ရှမ်းပြည်မြောက်ပိုင်းကတိုက်ပွဲတွေ တရုတ်အကျိုးစီးပွားကိုသက်ရောက်လာ

RFA Burmese
2023.11.23
ရှမ်းပြည်မြောက်ပိုင်းကတိုက်ပွဲတွေ တရုတ်အကျိုးစီးပွားကိုသက်ရောက်လာ ရှမ်းမြောက်ဒေသတိုက်ပွဲကြောင့် လောက်ကိုင်နှင့် ချင်းရွှေဟော်ကြား ပါစင်ကျော်ရွာအနီးတွင် ပိတ်မိနေသည့် ပြည်သူများအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း နှစ်ဆယ်ကျော်မှာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာအရေးပါတဲ့ ချင်းရွှေဟော်နဲ့ မူဆယ် နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်နေပါတယ်။ ရှမ်းမြောက်ဒေသမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းနဲ့ တခြား တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေအတွက် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါး ရှိနေတာပါ။

တရုတ်ရဲ့ စီးပွားရေးစင်္ကြန်စီမံကိန်းထဲက အစိတ်အပိုင်းထဲက နယ်စပ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဇုန်တွေတည်ဆောက်မယ့် ချင်းရွှေဟော်၊ နမ့်ခမ်း၊ ကြူကုတ်(ပန်ဆိုင်း) ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ ISP Myanmar က နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီအပြင် တရုတ်စီမံကိန်းကြီးတွေရှိတဲ့ မန္တလေး-မူဆယ်ရထားလမ်း၊ ရေနံသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်း၊ ဂုတ်ထိပ်တံတားနဲ့ လမ်းစီမံကိန်းတွေကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတယ်လို့ ISP Myanmar က ဖော်ပြပါတယ်။

အခုဖြစ်နေတဲ့ စစ်မီးဟာ မြန်မာပြည်ကတရုတ်စီမံကိန်းကြီးတွေအပေါ် သက်ရောက်မှု ရှိလာတယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးစိန်ဌေး က RFA ကိုပြောပါတယ်။

"စစ်ဖြစ်တဲ့အခါမှာ နစ်နာမှုတွေက ဒါထက်မက ကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ရဲ့ မဟာစီမံကိန်းရှိတယ်။ ကျောက်ဖြူကထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကို ထုတ်နေတာ။ အဲဒါလည်း ယူနန်ပို့တာပဲ။ သူ့နိုင်ငံ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းရေး အတွက် ရှိတယ်။ စက်ရုံတွေဘာတွေသုံးဖို့ပေါ့။ ဒါကြောင့် စွမ်းအင်အတွက် သူနစ်နာတယ်။ ဘာကြောင့်လဲဆိုတော့ စစ်မီးက ရခိုင်မှာကူးတယ်။ ဒီအတွက် တရုတ်က ပျားပန်းခပ်အောင်လာနေတာလေ"

ISP Myanmar ရဲ့ ဖော်ပြချက်အရ ချင်းရွှေဟော်နယ်စပ်မှာ နေ့စဉ် ပျမ်းမျှကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ တစ်သန်းခွဲနဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ နေ့စဉ်ပျမ်းမျှကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ခုနစ်သန်းခွဲကျော်ရှိတယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် ရှမ်းပြည်မြောက်ပိုင်းဒေသက နှစ်ဖက်တိုက်ပွဲတွေဟာ ကာလရှည်ကြာနေမယ် ဆိုရင် တရုတ်ဘက်က လိုလားမှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ရှမ်းမြောက်တိုက်ပွဲတွေကို သုံးလထက် ပိုမကြာနိုင်ဘဲ အဆုံးအဖြတ်ပေးမှာကို တရုတ်ဘက်က စောင့်ကြည့်နေပုံရတယ်လို့ RFA ကိုပြောပါတယ်။

"အဲဒီအခြေအနေကတော့ ဘယ်မှာမူတည်မလဲဆိုတော့ ဘယ်အင်အားစုက ပိုပြီးတော့ အလားအလာ ရှိလဲ။ အသာစီးရတယ်ဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။ စစ်ကောင်စီက တန်ပြန်ထိုးစစ်တွေလုပ်နိုင်တယ်။ စစ်စခန်းတွေ ပြန်သိမ်းနိုင်တယ် ဆိုရင် စစ်ကောင်စီနဲ့ ဆက်ဆံရေးက ပိုနေမြဲ၊ ကျားနေမြဲ အယူအဆကိုတော့ ဆက်ထိန်းထားလိမ့်မယ်။ တစ်ကယ်လို့ စစ်ကောင်စီက တဖြည်းဖြည်းပိုပြီးတော့ ရှုံးလာတယ်ဆိုရင် သဘောထားတွေ အပြောင်းလဲတွေ မြင်ရနိုင်တယ်။ တရုတ်ကလည်း တွက်ထားပါတယ်။ ဒီပဋိပက္ခဟာ သုံး၊ လေးလထက် ပိုမကြာနိုင်ဘူးဆိုတာ တွက်ထားပါတယ်။ ဒါကြောင့်လည်း အခုက အခြေအနေကို စောင့်ကြည့်နေတာပါ"

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောက်ဟွန် (Wang Xiaohong) တို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (Photo: Myanmar Military)
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောက်ဟွန် (Wang Xiaohong) တို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (Photo: Myanmar Military)

စစ်တပ်အရာရှိဟောင်း ဒေါက်တာ အောင်မျိုးကတော့၊ ရှမ်းပြည်မြောက်ပိုင်းက နှစ်ဖက်တိုက်ပွဲရှည်ကြာလာရင် အကျိုးစီးပွား ထိခိုက်လာမှာကြောင့် တရုတ်က စစ်ကောင်စီနဲ့ ပူးပေါင်းဖယ်ထုတ်လာနိုင်တယ်လို့ RFA ကိုပြောပါတယ်။

"တရုတ်ဘက်တော့ ဒီလိုရှည်ကြာလာတယ်ဆိုရင် အဲဒီလူကို ဖယ်ထုတ်လို့ရအောင် တရုတ်က အားပေးမှာပဲလေ။ မြန်မာအစိုးရကိုလေ။ ရေရှည်ကျတော့ သူတို့ (မြောက်ပိုင်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့) က အစိုးရမဟုတ်တဲ့အတွက် စကားမပြောဘူး။ ပြောလို့မှ သူတို့မှာ တရားမဝင်တာ။ အဲဒီတော့ သူ (တရုတ်) ပြောလို့မရဘူး။ အခုကတော့ ဒါက ခဏတစ်ဖြုတ်ပါ။ အချိန်ကလည်း သိပ်ပြီးတော့ ကြာတယ်လို့ ပြောလို့မရသေးဘူးလေ"

လက်ရှိ မြန်မာပြည်ထဲက တိုက်ပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် တရုတ်ဘက်က ထောက်ခံမှု ရှိပုံမရဘူးလို့လည်း သူကပြောပါတယ်။

ဒါပေမဲ့ တရုတ်-မြန်မာ ဆက်ဆံရေးအကြောင်း အဓိကထားလေ့လာနေတဲ့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု USIP က မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး ဂျေဆန် တာဝါကတော့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ တရားမဝင် အားပေးထောက်ခံမှုနဲ့ စတင်တာ ဖြစ်နိုင်တယ်လို့ RFA ကို နိုဝင်ဘာလ ၇ ရက်နေ့က ပြောထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်မပေးနိုင်တဲ့အခြေအနေကြောင့် တရုတ်ဘက်က သဘောထား ပြောင်းလဲသွားပုံ ရတယ်လို့ သူက သုံးသပ်ပါတယ်။

"ကူးသန်း‌ရောင်းဝယ်မှု ကုန်စည်ရပ်တာကလွဲလို့ တခြား (တရုတ်) စီမံကိန်းတွေကို ထိခိုက်မှု တစ်စုံတစ်ရာ မမြင်ရသေးဘူး"

ရှမ်းပြည်နယ်ထဲက တရုတ်စီးပွားရေးစီမံကိန်းတွေကို လေ့လာစောင့်ကြည့်နေတဲ့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ပြောခွင့်ရသူ ယိင်းလျန်းဟန်ကတော့ တရုတ်နဲ့မြန်မာ ကုန်စည်ကူးသန်းမှု ရပ်တန့်နေတာကလွဲလို့ တရုတ်ရဲ့ စီမံကိန်းကြီးတွေအပေါ် တစ်စုံတစ်ရာ ထိခိုက်တာမျိုး မရှိသေးဘူးလို့လည်း သူကပြောပါတယ်။

"ကူးသန်း‌ရောင်းဝယ်မှု ကုန်စည်ရပ်တာကလွဲလို့ တခြား(တရုတ်)စီမံကိန်းတွေကို ထိခိုက်မှု တစ်စုံတစ်ရာ မမြင်ရသေးဘူး။ တော်လှန်ရေးတပ်ဖွဲ့ တော်တော်များများ လည်း စီမံကိန်း (တရုတ်) တော်တော်များများကို ရှောင်ကြပါတယ်။ ဥပမာဆိုလို့ရှိရင် သီပေါ-နမ္မတူလမ်းမှာဆိုရင် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေရှိတယ်။ ပြီးတဲ့အခါ ကျတော့ အထက်ရဲရွာရေကာတာ ရှိတယ်။ ရေကာတာရှိတဲ့ ပတ်ဝန်းကျင်ဆိုလည်း တော်တော်များများ ရှောင်ကြပါတယ်။ အခုအချိန်အထိ ထိခိုက်မှုတော့ မမြင်သေးဘူးရှင့်"

ဒီအခြေအနေကိုကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ရဲ့ အာဏာ မျှခြေရှိနေတာကို တရုတ်ကလိုလားတဲ့အခြေအနေလို့ ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) ပြောခွင့်ရ လီကျားဝင်းကတော့ တရုတ်စီမံကိန်းတွေအပေါ် ကာကွယ်ဖို့ စီစဉ်နေပြီး အသေးစိတ်မပြောနိုင်ဘူးလို့ RFA ကိုပြောပါတယ်။

"အကာအကွယ်တော့လုပ်နေတယ်။ ဒါပေမဲ့ ထွေထွေထူးထူး ဘယ်လိုလုပ်နေလဲ ဆိုတာတော့ ကျွန်တော်တို့အနေနဲ့ အခုလောလောဆယ် မပြောလိုသေးပါဘူးဗျ"

တရုတ်စီမံကိန်းတွေနဲ့ပတ်သက်လို့စစ်ကောင်စီဘက်က ဘယ်လိုအာမခံချက်ပေးထားလဲ ဆိုတာသိရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို တယ်လီဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

တရုတ်ဘက်ကတော့ အဖွဲ့အစည်းအားလုံး အပစ်ရပ်ဖို့တိုက်တွန်းထားပြီး၊ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေတဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဝေါင်ဝမ်ဘင်း (Wang Wenbin) က နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။