မကွေးတိုင်းမှာ နိုဝင်ဘာလအတွင်း ဒေသခံ ၁၂ ဦးသေဆုံး၊ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ
2022.12.06

လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ မကွေးတိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဝင်ရောက်ပစ်ခတ်တာနဲ့ မီးရှို့တာတွေကြောင့် ဒေသခံ ၁၂ ဦးသေဆုံးခဲ့ပြီး နေအိမ် တစ်ထောင်ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။
နိုဝင်ဘာလအတွင်းမှာ ပေါက်မြို့နယ်က နေအိမ် ၅၇၃ လုံး၊ ဆောမြို့နယ်က ၂၆၀ လုံး၊ ရေစကြိုမြို့နယ်က ၁၆၂ လုံး၊ မြိုင်မြို့နယ်က ၅၂ လုံးနဲ့ ထီးလင်းမြို့နယ်က ၃၆ လုံး စုစုပေါင်း (၁,၀၈၃ လုံး) ရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးတဲ့အထဲမှာ မြိုင်က ခြောက်ဦး၊ ရေစကြိုက သုံးဦးနဲ့ ဂန့်ဂေါမြို့နယ်က သုံးဦးပါဝင်ပြီး ဒီအရေအတွက်ဟာ လွတ်လပ်တဲ့သုတေသန အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းသတင်းဌာနတွေရဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းဖြစ်ပါတယ်။
"အကြမ်းဖက်စစ်တပ် ဖြစ်တဲ့အတွက် အကြမ်းဖက်တဲ့နည်းလမ်းနဲ့ပဲ မီးရှို့တာ၊ သတ်ဖြတ်တာ၊ ဖမ်းဆီးတာ လုပ်မှာပဲပေါ့နော်"
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က ည ၇ နာရီလောက်မှာ မြိုင်မြို့နယ်၊ ချောင်းဦးတိုရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ လက်နက်ကြီးနဲ့ပစ်ခဲ့လို့ အသက် (၆၄) နှစ်အရွယ် ဦးကြီးရွှေဆိုသူ သေဆုံးပြီး အသက် (၆၁) နှစ် အရွယ် ဇနီးဖြစ်သူ ဒေါ်စိန်ဆင့် ကတော့ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ချောင်းဦးတိုရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အဲဒါကတော့ ဝက်ပုတ်ပျူစောထီး ရွာပေါ့ဗျာ။ ရမ်းသန်းပစ်နေတာလေ။ ပစ်လိုက်တာ ရွာထဲကိုကျတယ်။ သူတို့ ကျတဲ့နေရာက ဒီလင်မယားနှစ်ယောက်က ထမင်းစားနေတာ ကို ညနေ ကျနော်ပြောတဲ့ ၇ နာရီလောက် အဲအချိန် ညစာစားနေတဲ့အချိန် သူတို့ပေါ် ကျပြီး တစ်ယောက်က ပွဲချင်းပြီး၊ တစ်ယောက်ကတော့ ခြေထောက် နှစ်ဖက် အောက်ပိုင်းက ဖြတ်ပစ်လိုက်ရတယ်"
စစ်ကောင်စီတပ်သားတွေဟာ ဝက်ပုတ်ရွာကနေ ဘေးပတ်ဝန်းကျင်ရွာတွေကို နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဝက်ပုတ်ရွာမှာ စစ်ကောင်စီတပ်သားတွေအပြင် သရက်ကန်၊ တွင်းမ၊ သရက်ကွ၊ ကန်နီ စတဲ့ရွာတွေက ပျူစောထီးတွေပါ တပ်စွဲထားလို့ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ညမှာ ဒေသခံ PDF တွေက လက်နက်ကြီးနဲ့ သွားရောက်ပစ်ခဲ့တာကြောင့် အခုလို လက်တုံ့ပြန် ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၅ ရက် နေ့လယ်ပိုင်းမှာ ဆောမြို့နယ်ထဲက ပဆုပ်ရွာနဲ့ လက်ပန်းရွာကို စစ်ကောင်စီတပ်သား ၈၀ လောက် ဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၆၃ လုံးရှိတဲ့ ပဆုပ်ရွာက အိမ် ၇၆ လုံးနဲ့ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ လက်ပန်းရွာက အိမ် ၁၁၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပဆုပ်ရွာသားတစ်ဦးက ပြောပါတယ်။
"ပါတဲ့လူတွေအတွက်လည်း ကျနော်က ဝမ်းနည်းရပါတယ်။ ကျနော်တို့ အိမ်ကျန်တော့ လည်း ကျနော်အနေနဲ့ ဝမ်းသာလို့ မရပါဘူး။ တစ်ရွာလုံး အတိုင်းအတာနဲ့ဆိုတော့ မရှိလည်းအတူ၊ ရှိလည်းအတူတူ ဒီလိုပဲနေလာတဲ့ ရွာလေးဆိုတော့ သူတို့ကိုလည်း ထပ်တူခံစားရပါတယ်။ စစ်ကောင်စီအနေနဲ့ မတော်မတရားနဲ့ စော်ကားသွားတယ်လို့ပဲ ကျနော်ကတော့ အဲလိုပဲ မြင်ပါတယ်"
ပဆုပ်ရွာက ဆောက်လက်စ မူကြိုကျောင်းဆောင်နဲ့ ပညာရေးဝန်ထမ်းတွေရဲ့ နေအိမ် သုံးလုံးအပြင် ရွာထဲက ကားနဲ့ ဆိုင်ကယ် ၁၀ စီး၊ ဆီကြိတ်စက်နှစ်လုံးနဲ့ ဆန်စက်ပါ မီးလောင်ပျက်စီးခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ရွာစလုံး ရွာထဲပြန်မဝင်နိုင်သေးသလို နေစရာအိမ်တွေလည်း ပြန်မဆောက်နိုင်သေးလို့ ဆိုပါတယ်။။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က လက်ပန်းရွာမှာ PDF အဖွဲ့တွေကို စစ်ကောင်စီ တပ်သားတွေ ဝိုင်းဝန်းပိတ်ဆို့ချိန် PDF တွေ လွတ်မြောက်ခဲ့ပေမယ့် လက်နက် ခြောက်လက် သိမ်းဆည်းခံလိုက်ရပြီးနောက်ပိုင်း ရွာတွေမှာ PDF တွေ လက်ခံတယ်လို့ စွပ်စွဲပြီး မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ရဲဘော် ကိုဝေကြီးကတော့ စစ်ကောင်စီတပ်ဟာ အကြမ်းဖက် နည်းလမ်းတွေကိုပဲ လုပ်ဆောင်နေတာလို့ RFA ကို ပြောပါတယ်။
"အဲတော့ PDF တွေ လက်ခံလို့ပဲဖြစ်ဖြစ်၊ လက်မခံလို့ပဲ ဖြစ်ဖြစ်ပေါ့။ သူ့စကား နားမထောင်တာဘဲ ဖြစ်ဖြစ်ပေါ့နော်။ သူနဲ့ အမြင်မတူတာဘဲဖြစ်ဖြစ် ဘယ်လိုပြဿနာပဲ သူက ရင်ဆိုင်ရရင်ဆိုင်ရ ဘယ်လိုကိစ္စပဲ ကြုံကြုံ သူကတော့ အကြမ်းဖက်စစ်တပ် ဖြစ်တဲ့အတွက် အကြမ်းဖက်တဲ့နည်းလမ်းနဲ့ပဲ မီးရှို့တာ၊ သတ်ဖြတ်တာ၊ ဖမ်းဆီးတာ လုပ်မှာပဲပေါ့နော်။ ဒါကတော့ အကြမ်းဖက်စစ်တပ်ရဲ့ သဘောသဘာဝပေါ့နော်"
စစ်ကောင်စီဟာ PDF အဖွဲ့တွေရဲ့ ခုခံဆန့်ကျင်မှုကို အားနည်းပျက်စီးအောင် လုပ်ဆောင် နေပေမယ့် ပြည်သူနဲ့ လက်တွဲညီညီ ရပ်တည်ပြီး ဖက်ဒရယ်ဒီမိုကရေစီရအောင် ခုခံတော်လှန်စစ် ဆင်နွဲသွားမယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း ရေစကြိုမြို့နယ် ရွှေလှံရွာကို ပျူစောထီးတွေ အပါအဝင် စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခု နှစ်ကြိမ်ဝင်ရောက်မီးရှို့တာကြောင့် နှစ်ကြိမ်စလုံး ထွက်ပြေးခဲ့ရတယ်လို့ ရွှေလှံရွာ ဒေသခံက RFA ကို ပြောပါတယ်။
"ကျနော်တို့ မြစ်ဆုံဘက်ကနေ တန်းမဝင်ဘဲနဲ့ မြစ်သာဘက်ကနေ ဝင်လာပြီးတော့ ရွာရဲ့မြောက်ဘက်မှာ လက်နက်ကြီးတွေနဲ့ ပိတ်ထုပြီးတော့ အင်အားအလုံးအရင်းနဲ့ ဝင်လာတော့ အကုန်လုံး ရွာသူ၊ ရွာသားတွေလည်း ပြေးရ။ အဲလို သူတို့ရွာကို ဝင်စီးပြီးတော့မှ တစ်ခါတည်း မီးတန်းရှို့တာဗျ။ ၉ နာရီလောက်မှာ မီးတန်းရှို့တာ။ တစ်နေကုန်ပဲ ညပါကို ဆက်ရှို့တာ။ ပထမစစ်ကြောင်း အဲဒါ။ ဒုတိယစစ်ကြောင်းက ပရိမ္မကို မီးရှို့ပြီးတော့ ကျနော်တို့ ရွာဘက်ကို ဖြတ်ဆင်းလာပြီးတော့မှ ပထမ စစ်ကြောင်း ပြန်အသွား မီးဝင်ငြိမ်းတော့ မီးငြိမ်းတဲ့သူတွေက တစ်ခါထပ်ပြေးရပြီး တော့မှ သူတို့ကနေတစ်ခါ ကျန်တာတွေကို ပြန်ပြီးတော့ တစ်ခါမီးရှို့တယ်"
စစ်ကြောင်းနှစ်ခု ဝင်ရောက်မီးရှို့တာကြောင့် အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ ရွှေလှံရွာက နေအိမ်၊ အဆောက်အအုံ၊ ဂိုဒေါင်၊ ဆန်စက်နဲ့ နွားစာတိုက် အပါအဝင် စုစုပေါင်း ၂၃၃ လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း အစပ်မှာရှိတဲ့ ရွှေလှံရွာ အပါအဝင် ဆင်ခြေယာရွာ၊ မာလကာခြံရွာနဲ့ မြေစွန်းတော် စတဲ့ရွာတွေဟာ စစ်ကောင်စီကို ဆန့်ကျင်ခုခံနေတဲ့ PDF အဖွဲ့တွေကို ထောက်ပံ့ကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုဝင်ဘာလ ၇ ရက်နေ့ကတည်းက စစ်ကြောင်းထိုး မီးရှို့တာကိုခံနေရတာလို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ပေါက်မြို့နယ်က ကျွန်းတိုင်း၊ ဂွေးဂုဏ်၊ စသိန်း၊ ခဲပင်အင်းနဲ့ ညောင်ရင်း အပါအဝင် အနီးအနားက ရွာတွေလည်း နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၂ ရက်နေ့က နေအိမ် ၂၄၁ လုံးမီးရှို့ခံခဲ့ရတဲ့ ပေါက်မြို့၊ စသိန်းရွာမှာ အသက် ၇၀ ဝန်းကျင် ဦးမောင်ခင်နဲ့ ဒေါ်လှဟန်တို့နှစ်ဦး လက်ရှိအချိန်အထိ ပျောက်ဆုံးနေတယ်လို့ စသိန်းရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"မီးလောင်တာထဲ ပါသွားတဲ့အထဲမှာ အသက် ၇၀ ကျော်လောက် အဘိုးနဲ့ အဘွား နှစ်ယောက်က မတွေ့တော့ဘူးဗျ။ အဲဒါမှာ ရောမီးရှို့သွားပုံရတယ်။ ဒီအဘိုးနဲ့ အဘွားက မထွက်နိုင်ကြဘူး။ သူတို့ သားသမီးတွေက ခေါ်တော့ခေါ်တယ်။ သူတို့လည်း ဘာမှ မလုပ်လောက်ဘူးထင်လို့ ကျနော်တို့လည်း ထားခဲ့တယ်လို့ သူ့မိသားစုဝင်တွေက ပြောတယ်။ ပြေးလည်း ပြေးချိန်ဆိုတော့ ဟိုလိုကြီးလည်း ခေါ်လို့မရတဲ့အချိန်မိုလို့ အခက်အခဲတွေလည်း သူတို့ရှိတဲ့ အတွက်ကြောင့်မိုလို့ ထားခဲ့လိုက်ရတာဗျ။ ထားခဲ့လိုက်တော့ အဲအဘိုးနဲ့ အဘွားက အခုထိလုံးလုံး ရှာလို့မတွေ့ဘူး။ သူတို့ အိမ်တွေအကုန်လုံးကလည်း အကုန်လုံးပြာကျသွားပြီးပြီ"

စစ်ကောင်စီတပ်သားတွေဟာ အဲဒီနေ့ ညနေ ၆ နာရီကျော်ကနေ နောက်တစ်နေ့မနက်ပိုင်း သူတို့စစ်ကြောင်း ရွာကပြန်မထွက်ခင်အထိ မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀ ဝန်းကျင်သာ ကျန်ရှိတော့တယ်လို့လည်း ဆိုပါတယ်။
အင်အား ၂၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ဇီးပြားရွာက ပျူစောထီးတွေအတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ကားလေးစီး၊ ထွန်စက်နှစ်စီးနဲ့ ပို့ဆောင်ချိန် နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး စသိန်းရွာ အပါအဝင် ကျွန်းတိုင်း၊ ဂွေးဂုဏ်စတဲ့ ရွာတွေနားမှာ ဒေသခံ PDF တွေနဲ့ တိုက်ပွဲနေ့စဉ် ဖြစ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်းမှာ နိုဝင်ဘာလအတွင်း ဒေသခံတွေ သေဆုံးတာနဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ အပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေကြားပါဘူး။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ကုန်အထိ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၈၁ ခုမှာ နေအိမ်၊ အဆောက်အအုံ ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး အဲဒီထဲမှာ မကွေးတိုင်းက ၈,၈၆၆ လုံး ပါဝင်ပါတယ်။