NSCN-K ခေါင်းဆောင်တွေကို ထောင် နှစ်နှစ်စီ အမိန့်ချ

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ခေါ် NSCN-K လက်နက်ကိုင်အဖွဲ့မှာ ထိပ်တန်းတာဝန်ယူခဲ့ဖူးသူတွေ အပါအဝင် ၁၁ ဦးကို အိန္ဒိယဘက်က သူပုန်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် တရားရုံးက ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ပါတယ်။

NSCN-K က ဝန်ကြီး ငါးဦးနဲ့ တပ်ဖွဲ့ဝင် ‌ခြောက်ဦး စုစုပေါင်း ၁၁ ဦးကို ၂၀၁၉၊ နိုဝင်ဘာ ၆ ရက်နေ၌က စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ခန္တီးမြို့နယ် တရားရုံးမှာ ရုံးထုတ်စဥ် Photo: Aung San Myint

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ခေါ် NSCN-K လက်နက်ကိုင်အဖွဲ့မှာ ထိပ်တန်းတာဝန်ယူခဲ့ဖူးသူတွေ အပါအဝင် ၁၁ ဦးကို အိန္ဒိယဘက်က သူပုန်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် တရားရုံးက ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ပါတယ်။  

အိန္ဒိယနိုင်ငံက အာသံ၊ ကသည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K  က ဝန်ကြီး ငါးဦး၊  တပ်ဖွဲ့ဝင် ခြောက်ဦး တို့ကို ဒီနေ့ ခန္တီးမြို့နယ် တရားရုံးက ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ပါတယ်။

ထောင်ဒဏ် နှစ်နှစ်ဟာ ၁၇(၁) ပုဒ်မအတွက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ပါတယ်။

NSCN-K က ဝန်ကြီး တာဝန်ရှိသူ ငါးဦးကို ဗိုလ်မှူးဇာနည်အောင်က မတ်လမှာ တရားစွဲခဲ့ပြီး၊ တပ်ဖွဲ့ဝင် ခြောက်ဦးကိုတော့ ဗိုလ်ကြီး သန့်ဇင်ဦးက  တရားစွဲခဲ့တာပါ။

အခုလို အရေးယူတာဟာ NSCN-K နဲ့ အစိုးရကြား ငြိမ်းချမ်းရေး လမ်းကြောင်းမှာ အခက်အခဲတွေ ဖြစ်သွားတယ်လို့ နာဂစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့  ဥက္ကဋ္ဌ ဦးအောင်ထွဋ်က ပြောပါတယ်။

“ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးနိုင်ဖို့ ဒါပေမဲ့လည်း ကျနော်တို့ ထင်သလိုဖြစ်မလာဘဲနဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်လိုအဆင့်ကိုသွားမယ်ဆိုတဲ့ အစည်းအဝေးလေးမှာပဲ သူတို့ကို ခေါ်ပြီးထိန်းသိမ်းလိုက်တယ်။ ထိန်းသိမ်းပြီး ၁၇ (၁) နဲ့ တရားစွဲပြီး အခုထောင်ချလိုက်တယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးက အခက်အခဲ ရှိတာပေါ့။ ကျနော်တို့လည်း နာဂ ပြည်သူတွေအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းတော့ ဖြစ်စေချင်တာပေါ့”

ပြည်ထောင်စုအဆင့်အပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးဖို့ နာဂစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က NSCN-K က တာဝန်ရှိသူတွေကို ဖိတ်ကြားခဲ့တာဖြစ်ပြီး ဝန်ကြီးအဖွဲ့ဝင်တွေဟာ ခန္တီးမြို့က NSCN-K ဆက်ဆံရေးရုံးမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဒီနေ့ တရားရုံးက အမိန့်မချခင် ရက်ပိုင်းအလိုမှာ ဝန်ကြီးတာဝန်ယူထားကြတဲ့ ဗိုလ်ချုပ် အန်မိုင်၊ ဦးကျော်ဝမ်းစိန်၊ ဦးအန်ကန့်၊ ဦးစောထင်နဲ့ ဦးအောင်ဆိုင်းတို့ကို တပ်ကနေ ထုတ်ပယ်လိုက်ကြောင်း NSCN-K က ကြေညာခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ် နယ်စပ်က တဂါးဒေသမှာ တည်ရှိတဲ့ NSCN-K ဌာနချုပ်မှာ မေလက ဖမ်းဆီးခံခဲ့ရတဲ့  တပ်ဖွဲ့ဝင် ခြောက်ဦးထဲမှာ  ဗိုလ်မှူး၊ ဒုဗိုလ်၊ အရာခံဗိုလ်၊ တပ်ကြပ်နဲ့ တပ်သား အဆင့်တွေ ပါဝင်ပါတယ်။

အိန္ဒိယက အာသံ၊ ကသည်းအဖွဲ့တွေနဲ့ တရားစွဲခံရသူတွေ ဆက်သွယ်တယ်ဆိုတဲ့ ဓာတ်ပုံသက်သေတွေကို တပ်မတော်က တရားရုံးကို တင်သွင်းခဲ့တယ်လို့ အမှုကို လေ့လာစောင့်ကြည့်ခဲ့သူ ခန္တီးမြို့ခံ ဦးအောင်ဆန်းမြင့် ပြောပါတယ်။

“စစ်ဆေးချက်တွေမှာတော့ ဖုန်းထဲမှာ ဓါတ်ပုံ ၁၄ ပုံတွေတဲ့ဟာ သက်သေခံပစ္စည်းအဖြစ် အဲဒါကို တပ်ဘက်က တင်သွင်းတာပေါ့။ ဦးကျော်ဝမ်းစိန်တို့ဘက်ကတော့ ဒါကတော့မဟုတ်ဘူးပေါ့။ သူတို့အနေနဲ့ လုံးဝ ဆက်သွယ်မှုမရှိဘူးလို့ ပြောတယ်။ တပ်ဘက်ကတော့ ဓါတ်ပုံအထောက်အထားတွေနဲ့ ရဲစခန်းမှာ တရားလိုလုပ်ပြီး တရားစွဲခဲ့တာပေါ့”

တရားရုံးက ဒီနေ့ ထောင်ဒဏ် ချမှတ်ရာမှာ ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်နဲ့ အယူခံဆက်တင်ခွင့်ကို ပေးခဲ့ပါတယ်။

သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက တရားရုံးအဆင့်ဆင့် အယူခံတက်သွားမယ်လို့ RFA ကို ပြောပါတယ်။

“ရုံးအဆင့်ဆင့် အယူခံတက်တဲ့အခါ ကျနော်တို့က ဥပဒေနဲ့ အညီဆက်သွားဖို့ရှိတယ်။ တစ်လအတွင်း တက်ရမယ်။ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေအရ စွပ်စွဲလို့ရှိရင် ဆက်သွယ်ခံရတဲ့အသင်းက မတရားအသင်းဖြစ်ကြောင်း ကြေညာထားရမယ်။ အခုအဖွဲ့ ( အာသံ၊ ကသည်း) က မတရားအသင်းအဖြစ် ကြေညာထားတဲ့ အသင်းအဖွဲ့မဟုတ်ဘူး။ အဲဒါနဲ့ ကျနော်တို့ ဆက်တက်သွားမယ်”

မြို့နယ်တရားရုံးက အမိန့်ချပြီးဖြစ်လို့ ခရိုင်တရားရုံးကို တစ်လအတွင်း အယူခံတက်မယ်လို့လည်း ရှေ့နေက ပြောပါတယ်။

တပ်မတော်က စစ်ဆင်ရေးလုပ်ခဲ့တဲ့ ဌာနချုပ်နယ်မြေမှာ မတ်လ ကစတင်ပြီး တပ်ဖွဲ့ဝင်တွေမရှိတော့ဘဲ အစိုးရတပ်မတော်ကသာ နေရာယူထားဆဲဖြစ်တယ်လို့ သိရပါတယ်။

နာဂ တိုင်းရင်းသားတွေဟာ မြန်မာပြည်တွင်းမှာ ရန်ကုန်၊ မန္တလေး၊ ကချင်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ အဓိက နေထိုင်ကြတာဖြစ်ပါတယ်။

နာဂစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ကောက်ယူထားတဲ့ စာရင်းအရ မြန်မာပြည်တွင်းမှာ နာဂတိုင်းရင်းသား လူဦးရေ သုံးသိန်းကျော်ရှိပြီး အိန္ဒိယနိုင်ငံမှာတော့ နာဂဦးရေဟာ သုံးသန်းကနေ လေးသန်းကြား ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org