NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် အမှုဖွင့်ခံရ
NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကို “နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ ကာကွယ်မှုဥပဒေ” ပုဒ်မ ၈ (ဇ) ကို ဖောက်ဖျက်ကျုးလွန်မှုနဲ့ မကွေးတိုင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက မင်းဘူးမြို့မရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။
-
2018-10-25 -
-
-
Your browser doesn’t support HTML5 audio
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ ကာကွယ်မှုဥပဒေပုဒ်မ ၈ (ဇ)ကို ဖောက်ဖျက်ကျုးလွန်မှုနဲ့ မင်းဘူးမြို့မရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ RFA သတင်းထောက် မဇာဏီထွဏ်း က တင်ပြထားပါတယ်။
----------------------
ပါတီကနေ နုတ်ထွက်စာတင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး စက်တင်ဘာ ၉ ရက်နေ့က ဒေါက်တာမျိုးညွန့်ရဲ့ ပြောဆို ချက်တွေဟာ သူ့ရဲ့ဂုဏ်သိက္ခာကို ထိပါးစေတဲ့ အချက်တွေပါနေတာကြောင့် အောက်တိုဘာ ၂၃ ရက်နေ့က အမှုဖွင့်တရားစွဲလိုက်တာဖြစ်တယ်လို့ ဦးတင်အောင်ထွန်းက ပြောပါတယ်။
"ဒေါက်တာမျိုးညွန့်က သူပြောဆိုတဲ့စကားတွေက ကျနော့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာပေါ့နော်။ ထိခိုက်အောင်ပြောတဲ့အတွက် ရဲတပ်ဖွဲ့စခန်းမှာ အမှုဖွင့်ထားပါတယ်။"
အခုတရားစွဲဆိုထားတဲ့ကိစ္စကို သိရှိထားတဲ့အကြောင်း၊ ဦးတင်အောင်ထွန်းကို ဂုဏ်သိက္ခာထိပါးအောင် ရည်ရွယ်ပြောဆိုခဲ့တာမရှိဘဲ အများစုကိုခြုံငုံပြောဆိုခဲ့တာဖြစ်တဲ့အကြောင်း၊ တရားဆိုဆွဲခံထားရတာကိုလည်း ဖြေရှင်းသွားမယ့်အကြောင်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
"သိတော့သိထားတယ်ခင်ဗျ။ တရားရုံးမှာ တရားစွဲထားတယ်ဆိုတော့လည်း တရားရင်ဆိုင်ရမှာပေါ့ဗျာ။ ကျနော်က သူ့ကို ဂုဏ်သိမ်နိမ့်အောင် ဘာမှလည်း ပြောထားတာ မရှိပါဘူး။ ကျနော်တို့ပြောတုန်းက နုတ်ထွက် ခွင့်ပြုလိုက်တဲ့လူတွေရဲ့ နာမည်ကိုတော့ပြောတယ်။ ဒါပေမဲ့ ဘယ်သူကတော့ ဘယ်လိုအတွက်ကြောင့်ဆိုပြီး တိတိကျကျပြောထားတာ မဟုတ်ပါဘူး။ ခြုံပြီးတော့ပဲ ပြောထားတာပါ ။ ကျနော်တို့ရှင်းလို့ရပါတယ်။"
ဦးတင်အောင်ထွန်းဟာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာ NLD ပါတီကို ဝင်ရောက်ခွင့်လျှောက်ထားခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ ပါတီဝင်အသိအမှတ်ပြု လက်မှတ်နဲ့ ကတ်ပြားတွေကို မရသေးတာကြောင့် ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ခွင့်ပြုဖို့ ဇွန်လ ၇ ရက်နေ့မှာ ပါတီ ဥက္ကဋ္ဌကို စာရေးသားတင်ပြပြီး နုတ်ထွက်ခဲ့တာလို့ သိရပါတယ်။