တောင်ကြီးတို့၊ မော်လမြိုင်တို့ အဲဒီဘက်ကနေ တက်လာတဲ့လူတွေလည်းရှိတယ်”
ကမ္ဘာမှာလည်း အွန်လိုင်းလိမ်လည်မှုတွေက ထူပြောနေတာပါ။ တစ်နေ့ကို ဆိုက်ဘာ တိုက်ခိုက်ခံရမှု ၂၂ဝဝ ကျော်လောက်ရှိပြီး ဒါဟာ တနှစ်ကို ရှစ်သန်းတိုက်ခိုက်ခံရတာနဲ့ ညီမျှတယ်လို့ Security Magazine က ပြောပါတယ်။
အရင်တုန်းကဆို ခိုး၊ ဆိုး၊ လုယက်၊ လူသတ်၊ ဓားပြတိုက်တာမျိုး၊ အိမ်ထဲခိုးဝင် ပစ္စည်းခိုးတာမျိုးက ရာဇဝတ်မှုမြောက်ပေမဲ့ အိုင်တီခေတ်မှာ ဘယ်သူဘယ်ဝါ ဘာပုံဘာသဏ္ဍာန်မှန်းမသိ၊ ကွန်ပျူတာတစ်လုံး နောက်ကွယ်ကနေ ပဉ္စလက်နည်းပညာနဲ့ လိမ်လည်လှည့်ဖျားနေသူဟာ ဆိုက်ဘာရာဇဝတ်သားဖြစ်ပါတယ်။