အာဏာရှင်ကို တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို မေ့မထားဖို့ NUG ဝန်ကြီး တိုက်တွန်း

အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေအတွက် အာရုံစိုက်ကြဖို့ The Forum 2000 ကမ္ဘာ့ဒီမိုကရေစီရေး ဆွေးနွေးပွဲမှာ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့တွင် လူငယ်များစုပေါင်းပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ဖြင့် ဆန္ဒပြခဲ့ကြစဉ်။ Photo: RFA

ကမ္ဘာအရပ်ရပ်မှာ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ မတူကွဲပြားမှုတွေကို လက်ခံရေးတန်ဖိုးတွေကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့မှာ နှစ်စဉ်ကျင်းပပြုလုပ်တဲ့ Forum 2000 ညီလာခံကို သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာလ၂ ရက်အထိ ကျင်းပနေတာ ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်က စတင် ကျင်းပခဲ့တဲ့ ဒီ The Forum 2000 ညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကမ္ဘာအရပ်ရပ်က ဒီမိုကရေစီခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင်တွေ၊ နိုင်ငံရေးနဲ့အတွေးအခေါ် ဦးဆောင်သူတွေ တက်ရောက်ပြီး ကမ္ဘာကြီးမှာ လက်ရှိကြုံတွေ့နေတဲ့အကြောင်းအရာ ကိစ္စရပ်တွေကို ဆွေးနွေးသုံးသပ်ကြတာ ဖြစ်ပါတယ်။

“မြန်မာပြည်သူတွေက တာဝန်ကျေပေမယ့် နိုင်ငံတကာရဲ့အလေးထားလုပ်ဆောင်မှုအပိုင်းမှာ ဒီထက်ပိုပြီး မြှင့်တင်ဖို့ လိုအပ်တယ်”

၂၀၁၃ ခုနှစ်က ကျင်းပတဲ့ ဒီညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကောင်းမွန်သောအစိုးရအဖွဲ့ ဖြစ်ပေါ်စေဖို့ လိုအပ်ချက်တွေအကြောင်း သီးသန့်ဆွေးနွေးပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။

အခုနှစ်အတွက် ကျင်းပတဲ့ The Forum 2000 ညီလာခံမှာ ဆွေးနွေးပြောဆိုမှုတွေအကြောင်းကို ညီလာခံတက်ရောက်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက အခုလိုပြောပါတယ်။

“အခု Forum 2000 ကတော့ နှစ်စဉ်နှစ်တိုင်း ကျင်းပတဲ့ ချက်ရဲ့ဖိုရမ်တစ်ခုပါ။ အခုနှစ်မှာတော့ ယူကရိန်း ကို အဓိက ထားတယ်။ အထူးသဖြင့် ဒီမိုကရေစီကိစ္စနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ ဘာတွေရှိသလဲဆိုတဲ့ အကြောင်းအရာ၊ ဒါတွေကို ဘယ်လို ပြောင်းလဲနိုင်မလဲ ဆိုတဲ့ အကြောင်းအရာ။ ဘယ်လိုပဲဖြစ်ဖြစ် ယူကရိန်းနဲ့ မြန်မာနိုင်ငံရဲ့ကိစ္စတွေမှာ ဆင်တူနေတာ အများကြီး ရှိပါတယ်။ ယူကရိန်း ဘက်မှာတော့ ရုရှား၊ မြန်မာပြည်ဘက်မှာတော့ အကြမ်းဖက်စစ်ကောင်စီက တကယ်ပဲ ရက်စက်ယုတ်မာတဲ့ နည်းလမ်းတွေနဲ့၊ ပြည်သူတွေအပေါ် အနိုင်ကျင့်မှုတွေ ရှိနေတယ်။ တစ်ချိန်တည်းမှာပဲ ပြည်သူလူထုက ပြန်ပြီး တွန်းလှန်တဲ့ အခြေအနေမျိုး တူနေတယ်။ အဲဒါတွေကို ကျွန်တော်တို့ဘက်က တင်ပြတာမျိုးပေါ့။ ယူကရိန်းကို အာရုံစိုက်သလိုပဲ၊ မြန်မာနိုင်ငံအရေးကိုလည်း အာရုံစိုက်ဖို့ လိုတယ်။ ယူကရိန်းကို ကျွန်တော်တို့ သောင်းသောင်းဖြဖြနဲ့ အကူအညီပေးရုံတင်မကဘဲ အခုနောက်ပိုင်းမှာ ဒီနောက်ထပ်ကာလအလွန် ဘယ်လိုတည်ဆောက်ကြမလဲ ဆွေးနွေးတဲ့အခါမှာ မြန်မာပြည်အရေးကိုလည်း အဲဒီလိုမျိုး ဆွေးနွေးဖို့လိုတယ်။ မြန်မာနိုင်ငံကိုလဲ ဝိုင်းဝန်းကူညီဖို့ တင်ပြခဲ့တာတွေလည်း ရှိပါတယ်။ ”

အခုနှစ် ညီလာခံမှာ ရုရှားနိုင်ငံရဲ့ကျူးကျော်စစ်နဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံအကြောင်းကို အဓိကထား ကျင်းပခဲ့တာ ဖြစ်ပြီး၊ ဆွေးနွေးပြောဆိုမှုအများစုက ယူကရိန်းပြည်သူတွေရဲ့ တော်လှန်ရေးအောင်မြင်အောင် ကူညီထောက်ပံ့နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတာပါ။

ဒီဖိုရမ်ဟာ ယူကရိန်းနိုင်ငံအကြောင်း အဓိကထားဆွေးနွေးတဲ့ ဆွေးနွေးပွဲ ဖြစ်ပေမယ့် လက်ရှိ ရုရှားနိုင်ငံရဲ့ကျူးကျော်မှုကို ရင်ဆိုင်နေရတဲ့ ယူကရိန်း နိုင်ငံအခြေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေရဲ့ အခြေအနေတွေဟာ ဆင်တူနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကိုလည်း ဒီညီလာခံမှာ တင်ပြဆွေးနွေးခဲ့ပြီး မြန်မာပြည်သူတွေရဲ့အာဏာရှင် ဆန့်ကျင်ရေး ကြိုးပမ်းအားထုတ်မှုတွေကို မေ့မထားကြဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“နောက်ဒီကနေ့ ကျွန်တော်တို့ဆွေးနွေးတဲ့ အကြောင်းအရာကတော့ အာဏာရှင်စနစ်တွေ ဖြစ်ပေါ်လာတဲ့ အကြောင်းရင်းနဲ့ အာဏာရှင်စနစ်တွေကို တွန်းလှန်တဲ့နေရာမှာ မြန်မာနိုင်ငံက ဘယ်လိုမျိုးသင်ခန်းစာ ရယူနိုင်မလဲ ဆိုတာပါ။ မြန်မာပြည်သူတွေရဲ့ ခုခံတော်လှန်တွန်းလှန်ချင်တဲ့ စိတ်ထားတွေကို တင်ပြတယ်။ အခုနည်းပေါင်းစုံနဲ့တွန်းလှန်တဲ့အခါ မြန်မာပြည်သူတွေက တာဝန်ကျေပေမယ့် နိုင်ငံတကာရဲ့အလေးထားလုပ်ဆောင်မှုအပိုင်းမှာ ဒီထက်ပိုပြီး မြှင့်တင်ဖို့ လိုအပ်တယ်။ ဒါကြောင့်မို့ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ဒီ တာဝန်ရှိတဲ့သူတွေ ဖြစ်နိုင်တဲ့ နည်းပေါင်းစုံနဲ့ ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို သုံးပြီး ကူညီပေးဖို့ တိုက်တွန်းခဲ့ပါတယ်”

ဒီနေ့အချိန်မှာ ကမ္ဘာပေါ်မှာ အာဏာရှင်နိုင်ငံတွေ အရေအတွက် တိုးပွားလာရုံမကဘဲ ရှိနှင့်ပြီး အာဏာရှင်တွေကလည်း အင်အားတောင့်တင်းလာပြီး သြဇာအာဏာကြီးထွားလာနေတဲ့ ပြဿနာနဲ့ပတ်သက်ပြီး၊ အာဏာရှင်နိုင်ငံတွေ ပေါ်ထွက်လာအောင် တွန်းအားပေးနေတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲဆိုတာကို ဒီညီလာခံမှာ ဆွေးနွေးသုံးသပ်ခဲ့ကြတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“သင်ခန်းစာကတော့ ဒီ Authoritarian လို့ခေါ်တဲ့ အာဏာရှင်ဆန်တဲ့ လုပ်ပုံကိုင်ပုံတွေပေါ့၊ ဒါတွေက အာဏာရှင်စနစ်တွေကို တွန်းအားပေးသလို အာဏာရှင်စနစ်ကို ဘယ်လိုတွန်းလှန်ကြမလဲဆိုတဲ့ နိုင်ငံတကာက တွေဝေမှုတွေ၊ နိုင်ငံတကာက သူတို့ရဲ့ ဒီမိုကရေစီ တန်ဖိုးထားမှုကို အတိအကျ မလုပ်ဘဲ ကိုယ့်ရဲ့အကျိုးစီးပွားကို ဦးတည်ထားတဲ့အခါမှာ အာဏာရှင်တွေက ပိုပြီးတော့ သက်ဆိုးရှည်သွားနိုင်တယ် ဆိုတဲ့ ထောက်ပြချက်တွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့လက်ရှိအခြေအနေနဲ့ ကိုက်ညီနေတာတွေ့ရပါတယ်”

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့က အင်းစိန်ထောင်ရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်။ (Photo: North Dagon Oppressed People Strike Colition)

အခုနှစ် ကျင်းပနေတဲ့ The Forum 2000 ညီလာခံမှာတော့ ယူကရိန်နိုင်ငံကို လွတ်လပ်ပြီး ဖွံ့ဖြိုးစည်ပင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ဖို့ လုပ်ဆောင်ရမယ့်လမ်းစဉ်တွေ ပါဝင်တဲ့ ပရာ့ဂ် ကြေညာစာတမ်းကို ဖိုရမ် တက်ရောက်လာသူတွေက စုပေါင်းလက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့ပါတယ်။

ညီလာခံ တက်ရောက်ခဲ့တဲ့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဒီမိုကရေစီစံနှုန်းတွေကို လက်မခံတဲ့ အာဏာရှင်စိတ်ဓာတ်အပြင် ဒီမိုကရေစီဆုံးရှုံးသွားတဲ့ နိုင်ငံတွေမှာ ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့ အင်အားစုတွေကို ကမ္ဘာကြီးက လျစ်လျူရှုထားတာနဲ့ ဒီမိုကရေစီအကျိုးထက် သက်ဆိုင်ရာနိုင်ငံတွေရဲ့ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ စိတ်ဓာတ်တွေကြောင့်လည်း အာဏာရှင်စနစ် အားကောင်းလာဖို့ တွန်းအားတွေ ဖြစ်စေတယ်လို့ သင်ခန်းစာယူနိုင်တဲ့အကြောင်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org