NUG နဲ့ တိုင်းရင်းသားသုံးဖွဲ့ ဘုံသဘောထားအပေါ် အမေရိကန်ပါမောက္ခ သုံးသပ်ချက်

Zachary Abuza ရေးသားပြီး ရဲခေါင်မြင့်မောင် ဘာသာပြန်ဆိုသည်
2024.02.13
NUG နဲ့ တိုင်းရင်းသားသုံးဖွဲ့ ဘုံသဘောထားအပေါ် အမေရိကန်ပါမောက္ခ သုံးသပ်ချက် ကချင်ပြည်နယ် မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေအတွင်းရှိ KIA နှင့် ပူးပေါင်းတပ်များ သိမ်းဆည်းခဲ့သည့် လက်နက်များအား NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းတို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ကြည့်ရှုစစ်ဆေးနေစဉ်။
Photo: NUG

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ ချင်းအမျိုးသားတပ်ဦး CNF ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့နဲ့အတူ၊ ဇန်နဝါရီလ ၃၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဘုံသဘောထားရပ်တည်ချက်ကို ဝါရှင်တန်အမျိုးသားစစ်တက္ကသိုလ် ပါမောက္ခ RFA ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက လေ့လာသုံးသပ်ထားပါတယ်။

ဒီသဘောထားရပ်တည်ချက်ထဲမှာ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေခြင်းကို အဆုံးသတ်ဖို့၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းပြီး ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ဖို့၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းဖို့၊ ပေါ်ထွက်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ် တည်ဆောက်ဖို့၊ ပဋိပက္ခအတွင်းမှာ မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေး ဖော်ဆောင်ဖို့ စတဲ့ ဦးတည်ချက် ခြောက်ရပ် ပါဝင်ပါတယ်။

ဒါ့အပြင် ဒီကြေညာချက်ထဲမှာ ပဋိပက္ခ ကာလတွင်းနဲ့ ပဋိပက္ခကာလအလွန် စိန်ခေါ်မှုတွေအတွက် NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့ရဲ့ ရပ်တည်ချက်ကိုးချက်ကိုလည်း ဖော်ပြထားပါတယ်။ ဒီအထဲက ပထမဆုံးနှစ်ချက်က မြန်မာစစ်တပ်ရဲ့ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို တရားမဝင်ကြောင်း ကြေညာပြီး အကြွင်းမဲ့ဆန့်ကျင်ရှုတ်ချကြောင်း နဲ့ ဒီ အာဏာသိမ်းမှုဟာ မြန်မာစစ်တပ်ကိုယ်တိုင် တစ်ဖက်သတ် ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်တဲ့အတွက် တရားမဝင်တော့ကြောင်း ပြောထားပါတယ်။

တတိယအချက်က ၂၀၂၀ရွေးကောက်ပွဲရလဒ်အရ ရွေးကောက်ခံအမတ်တွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်က နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ဖို့ အသုံးချမှာ မဟုတ်ဘဲ တော်လှန်ရေးနဲ့ စနစ်ပြောင်းနိုင်ငံရေးတည်ဆောက်မှုအတွက် အသုံးချသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရပ်တည်ချက် စတုတ္ထအချက်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းတာဟာ ဒီမိုကရေစီကို ပြန်လည် ဖော်ဆောင်နိုင်မှာမဟုတ်တဲ့ အပြင် အာဏာသိမ်းမှု တရားဝင်ဖြစ်စေကြောင်း ဖော်ပြထားပြီး နောက်အချက်မှာ အနာဂတ်နိုင်ငံရေးလုပ်ငန်းစဉ်မှာ စစ်တပ်ကို လုံးဝပါဝင်ခွင့်မရှိစေရလို့ ဖော်ပြထားပါတယ်။

ဒီနေရာမှာ အနာဂတ် နိုင်ငံရေးမှာ NUG နဲ့ CRPH တို့က ဦးဆောင်နေရာက ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပေမဲ့ စုပေါင်းခေါင်းဆောင်မှု လိုအပ်တဲ့အကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့အဖွဲ့အစည်းတွေဟာ နိုင်ငံကို ဦးဆောင်ပဲ့ကိုင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်ကြမှာ ဖြစ်တယ်လို့လည်း ဒီရပ်တည်ချက်မှာ ဖော်ပြထားပါတယ်။

ဒီသဘောထားရပ်တည်ချက်တွေနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ဖို့ ဆက်လက်ဆောင်ရွက်မဲ့လုပ်ငန်းစဉ် ခြောက်ရပ်ကိုလည်း ဖော်ပြထားပါတယ်။

ဒီလုပ်ငန်းစဉ်တွေထဲမှာ စစ်ကောင်စီနဲ့ မြန်မာစစ်တပ်ကို စစ်ရေး၊ နိုင်ငံရေးအရ ပြည်တွင်းပြည်ပကနေ ဖိအားပေးဖို့၊ မြန်မာစစ်ခေါင်းဆောင်တွေဘက်က ဖော်ပြပါ ဦးတည်ချက်ခြောက်ရပ်ကို လက်ခံလာရင် စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပြီး၊ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့၊ အာဏာရှင်စနစ်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးအစုအဖွဲ့တွေ ပါဝင်တဲ့ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့၊ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ကို အပြီးသတ်ဖယ်ရှားပြီး အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နဲ့ အသွင်ကူးပြောင်းရေးကာလ ပြည်နယ်အဆင့် အစိုးရတွေကို ဖွဲ့စည်းဖို့လည်း ပါဝင်ပါတယ်။

ဒီနေရာမှာ အရေးကြီးတဲ့တာဝန်တစ်ခုက ပြည်နယ်နယ်နိမိတ်တွေ ပြန်လည်ရေးဆွဲဖို့ ဖြစ်ပါတယ်။ ဒီကိစ္စကို တိတိကျကျ ဖော်ပြထားတာ မရှိပေမဲ့ ဗမာအများစုတိုင်းဒေသကြီးတွေကို ပြန်လည်ဖွဲ့စည်းဖို့ တောင်းဆိုချက်တွေ ရှိနေပါတယ်။

NUG က အသစ်ဖွဲ့စည်းမှာ ဖက်ဒရယ်ပြည်ထောင်စုမှာ ပြည်နယ်အဆင့်နဲ့ ဒေသန္တရအဆင့် အစိုးရတွေ ဖွဲ့စည်းရေးကို သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တာဝန်ယူရမှာဖြစ်ပြီး နိုင်ငံအရှေ့ပိုင်း ကရင်နီဒေသမှာ ဒီအတိုင်း စလုပ်နေပြီ ဖြစ်ပါတယ်။

ဒီဘုံသဘောထား ရပ်တည်ချက်ထဲမှာ “အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ” လို့ ဖော်ပြထားတာလည်း အရေးကြီးတဲ့ သတ်မှတ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် နွေဦးတော်လှန်ရေးမှာ မပါဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် အခန်းကဏ္ဍက ဘယ်လိုရှိမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားတဲ့အကြောင်း ဆောင်းပါးရှင်က သုံးသပ်ပါတယ်။

ဒါကြောင့် ဒီသဘောထားရပ်တည်ချက်ကို လက်မှတ်မထိုးတဲ့အဖွဲ့တွေကို ဘယ်လိုလုပ်မလဲဆိုတာကိုလည်း ပူပန်စရာရှိပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ဟာ ဒီသဘောထားရပ်တည်ချက်ကို ပါဝင်ရေးထိုးထားတာ မရှိဘဲ ဘာကြောင့် ဒီလိုအရေးပါတဲ့အဖွဲ့တွေ ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိတာလဲဆိုတာ အကြောင်းပြချက် ပေးမထားပါဘူး။

အရေးကြီးတဲ့ နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ တိုက်ခိုက်နေတဲ့ ရက္ခိုင့်တပ်တော် (AA) ဟာ NUG ကို NLD ပါတီဝင် ဗမာတွေကြီးစိုးတဲ့ အဖွဲ့အစည်းအဖြစ် ရှုမြင်ပြီး အပြည့်အဝ ယုံကြည်မှု မရှိပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာ AA ဟာ လွတ်လပ်တဲ့နိုင်ငံ တည်ထောင်နိုင်တဲ့ အဆင့်အထိ ရောက်ဖို့ စိတ်အားထက်သန်မှု အရှိဆုံးဖြစ်ပါတယ်။ အခုဆိုရင် ဖက်ဒရယ်ပြည်ထောင်စုအစား၊ နိုင်ငံငယ်တွေ စုပေါင်းထားတဲ့ ကွန်ဖက်ဒရေးရှင်းပုံစံ တည်ထောင်ဖို့ ဆွေးနွေးလာတာ တွေ့ရပါတယ် လို့ ဆောင်းပါးရှင်က သုံးသပ်ပါတယ်။ NUG ရဲ့ သဘောထားရပ်တည်ချက်ထဲမှာ AA မပါဝင်ဘဲ AA ရဲ့ မဟာမိတ်အဖွဲ့တွေ ပါဝင်လာမယ်ဆိုရင် ကမောက်ကမ အခြေအနေ ဖြစ်လာနိုင်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီးတွင် စစ်ကောင်စီရေယာဉ်တစ်စင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့အပြီး ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ထားသည့်ပုံ။(Photo: AA InfoDesk)
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီးတွင် စစ်ကောင်စီရေယာဉ်တစ်စင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့အပြီး ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ထားသည့်ပုံ။(Photo: AA InfoDesk)

ဒီသဘောထားရပ်တည်ချက်ကြောင့် တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကို ဘယ်လို ထိခိုက်လာမလဲ ဆိုတာ မသိရသေးတဲ့အတွက်၊ တရုတ်နိုင်ငံရဲ့ဖိအား ဘယ်လိုရှိလာမလဲဆိုတာလဲ ခန့်မှန်းသုံးသပ်မှုတွေ ရှိနေပါတယ်။
ဒီပူးတွဲကြေညာချက်ထွက်လာတာ စောနေသေးတယ်လို့ အချို့က ရှုမြင်ကြပေမဲ့ အဆုံးသတ်အခြေအနေ ဘယ်လို ပုံစံဖြစ်မယ်ဆိုတာ ပြင်ဆင်ဖြည့်စွက်ဖို့ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

အခုအချိန်မှာ တော်လှန်ရေးအင်အားစုတွေဟာ မြန်မာစစ်တပ်ကို အနိုင်ရဖို့ အချိန်နီးကပ်လာတာနဲ့ အမျှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဗမာအများစုနဲ့ ဖွဲ့စည်းထားတဲ့ NUG အပေါ် မယုံကြည်မှုတွေ တိုးလာမှာ သေချာပါတယ်။ ဒါကြောင့် NUG ဟာ နိုင်ငံရေး နဲ့ စီးပွားရေး ပုံစံအသစ်ကို ဖော်ဆောင်ပေးမဲ့ ဖက်ဒရယ်ချာတာအသစ်အတွက် သန္နိဋ္ဌာန်ကို ထပ်တလဲလဲ ကတိပြုပြောဆိုနေဖို့ လိုအပ်ပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ စစ်ကောင်စီဟာ နိုင်ငံကို စုစည်းညီညွတ်မှု မပေးနိုင်ရုံတင်မကဘဲ အာဏာအုပ်စိုးနိုင်မှုပါ ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။ အတိုက်အခံအင်အားစုတွေဘက်က အင်အား၊ ညီညွတ်မှုနဲ့ တရားဝင်ဖြစ်မှု အားလုံး တိုးလာချိန်မှာ ဒီသဘောထားကြေညာချက်က ရှေ့ဆက်သွားမဲ့လမ်းကြောင်းတစ်ခုကို ချပေးလိုက်တာ ဖြစ်ပါတယ်လို့ ဆောင်းပါးရှင်က သုံးသပ်ထားပါတယ်။

(မှတ်ချက်။ ဇက်ခါရီ အဘူဇာသည် Zachary Abuza သည် ဝါရှင်တန်ဒီစီမြို့တော်ရှိ အမျိုးသားစစ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး Georgetown University ၏ တွဲဖက်ပါမောက္ခလည်း ဖြစ်သည်။ ဤဆောင်းပါးတွင် ဖော်ပြထားသော အမြင်များသည် ၎င်း၏ကိုယ်ပိုင်အမြင်များဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဌာန၊ အမျိုးသားစစ်တက္ကသိုယ်၊ Georgetown တက္ကသိုလ် သို့မဟုတ် Radio Free Asia တို့၏ ရပ်တည်ချက်ကို မထင်ဟပ်ပါ။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။