၆၆(ဃ) အမှုတစ်ခု တရားသေလွှတ်လို့ လေ့လာသူတွေကြိုဆို

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်ကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရ လက်ထက်အထိ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲခံရသူအားလုံး ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

၆၆ (ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ ပန်ဆယ်လို (ခ) မအိမ့်ပိုးဥ ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ် Photo:Thant Zin Oo/RFA

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်ကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်အထိ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံရသူ အားလုံး ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့  အမှုတစ်ခုကို တရားရုံးက တရားသေလွှတ်လိုက်ပါတယ်။ အခုလို ပထမဆုံး အကြိမ် အမှုကနေ လွှတ်ပေးလိုက်တာကို အဲ့ဒီ ဥပဒေပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေး တစိုက်မတ်မတ် တောင်းဆိုနေတဲ့ အဖွဲ့အစည်းတွေက ကြိုဆိုကြပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုခံရတဲ့ Facebook စာမျက်နှာမှာ ပန်ဆယ်လို လို့ လူသိများတဲ့ ရန်ကုန်မြို့က မအိမ့်ပိုးဥကို သုံးနှစ်နီးပါး စစ်ဆေးပြီးချိန်မှာတော့ ဒီပုဒ်မနဲ့ ငြိစွန်းခြင်းမရှိဘူးဆိုပြီး တာမွေမြို့နယ် တရားရုံးက အောက်တိုဘာ ၁၂ ရက်နေ့မှာ အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်အခြေစိုက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ (Athan-အသံ) ရဲ့ အမှုဆောင် ဒါရိုက်တာ မောင်ဆောင်းခကတော့ ဒါဟာ သူတို့ဆီမှာ ရှိတဲ့ အမှုစာရင်းတွေအရ ၆၆ (ဃ) နဲ့ စွဲခံရတဲ့ အမှုမှာ ပထမဆုံးအကြိမ် တရားရုံးက လွှတ်ပေးလိုက်တာလို့ ပြောနိုင်တဲ့အတွက် ကြိုဆိုလိုက်ပါတယ်။

"ကျွန်တော်တို့ ဒီလိုမျိုး မှန်ကန်မျှတတဲ့ တရားစီရင်ရေးစနစ် ရလာတဲ့အပေါ်မှာ ကျေးဇူးတင်တယ်၊ ဒီလိုမျိုးဆုံးဖြတ်မှုကို ကျွန်တော်တို့က ဝမ်းပန်းတသာကြိုဆိုတယ်၊ ဆိုတော့ နောက်နောင်လည်း ဒီလိုမျိုး ဆက်သွယ်ရေးဥပဒေနဲ့သက်ဆိုင်တဲ့ အမှုကိစ္စရပ်တွေအပေါ်မှာ နှစ်ဘက်စွပ်စွဲချက်တွေကို အပြန်အလှန် စစ်မေးပြီးတော့ သေသေချာချာ သုံးသပ်ပြီးတော့ မနစ်နာသင့်တဲ့သူတွေ မနစ်နာရအောင် မှန်ကန်တဲ့ စီရင်ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ပဲ ကျွန်တော်တို့က မျှော်လင့်ပါတယ်ခင်ဗျ၊ တကယ်လို့ ဒီမိုကရေစီကိုသွားမယ် ဆိုရင် ဒီလိုပုဒ်မတွေကို လက်ရှိအစိုးရအနေနဲ့ ပယ်ဖျတ်နိုင်ဖို့ မဖြစ်မနေကြိုးစားဖို့ လိုအပ်ပါတယ်၊ မဟုတ်ရင်တော့ ဒါဟာ နိုင်ငံရေးအရ ဖိနှိပ်ဖို့အတွက် လက်ကိုင်တုတ်တစ်ခုအဖြစ်နဲ့ပဲ ဆက်လက်တည်ရှိ သွားပါလိ့မ်မယ်ခင်ဗျ။"

တရားရင်ဆိုင်ခဲ့ရတဲ့ ပန်ဆယ်လို (ခ) မအိမ့်ပိုးဥကို အမှုအခြေအနေနဲ့ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်း ခဲ့ရာမှာ သူမအနေနဲ့ စာနဲ့ပြန်ဖြေကြားမယ်လို့ အကြောင်းပြန်မယ်လို့ အောက်တိုဘာ ၁၃ ရက်နေ့က အကြောင်း ပြန်ထားပေမယ့်လည်း ဒီနေ့အထိ တစ်စုံတစ်ရာတုံ့ပြန်တာမျိုး မရှိခဲ့ပါဘူး။

အသံအဖွဲ့ရဲ့စာရင်းအရ လက်ရှိအချိန်အထိ ဆက်သွယ်ရေး ဥပဒေပုဒ်မကို အသုံးပြုပြီး တရားစွဲဆိုတဲ့ အမှု ၂၄၀ အထိ ရှိနေတာပါ။

အလားတူပဲ ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ဖျက်သိမ်းရေး လှုပ်ရှားမှုအဖွဲ့ Free Expression Myanmar (FEM) ရဲ့ ပရိုဂရမ်မန်နေဂျာ မယဉ်ရတနာသိန်းကလည်း တာမွေမြို့နယ် တရားရုံးက ချမှတ်လိုက်တဲ့ တရားစီရင်ထုံးဟာ လက်ရှိ အလားတူ အမှုတွေ၊ အနာဂတ်မှာ ဒီဥပဒေနဲ့ စွဲခံရမယ့် အမှုတွေမှာ ပြန်လည်ကိုးကားလေ့လာစရာ အထောက်အထားဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

FEM အနေနဲ့ အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဒီဥပဒေ အပြီးတိုင်ဖျက်သိမ်းဖို့နဲ့ အခြားအီလက်ထရွန်နစ် ဥပဒေတွေကိုပါ ပြင်ဆင်ဖို့လိုတယ်လို့ အစီရင်ခံစာ ထုတ်ပြန်ပြီးလည်း တောင်းဆိုထားပါသေးတယ်။

ဆက်သွယ်ရေးဥပဒေကို ဖျက်သိမ်းဖို့အတွက် ဥပဒေပြုရေးဘက်က မလုပ်နိုင်သေးခင်မှာပဲ တရားစီရင်ရေးဘက်က မှန်ကန်တဲ့တရားစီရင်ထုံးတစ်ခု ဖော်ဆောင်နိုင်ခဲ့တဲ့အတွက် ကြိုဆိုတယ်လို့လည်း မယဉ်ရတနာသိန်းက ဆိုပါတယ်။

အခုတရားသေလွှတ်လိုက်တဲ့အမှုဟာ မင်္ဂလာဒုံ၊ ထောက်ကြန့်လမ်းဆုံ၊ လမင်းသာ (၂) စားသောက်ဆိုင်မှာ ရိုက်နှက်ခံရတဲ့ ဆရာတော် ဦးဣန္ဒကနဲ့ ပတ်သက်လို့ ဝေဖန်ရေးသားမှု၊ ဦးဝီရသူ (ခ) ဦးဝိစိတ္တာဘိဝံသနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝေဖန်ရေးသားမှုတွေအတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကတည်းက ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာနေတဲ့ ဦးမောင်မောင်တာက တရားလိုလုပ်ပြီး တိုင်ကြားထားတာ ဖြစ်ပါတယ်။

ဒီအထဲမှာ ဦးဝီရသူနဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ပတ်သက်ပြီးရေးသားတဲ့ ကိစ္စတွေကိုတော့ တရားစွဲဆိုဖို့ မသင့်ဘူးလို့ တရားရုံးက စိစစ်ပေါ်ပေါက်တဲ့အတွက် ထောက်ကြန့်လမ်းဆုံမှာဖြစ်ပွားခဲ့တဲ့ ဆရာတော် တစ်ပါး ရိုက်နှက်ခံရတဲ့ကိစ္စအပေါ် ရေးသားမှုကိုပဲ အမှုလက်ခံစစ်ဆေးခဲ့တာပါ။

တရားရုံးရဲ့ မှန်မှန်ကန်ကန် စီရင်ဆုံးဖြတ်မှုတွေဖြစ်လာတဲ့အပေါ် ကြိုဆိုကြောင်းနဲ့ ၆၆ (ဃ) နဲ့ တရားစွဲခံထားရတဲ့ အခြားသူတွေအတွက်လည်း အလင်းရောင်တစ်စဖြစ်တယ်လို့ ရန်ကုန်မြို့က ဥပဒေ အကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

"တရားရုံးတွေက မှန်မှန်ကန်ကန် စစ်ဆေးဆုံးဖြတ်နိုင်တာသည် ဒါကျွန်တော်တို့ ကြိုဆိုရမယ့်ကိစ္စတစ်ခု ဖြစ်ပါတယ်၊ တကယ်တမ်း ဥပဒေတွေက ဥပဒေအတိုင်းပဲ ကျင့်သုံးဆောင်ရွက်ကြမယ်၊ တရားဥပဒေ စိုးမိုးဖို့ဆိုရင် ဒီတရားဥပေဒကို ကိုင်တွယ်ကျင့်သုံးနေတဲ့ တရားရုံးတွေထဲမှာ အဖွဲ့အစည်းတွေရဲ့ အင်အား သုံးပြီးတော့ လွှမ်းမိုးမှုတွေ စွက်ဖက်မှုတွေမပါလေလေ ကျွန်တော်တို့ ဒီအမှုတွေစီရင်တာဟာ အမှန်နဲ့ အနီးစပ်ဆုံးရောက်လေလေဖြစ်တဲ့အတွက် အခုလက်ရှိ မပန်ဆယ်လိုရဲ့ အမှုဆုံးဖြတ်ချက်လေးကတော့ ဘာပြောပြော ၆၆(ဃ)ရင်ဆိုင်နေရတဲ့ ပုဂ္ဂိုလ်များအတွက် အလင်းရောင်လေး တစ်စလို့မြင်ပါတယ်၊ တရားဥပဒေစိုးမိုးမှုအပိုင်းလည်း တည့်မတ်တဲ့အပိုင်းကို ဝင်ရောက်လာတယ်လို့ ကျွန်တော်တို့ သုံးသပ်လို့ရပါတယ်ခင်ဗျ။"

အသရေဖျက်မှုကို ဘယ်နိုင်ငံမှာမှ ရာဇဝတ်မှုအဖြစ် မသတ်မှတ်တော့ဘဲ တရားမအမှုအဖြစ်နဲ့သာ တရားစွဲကြတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာပဲ ထူးထူးခြားခြားခွဲပြီး ဆက်သွယ်ရေးဥပဒေ၊ အသရေဖျက်မှု ဥပဒေ၊ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ စတာတွေနဲ့ တရားစွဲနေတာ မဖြစ်သင့်တာကြောင့် ဆက်သွယ်ရေးဥပဒေကို ဖျက်သိမ်းသင့်တယ်လို့ ဦးခင်မောင်မြင့်က ဆိုပါတယ်။

တာမွေတရားရုံးက တရားသေလွှတ်ပေးလိုက်တဲ့ အမှုမှာ တရားလိုဘက်က အခမဲ့ အကျိုးဆောင်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ဌေးကတော့  ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို လိုအပ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်တယ်၊ အသရေဖျက်မှု ဥပဒေ ရှိနေပေမယ့်လည်း သဘောသဘာ၀ မတူဘူးလို့ ပြောပါတယ်။

"သဘာဝတော့မတူပါဘူး၊ ပုဒ်မ ၅၀၀ နဲ့ သူနဲ့မတူတာက ၆၆(ဃ)က အဓိကကတော့ သူက အင်တာနက် အွန်လိုင်းမှာ တက်လာတာတွေနဲ့ပဲ ဆိုင်တယ်လေ၊ ပုဒ်မ ၅၀၀ ကတော့ ပါးစပ်နဲ့ပြောတာ၊ စာနဲ့ရေးတာ၊ သတင်းစာထဲ ကြော်ငြာထည့်တာ ဒါတွေအားလုံးနဲ့ ဆိုင်တာပေါ့နော်၊ ၆၆(ဃ)ကတော့ အင်တာနက်ပေါ့ လူမှုကွန်ရက်အသုံးပြုပြီးတော့ ရေးတဲ့ ပို့စ်တင်တာတွေနဲ့ပဲဆိုင်တယ်၊ တစ်မျိုးစီပေါ့နော်၊ အရင်တုန်းက ကျွန်မတို့ ပုဒ်မ ၅၀၀ ရှိတဲ့အချိန်တုန်းက ကျွန်မတို့ဆီမှာ အင်တာနက်သုံးတာတွေ ဘာတွေက မရှိသေးဘူးကိုး၊ အခုနောက်ပိုင်းမှာတော့ အင်တာနက်သုံးတာတွေကဖြစ်လာတော့ ဒါနဲ့ပတ်သက်တဲ့ဥပဒေ ထပ်ပြီးတော့ ပြဌာန်းဖို့လိုလို့ ပြဌာန်းလိုက်တာပဲပေါ့၊ ဒီလိုပဲ ကျွန်မကတော့မြင်ပါတယ်။"

စီရင်ချက်က တရားဥပဒေစကားအရ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ သက်ဆိုင်ကြောင်း၊  မြို့နယ်တရားရုံးရဲ့ အဆုံးအဖြတ်ကို ကျေနပ်မှု မရှိရင် တရားလိုဟာ အထက်တရားရုံးတွေမှာ ဆက်လက် ကြိုးစားနိုင်တဲ့ အခွင့်အရေးရှိကြောင်း ဒေါ်ခင်ခင်ဌေးက ဆိုပါတယ်။

တပ်မတော်နဲ့ တပ်မတော်အကြီးအကဲတွေအပေါ် ဝေဖန်ခဲ့တာတွေကို ကြားခံတစ်ယောက်ကနေ ဒီလို ပုဒ်မတွေနဲ့ တရားစွဲတာတွေနဲ့ပတ်သက်ပြီး RFA က တပ်မတော်ရဲ့သဘောထားမှတ်ချက်အနေနဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဒီကနေ့ ညနေပိုင်းက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေကြားတာမရှိခဲ့ပါဘူး။

၂၀၁၇ သြဂုတ်လက ၆၆ (ဃ) ပုဒ်မကိုပြင်ဆင်ခဲ့ရာမှာ ကြားခံပုဂ္ဂိုလ်တစ်ဦးဦးက တရားစွဲဆိုလို့မရဘူး ဆိုတဲ့အချက် နဲ့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အာမခံပေးလို့ရတဲ့အချက်တွေ ပါဝင်လာပါတယ်။

ဒါပေမဲ့ ဒီပုဒ်မသုံးပြီး တရားစွဲဆိုမှုတွေကတော့ လျော့ကျမသွားခဲ့ပါဘူး။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခံရသူတွေထဲမှာ ၁၁ မှုသာ အရင်အစိုးရ လက်ထက်ကဖြစ်ပြီး ကျန်တဲ့အမှုပေါင်း ၂၀၀ ကျော်ကတော့ လက်ရှိ NLD အစိုးရလက်ထက်မှာ ဖြစ်ပါတယ်။

ဒီအထဲမှာ တပ်မတော်ကို သံချပ်ထိုး ဝေဖန်အပြီး တရားစွဲ ထောင်ချခံထားရတဲ့ ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင်တွေ အပါအဝင် အများစုကတော့ တရားသေလွတ်တာမရဘဲ ထောင်ဒဏ် ချခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org