NUG နဲ့ လုံခြုံရေးကောင်စီ ဟန်ချက်ညီလျှင် မြန်မာစစ်တပ်ကို ICC အရေးယူနိုင်
တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့တွေပါဝင်တဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၁၆ ဖွဲ့ကလည်း မြန်မာစစ်ခေါင်းဆောင်တွေကို ICC ကနေ အရေးယူနိုင်အောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂလူအခွင့်အရေးကောင်စီထံ ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်နေ့က စာရေးတောင်းဆိုခဲ့ပါတယ်။
-
RFA Burmese
2022-12-23 -
-
-
အာဏာသိမ်းကာလ နှစ်နှစ်နီးပါးကြာလာချိန်မှာ ဖိနှိပ်သတ်ဖြတ်မှုတွေ ပိုဆိုးလာတဲ့အတွက် မြန်မာစစ်တပ်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကနေ အရေးယူဖို့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တောင်းဆိုမှုတွေ မြင့်တက်လာပါတယ်။
မြန်မာစစ်တပ်ကို ICC ကနေ အရေးယူဖို့ ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုပါတယ်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI၊ Fortify Rights လူ့အခွင့်အရေးအဖွဲ့၊ နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) တို့ ကလည်း စစ်ကောင်စီကို ICC ကနေ တရားစီရင်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အခုနှစ်ထဲမှာပဲ တောင်းဆိုထားကြပါတယ်။
တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့တွေပါဝင်တဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၁၆ ဖွဲ့ကလည်း မြန်မာစစ်ခေါင်းဆောင်တွေကို ICC ကနေ အရေးယူနိုင်အောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီထံ ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်နေ့က စာရေးတောင်းဆို ခဲ့ပါတယ်။
ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေပညာရှင် ဦးအောင်ထူး က မြန်မာစစ်တပ်ဟာ အခြေအနေ သုံးခုအောက်ကနေ ICC ရဲ့ တရားစီရင်ပိုင်ခွင့်ထဲကို ရောက်သွားနိုင်တယ်လို့ ပြောပါတယ်။
“ပထမတစ်ခုက သက်ဆိုင်ရာနိုင်ငံဟာ Rome Statue of the International Criminal Court ပေါ့၊ အဲဒါကို အတည်ပြု လက်မှတ်ထိုးထားမှ ဖြစ်တယ်။ ဒုတိယတစ်ချက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီက သက်ဆိုင် ရာတိုင်းပြည်ရဲ့အခြေအနေကို ICC ကို လွှဲပေးတယ်။ တတိယ တစ်ခုရှိတယ်၊ အဲဒါက prosecutor ရဲ့ အခန်းကဏ္ဍ။ ICC မှာ prosecutor ဆိုတဲ့ တရားစွဲအရာရှိရှိတယ်။ သူက လွတ်လပ်တဲ့ သီးသန့်အဖွဲ့အစည်း တစ်ရပ်ပဲ။ ဒါကြောင့် တရားစွဲအရာရှိက ပုဒ်မ ၁၅ နဲ့အညီ initiate investigation proprio motu လို့ ခေါ်တယ်၊ သူက စပြီးတော့ စုံစမ်းစစ်ဆေးပိုင်ခွင့် ရှိတယ်။ အဲဒီအခြေအနေ သုံးခုအောက်ကနေပြီးတော့ သက်ဆိုင်ရာ တိုင်းပြည်တွေဟာ ICC ရဲ့ စီရင်ပိုင်ခွင့်အာဏာကို ရောက်သွားနိုင်တယ်"
ဥရောပတိုက် ဘော်လကန်ဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို ၁၉၉၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က အီတလီနိုင်ငံ ရောမမြို့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။
"မြန်မာပြည်မှာ မျက်ဝါးထင်ထင် လူသတ်နေတယ်၊ ရွာတွေမီးရှို့နေတယ်၊ ထောင်နဲ့သောင်းနဲ့ချီတဲ့ လူတွေကို ရက်ရက်စက်စက် သတ်ပစ်လိုက်ပြီ။ ဆိုတော့ ဒီဟာကြီးကို ထောက်ခံပါတယ်ဆိုတာကို ပြောဖို့ဆိုတာကတော့ တော်တော် သူတို့အတွက် ခက်ခဲလိမ့်မယ်"
ရောမမြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာညီလာခံ ဆုံးဖြတ်ချက်နဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ပေါ်ပေါက်လာတာမို့ အဲဒီဆုံးဖြတ်ချက်ကို Rome Statue ရောမသဘောတူစာချုပ်အဖြစ် သတ်မှတ်ပြီး နိုင်ငံပေါင်း ၁၂၃ နိုင်ငံက လက်မှတ်ထိုးထားပါတယ်။ အဲဒီအထဲမှာ မြန်မာ နိုင်ငံ မပါဝင်ပါဘူး။ ဒါကြောင့် မြန်မာစစ်တပ်ကို ICC ကနေ အရေးယူလို့ မရဘူးဆိုပြီး ထောက်ပြပြောဆိုတာတွေလည်း ရှိပါတယ်။
ဒီကိစ္စကိုချေဖျက်နိုင်ဖို့အတွက် ရောမသဘောတူညီချက်ကို လက်ခံကြောင်းနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ICC ကနေ စစ်ဆေးအရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၁ ခုနှစ် ဇူလိုင်လကတည်းက ICC ထံ စာရေးတင်ပြထားပြီးပြီလို့ (NUG)ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က ပြောပါတယ်။
“Rome Statueရဲ့ လုပ်ပိုင်ခွင့် ၁၂/၃ ကိုအသုံးချပြီးတော့ အစိုးရတစ်ရပ်ကနေ သူ့ တိုင်းပြည်မှာ လာရောက်ပြီး စစ်ဆေးပြီး အရေးယူဖို့ဖိတ်ကြားရင် လုပ်နိုင်တဲ့နည်းလမ်း တစ်ခု ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ NUG အစိုးရက ၂၀၂၁ ခုနှစ် ဇူလိုင်လကနေ စပြီးတော့ ကျနော်တို့ ဒီလိုမျိုး လာရောက်စုံစမ်းစစ်ဆေးပြီး အရေးယူဖို့အတွက် တောင်းဆိုတဲ့ဟာ ကြေညာချက်ကို ICC ကို ပို့ထားပြီး ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ICC တရားရုံးတော်ရဲ့ တရားသူကြီးများက လက်ခံရင်တော့ ဒီအမှုကို ကျနော်တို့ တင်ကြားနိုင်မယ်။ ဒါနဲ့ပတ်သက်ပြီး အရေးယူနိုင်မယ်”
နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသား မျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအပါအဝင် ပြစ်မှူကြီး လေးခုကို အဓိက ကိုင်တွယ် စစ်ဆေးပြီး ကျူးလွန်သူ တစ်ဦးချင်းကိုဖြစ်စေ၊ အုပ်စုလိုက်ကိုဖြစ်စေ ဖမ်းဝရမ်းထုတ်ခွင့်နဲ့ တရားစီရင်ပိုင်ခွင့် ရှိပါတယ်။
NUG က ရောမသဘောတူညီချက် လုပ်ပိုင်ခွင့်အောက်ကနေ မြန်မာစစ်တပ်ကို အရေးယူ နိုင်ဖို့ ကြိုးစားနေသလို ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားပြုခွင့် ဆက်လက်ရရှိထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကလည်း မြန်မာစစ်တပ်ကို (ICC) က အရေးယူနိုင်အောင် လုံခြုံရေးကောင်စီကနေ တင်ပြပေးဖို့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့က တိုက်တွန်းထားပါတယ်။
စစ်တပ်အရာရှိဟောင်းတွေ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ (ICC) က ဘယ်အထောက်အထားတွေပေါ် မူတည်ပြီး လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွဲမှာလဲလို့ မေးခွန်းထုတ်ပါတယ်။
“ICC နဲ့ပတ်သက်ပြီး ကျနော်တို့ အမြဲတမ်းပြောနေသလိုပါပဲ၊ အစိုးရတစ်ရပ်အနေနဲ့ ကတော့ ရှင်းပါတယ်။ တိုက်ရိုက်မသက်ဆိုင်တဲ့အတွက်ကြောင့် ဘယ်လိုမှ ဖြေရှင်းစရာ အကြောင်း မရှိဘူး။ အဲဒါတွေနဲ့ပတ်သက်ပြီး အဲလောက်ထိ သက်ရောက်မှု မရှိဘူး။ ခုနက ဒုတိယတစ်ပိုင်းဖြစ်တဲ့ လုံခြုံရေးကောင်စီကနေ အဆိုပြုပေးဖို့ပေါ့ ဟုတ်ပြီ အဆိုပြုပေးမယ့်အပိုင်းမှာလည်း ဘယ်အထောက်အထားအချက်အလက်တွေကို မူတည်ပြီး ကျနော်တို့က လူမျိုးတုံးဆိုတဲ့ကိစ္စရပ် ဖြစ်မှာလဲ။ အဲဒါရှိသေးတယ်”
ရိုဟင်ဂျာအရေးနဲ့ဆိုရင်တောင် သက်သေအထောက်အထား မခိုင်လုံတာကြောင့် မြန်မာစစ်တပ်ကို ICC မှာ အရေးယူဖို့ဆိုတာ ဖြစ်မလာနိုင်ဘူးလို့ ဦးသိန်းထွန်းဦး က ပြောပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM အဖွဲ့က တော့ သူ့ရဲ့ လေးကြိမ်မြောက် အစီရင်ခံစာကို ၂၀၂၂ ခုနှစ် စက်တင်ဘာလက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ တင်သွင်းရာမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ကျူးလွန်ခဲ့ တဲ့ အမှုတွဲပေါင်း ၆၇ ခုအတွက် သက်သေအထောက်အထားနဲ့ လေ့လာသုံးသပ်ချက်တွေကို စုစည်းတင်ပြထားပါတယ်။ အဲဒီသက်သေအထောက်အထားတွေကို တရားရုံး စစ်ဆေးမှုတွေအတွက် မျှဝေပေးသွားမယ်လို့လည်း ပြောထားပါတယ်။
NUG လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း အာဏာသိမ်းပြီးမှ စစ်တပ်ကျူးလွန်ခဲ့တဲ့ ပြည်တွင်းက တိုင်ကြားစာတွေကို အဆက်မပြတ် ကောက်ယူစိစစ်ပြီး ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၄၀၀ ကျော် ကို စနစ်တကျ မှတ်တမ်းတင်ထားတယ်လို့ RFA ကို ပြောပါတယ်။
အဲဒီအမှုပေါင်း ၄၀၀ ကျော်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို ပေးပို့ တိုင်ကြားထားတယ်လို့ NUG လူ့ အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က ပြောပါတယ်။
၂၀၂၁ ခုနှစ် မတ်လ ၂၄ရက်နေ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာ နိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးရပ်တန့်ဖို့အတွက် (ICC) အပါအဝင် နိုင်ငံတကာတရားရုံးတွေနဲ့ နီးနီးကပ်ကပ် သွယ်ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ချက်ချထား ပါတယ်။
ဒီဇင်ဘာလ ၂၁ ရက် လုံခြုံရေးကောင်စီ အစည်းအဝေးမှာလည်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အမြန်ဆုံး ရပ်တန့်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပါပြီ။ ဒီဆုံးဖြတ်ချက်ကို မဲခွဲရာမှာ မြန်မာစစ်တပ်ကို ကာကွယ်ပေးလေ့ရှိတဲ့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့က မထောက်ခံဘဲ ကြားနေခဲ့ကြပါတယ်။
ဒါပေမဲ့ မြန်မာစစ်တပ်ကို (ICC) က အရေးယူနိုင်ရေးအတွက် လုံခြုံရေးကောင်စီမှာ နောက်ထပ် မဲခွဲဖို့ရှိလာရင် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ကျူးလွန် နေတဲ့ မြန်မာစစ်တပ်ကို တရုတ်နဲ့ ရုရှားက ဆက်ကာကွယ်နေဖို့ ခက်ခဲလိမ့်မယ်လို့ မြန်မာ နိုင်ငံ လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးကျော်ဝင်း က ပြောပါတယ်။
“UN မှာပေါ့နော်၊ ကုလသမဂ္ဂမှာ ဘာတစ်ခု လုပ်ထုံးလုပ်နည်းအသစ်တစ်ခု ထပ်ပိုလာလဲ ဆိုတော့ အကယ်၍ နိုင်ငံတစ်နိုင်ငံက ဗီတိုသုံးမယ်ဆိုရင် အဲဒီဗီတိုသုံးမယ့်နိုင်ငံက ဒီကုလအထွေထွေညီလာခံမှာ နိုင်ငံတကာ အားလုံးကို ရှင်းပြရမယ်။ ဘာကြောင့် သူဗီတို သုံးရပါသလဲဆိုတာ၊ ဆိုတော့ နည်းနည်းတော့ ဒါ ရုရှားနဲ့ တရုတ်အတွက်က အကျပ်ရိုက် စရာ ဖြစ်လာမယ်။ ဘယ်လိုဖြစ်လာမလဲဆိုတော့ မြန်မာပြည်မှာ မျက်ဝါးထင်ထင် လူသတ်နေတယ်၊ ရွာတွေမီးရှို့နေတယ်၊ ထောင်နဲ့သောင်းနဲ့ချီတဲ့ လူတွေကို ရက်ရက်စက်စက် သတ်ပစ်လိုက်ပြီ။ ဆိုတော့ ဒီဟာကြီးကို ထောက်ခံပါတယ်ဆိုတာကို ပြောဖို့ဆိုတာကတော့ တော်တော် သူတို့အတွက် ခက်ခဲလိမ့်မယ်၊ အကျပ်ရိုက်လိမ့်မယ်။ ဒီမှာ ဖိအားတော်တော်ကြီးကြီးမားမားတစ်ခု သူတို့အပေါ်မှာ ရောက်လာလိမ့်မယ်။ အဲဒီဖိအားသည် စစ်ကောင်စီအပေါ်မှာ ရောက်လာလိမ့်မယ်”
စစ်ကောင်စီဘက်ကတော့ ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း ကုလသမဂ္ဂထံ တင်သွင်း ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေဟာ အပြုသဘော မဆောင်ဘဲ အပျက် သဘောဆောင်တယ်လို့ တုံ့ပြန်ထားပါတယ်။
အောက်တိုဘာလ ကုလသမဂ္ဂ တတိယကော်မတီအစည်းအဝေးအတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေဟာလည်း မြန်မာနိုင်ငံကို ဂုဏ်သရေညှိုးနွမ်းစေတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့က ကြေညာချက်ထုတ်ပြီး တုံ့ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဒီဇင်ဘာ ၂၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်း နှစ်နှစ်နီးပါးအတွင်း နိုင်ငံတစ်ဝန်းမှာ ပြည်သူ ၂၆၄၀ ဦး အသတ်ခံရပြီး ၁၃,၁၀၄ ဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။