တရုတ် OBOR ပိုးလမ်းမသစ် ဖိုရမ်မှာ မြန်မာနဲ့ဆိုင်တာ ဘာတွေဆွေးနွေးမလဲ
2019.04.02

ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော် တက်ရောက်မယ့် ခေတ်သစ်ပိုးလမ်းမစီမံကိန်းရဲ့ ဒုတိယအကြိမ်ဖိုရမ်ကို တရုတ်နိုင်ငံ ပေကျင်းမြို့မှာ အခုလကုန်ပိုင်း ကျင်းပဖို့ ရှိနေပါတယ်။
ဒီဖိုရမ်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘယ်လိုစီမံကိန်းအကြောင်းအရာတွေ ဆွေးနွေးသွားနိုင်ချေရှိသလဲဆိုတဲ့အပေါ် တရုတ်-မြန်မာအရေး လေ့လာသူတွေရဲ့ သုံးသပ်ချက်တွေကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
■ One Belt One Road ( OBOR) လို့ခေါ်တဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းရဲ့ ဒုတိယအကြိမ်မြောက်ဖိုရမ်ကို မြန်မာနိုင်ငံဘက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖို့ တရုတ် အစိုးရက ဖိတ်ခေါ်ထားပြီး မြန်မာအစိုးရဘက်ကတော့ လေ့လာစမ်းစစ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒီနှစ် ဖိုရမ်မှာ မြန်မာ-တရုတ်နှစ်နိုင်ငံကြား ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးလုပ်ဆောင်သွားနိုင်မလဲ ဆိုတဲ့အပေါ် စီးပွားရေးပညာရှင် ဦးဇေယျသူ က အခုလိုပြောပါတယ်။
"ဘယ်စီမံကိန်းတွေမှာ ဘယ်လောက်ထိသွားမလဲ ဆိုတဲ့ အသေးစိတ်တွေ ပါလာမှာပေါ့လေ ဒီတစ်ခေါက်ကကျတော့ လက်မှတ်ထိုးတာမျိုး ရှိနိုင်တယ်။ အခုတစ်ခေါက်က ဘာပြောပြော အချိန်ကာလတစ်ခု ကြားထဲမှာ ရှိသွားပြီဆိုတဲ့အခါကျတော့ ဘာဆက်လုပ်မလဲ။ သဘောတူတယ်ဆိုလည်း သဘောတူလက်မှတ်ထိုးတာမျိုး ရှိလာမှာပေါ့။ ပြီးတော့ လက်ရှိသဘောတူထားတဲ့ စီမံကိန်းတွေ ဘယ်လောက်ခရီးရောက်ပြီလဲ။ ဘာတွေ ဆက်လုပ်ကြမလဲ။ ဒါတွေ အကျယ်ချဲ့ပြီး ဆွေးနွေးကြမှာပေါ့"
တရုတ်နိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ လှကျော်ဇောကလည်း ဒီဖိုရမ်နဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ပြင်ဆင်ဆောင်ရွက်နေမှုတွေကို အခုလို ပြောပါတယ်။
"ကျွန်မကြားတာတော့ အမေရိကန်တို့ ဂျပန်တို့ကိုတောင် လာတက်ဖို့ ကိုယ်စားလှယ်လွှတ်ဖို့ ဖိတ်ထားတယ်လို့ ကြားတယ်။ တော်တော်ကြီးကြီးကျယ်ကျယ် လုပ်မယ့်ပုံပဲ ပုံစံကိုက၊ ဒေါ်အောင်ဆန်းစုကြည် ဟိုတစ်နှစ်က လာတုန်းကလည်း နည်းတာတွေ မဟုတ်ဘူး လက်မှတ်ထိုးသွားတာတွေ ၁၃ ခုလား ၁၇ ခုလားမသိဘူး ထိုးတာပဲ။ အဲ့တော့ အခုလာရင်လည်း ထိုးဦးမှာပဲ။ ဒါတော့သေချာတယ်။ နိုင်ငံတိုင်းနဲ့ ထိုးနေတာပဲ။ အီတလီက ဝန်ကြီးချုပ်ကတောင် လှမ်းပြောနေပြီ ဟိုတနေ့က သူလည်းတက်မယ်လို့"
Belt and Road စီမံကိန်းခေါင်းစဉ်အောက်က တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မယ့် စီမံကိန်းတွေမှာ ဘယ်လို စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်ဆိုတာကို တရုတ်နိုင်ငံက အဆိုပြုမှာဖြစ်ပြီး ဒီအဆိုပြု ချက်တွေအပေါ် မြန်မာဘက်က လုပ်ဆောင်နိုင်မှု ရှိ၊ မရှိ ဆုံးဖြတ်ရမယ့် အနေအထားဖြစ်တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။
မြန်မာနိုင်ငံဘက်က ဒီလိုဆုံးဖြတ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး သက်ဆိုင်ရာ ပြည်ထောင် စုဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ OBOR အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင် ကော်မတီကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဖွဲ့စည်းဆောင်ရွက်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ပြည်ထောင်စုဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဲ့ဒီဦးဆောင် ကော်မတီမှာ နည်းပညာပိုင်းဆိုင်ရာ အကူအညီကောင်းစွာ ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေ လိုအပ်နေတယ်လို့ ထောက်ပြသူက နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းပါ။
"အခု ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ကော်မတီရှိတယ်။ ဝန်ကြီးတွေအားလုံးနီးပါးလောက် ပါပါတယ်။ ဒါပေမဲ့ အဲဒီကော်မတီထဲမှာ တကယ့်တကယ် Technical ခေါ်မှာပေါ့ဗျာ။ အသေးစိတ်ကိစ္စတွေ ဆုံးဖြတ်ဖို့ကျတော့ လိုလိမ့်မယ်ဗျ။ ကျွမ်းကျင်မှုတွေလိုမယ်။ နောက်ထပ် သုတေသနတွေဘာတွေကော လိုလိမ့်မယ်။ တော်တော်ကြီး စဉ်းစားပြီးမှလုပ်ရမယ့် ကိစ္စပေါ့"
အခုလကုန်ပိုင်း ကျင်းပမယ့် OBOR ရဲ့ ဒုတိယအကြိမ်ဖိုရမ်မှာ မြန်မာနဲ့ တရုတ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံ ကြရာမှာ မြစ်ဆုံစီမံကိန်းကိစ္စကို မဖြစ်မနေ ပြောဆိုဆွေးနွေးကြမှာ ဖြစ်တယ်လို့ ပြောကြပါတယ်။
"အခုကျတော့ မြစ်ဆုံက Belt and Road ခေါင်းစဉ်အောက်ရောက်သွားတဲ့ သဘောမျိုး ကျွန်တော်တော့ မြင်တယ်ဗျ။ တရုတ်သံအမတ်ကြီး ပြောသွားတာလေ။ Belt and Road စီမံကိန်းတွေနဲ့ ပတ်သက်ပြီးလိုအပ်တဲ့ စွမ်းအင်ကို မြစ်ဆုံကနေ ယူမယ်ဆိုတော့ ဒီ Belt and Road အောင်မြင်ဖို့ဆိုရင် မြစ်ဆုံလုပ်မှရမယ့် သဘောမျိုး တရုတ်ဘက်ကနေ ပြောထားတာရှိတယ်"
စီးပွားရေးပညာရှင် ဦးဇေယျသူ ပြောသွားတာကို ကြားခဲ့ရတာပါ။
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဆက်လက်လုပ်မယ် မလုပ်ဘူးဆိုတဲ့ အပြီးသတ် ဆုံးဖြတ်ချက်ကို မြန်မာဘက်က ချမှတ်ရတော့မှာ ဖြစ်တယ်လို့လည်း ဒေါက်တာ လှကျော်ဇော ကပြောပါတယ်။
တရုတ်နိုင်ငံ ပေကျင်းမှာ အခုလကုန်ပြုလုပ်မယ့် OBOR ရဲ့ ဒုတိယအကြိမ်မြောက်ဖိုရမ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်မလားဆိုတာနဲ့ မြန်မာဘက်က ပြင်ဆင်ဆောင်ရွက်ထားမှုတွေကို သိနိုင်အောင် OBOR အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင် ကော်မတီမှာ ပါဝင်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ လူကယ်ပြန်ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးစိုးဟန်နဲ့ စီးပွားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးတို့ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
တရုတ်သမ္မတ ရှီကျင့်ဖျင် ဦးဆောင်ပြုလုပ်တဲ့ ဒီဖိုရမ်ကို နှစ်နှစ်တစ်ကြိမ် ကျင်းပရာမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ မေလက ပထမအကြိမ်ကျင်းပခဲ့ပြီး အခု ၂၀၁၉ မှာ ဒုတိယအကြိမ် ဆက်ကျင်းပတာပါ။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကကျင်းပခဲ့တဲ့ ပထမအကြိမ်ဖိုရမ်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့တာဖြစ်ပါတယ်ရှင်။
ကျွန်မ ဝေမာထွန်းပါ။