NLD ပါတီအပေါ် စစ်ကောင်စီရဲ့ ပစ်မှတ်ထားဖိနှိပ်မှုများ
2022.12.02

စစ်တပ်လိုလားသူတွေ ရုပ်ပျက်ဆင်းပျက်ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ အာဏာသိမ်းကာလ တစ်လျောက်လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေကို ပစ်မှတ်ထား ဖိနှိပ်ခဲ့ပါတယ်။
အာဏာသိမ်းလိုက်ကတည်းက NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌတွေ ဖြစ်တဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် ဖမ်းဆီးမှုနဲ့ နေအိမ်ချိပ်ပိတ်မှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။
NLD ပါတီ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRD T) ရဲ့ စာရင်းအရ ၂၁ လအတွင်း NLD လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အပါအဝင် ပါတီဝင် ၁,၁၆၉ ဦး ဖမ်းဆီးခံထောင်ချခံထားရပါတယ်။
"NLD ဆို သေဖို့သာပြင်ပေါ့နော်။ အဲဒါကတော့ သူ့ရဲ့မူပဲ”
NLD ပါတီဝင်ဖြစ်တဲ့ ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလင်းအောင်နဲ့ ဧရာဝတီတိုင်း၊ မဲဆန္ဒနယ် အမှတ် (၇) က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုးတို့ နှစ်ဦးကို ဒီနှစ် နိုဝင်ဘာလ ၂၈ ရက်မှာ ထောင်ဒဏ် ၂၆ နှစ်စီ ချမှတ်ခဲ့ပါတယ်။
သေဒဏ်ပေးတဲ့အထိ ဖိနှိပ်တတ်တဲ့စစ်ကောင်စီကြောင့် ထောင်အနှစ် ၂၀ ကျတာကိုပဲ ကြံဖန်ဖြေသိမ့်နေရတယ်လို့ ဦးဝေလင်းအောင်ရဲ့မိတ်ဆွေတစ်ဦးက ပြောပါတယ်။
“ပြောရမယ်ဆိုရင်တော့ သေဒဏ်ချမှတ်လို့ရတဲ့ပုဒ်မနဲ့ စွဲဆိုခံထားရတာလေ။ ဒါပေမဲ့ သူတို့က အသက်မသေရင်ပဲ တော်ပြီကွာ။ သေဒဏ်တွေချနေတာဆိုတော့လေ ကိုဝေလင်းအောင်ရဲ့ အမေဆိုရင် အမလေးတော်သေးတယ်၊ ငါ့သား အဲလောက်ပဲကျလို့ တော်သေးတယ်ဆိုပြီးတော့မှ အဲလိုမျိုးငိုတယ်”
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် လေးကေ့ကော်မြို့မှာ တိမ်းရှောင်နေတဲ့ ဦးဝေလင်းအောင်နဲ့ ဒေါက်တာပြည့်ဖြိုးတို့ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှာ ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မတွေဖြစ်တဲ့ - ၅၂ (က)၊ ၅၀ (က)၊ ၅၀ (ည)၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ- ၁၂၂ တို့နဲ့ စွဲချက်တင်ခံရပြီး ၁၁ လအကြာမှာ အခုလို အမိန့်ချခံလိုက်ရတာပါ။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို နိုင်ငံတော်သစ္စာဖောက်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ- ၁၂၂ နဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အနှစ် ၂၀ ထပ်မံချမှတ်လိုက်ပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)၊ (ခ) တို့နဲ့ ထောင်ဒဏ် ၄ နှစ်ချမှတ်ခံခဲ့ရတာကြောင့် စုစုပေါင်းထောင်ဒဏ် ၂၄ နှစ် ကျခံရမှာပါ။
မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် NLD ပါတီဝင် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်ကို ပုဒ်မ ရှစ်ခုနဲ့ ထောင်ဒဏ် ၁၄၈ နှစ် ချမှတ်ခဲ့သလို ကရင်ပြည်နယ် အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာနဲ့ စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကို အမှု ခုနစ်မှုနဲ့ ထောင်ဒဏ် ၉၂ နှစ် ချမှတ်ခဲ့ပါတယ်။
လူထုက NLD ကို ကြီးကြီးမားမားထောက်ခံနေတဲ့အတွက် စစ်ကောင်စီက မနာလို မုန်းတီးစိတ်နဲ့ အခုလို ဖိနှိပ်တာလို့ စမ်းချောင်းမြို့နယ် NLDပါတီ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ဝေဖန်ပါတယ်။
“ဒီမြန်မာပြည်မှာ ဒီမိုကရေစီရေးအတွက် ရုန်းကန်နေသူ အားလုံးကိုလေ၊ အပြစ်မဲ့ ပြီးတော့ ထောင်နှစ်ရှည်ချနေတာတွေ အများကြီးရှိနေပါတယ်။ ဒါတွေဟာ ဘာလဲ ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရခဲ့တယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုအပြည့်ရှိတယ်နော်။ ဒီပေါ်မှာ သူတို့ရဲ့ မနာလိုမုန်းတီးမှု တွေကို အခြေခံထားတာပါ။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံ တယ်ဆိုတဲ့ ပြည်သူတွေကိုလည်း အလားတူမျိုး အရေးယူနေတာတွေရှိပါတယ်”
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲအနိုင်ရပါတီကို ပစ်မှတ်ထား တိုက်ခိုက်ချေမှုန်းတာဟာ ဒီမိုကရေစီ ကျင့်စဉ်တစ်ခုလုံးကိုပါ စနစ်တကျ ဖျက်ဆီးတာဖြစ်တယ်လို့ နိုဝင်ဘာလ ၈ ရက်က ထုတ်ပြန်တဲ့ NLD ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း NLD ကို ဖိနှိပ်တာဟာ စစ်ကောင်စီရဲ့မူဝါဒပဲ လို့ ပြောပါတယ်။
“NLD ဆို သေဖို့သာပြင်ပေါ့ကွာ။ စစ်ကောင်စီရဲ့ အဓိကမူဝါဒကြီးက လေးချက်လည်း မဟုတ်ဘူး။ ငါးချက်လည်း မဟုတ်ဘူး။ တစ်ချက်တည်းပဲ NLD ဆို သေဖို့သာပြင် အဲဒီနေရာကို ငါယူမယ် အဲဒါပဲ။ NLD မဟုတ်တဲ့သူလည်း လုပ်တော့လုပ်တယ်။ လုပ်ပေမယ့်လို့ လုပ်တာချင်းအတူတူ NLD ဆို သေဖို့သာပြင်ပေါ့နော်။ အဲဒါကတော့ သူ့ရဲ့မူပဲ”
NLD ပါတီဝင်တွေ ပစ်မှတ်ထားခံနေရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီကနေ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ မေးမြန်းချက်မှာတော့ စစ်တပ်အနေနဲ့ NLD ပါတီကို ပစ်မှတ်ထားနေတာ မဟုတ်ဘဲ NLD ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေဟာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်နေလို့ ဖမ်းဆီးအရေးယူတာလို့ တုံ့ပြန်ခဲ့ဖူးပါတယ်။

မြန်မာလူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းကတော့ စစ်ကောင်စီဟာ မြန်မာနိုင်ငံအတွင်းမှာ ဖိနှိပ်မှုတွေကို စည်းလွတ်ဘောင်လွတ်လုပ်နေ တယ်လို့ ဝေဖန်ပါတယ်။
“စစ်တပ်ရဲ့အမြင်ကို ကျွန်တော်မြင်တာ ဘယ်လိုပြောရမလဲဆိုတော့ ဒါသူက ပြည်သူကို ရန်သူလိုမြင်တာကိုး။ ပြည်သူကလည်း သူတို့ကို သိနေပြီ။ သူတို့အပေါ်မှာ မေတ္တာ မရှိတော့ဘူး။ ဆိုတော့ သူတို့က သူတို့ရဲ့ အုပ်ချုပ်လာတဲ့ သက်တမ်းကိုကြည့်မယ် ဆိုရင်လည်း အနိုင်ကျင့်ဗိုလ်ကျပြီးတော့ လက်နက်အားကိုးနဲ့ အုပ်ချုပ်လာတဲ့ အုပ်စုတွေ။ ဆိုတော့ သူတို့တွေမှာက ကျွန်တော်တို့ ရှင်းရှင်းပြောလို့ရှိရင် ဒါကိုဓားမြတွေ၊ ရာဇဝတ်သားတွေ အဲလိုလူမျိုးတွေနဲ့ သိပ်မကွာဘူး။ သူတို့က ယူနီဖောင်းဝတ်ထားတာ ဒါပဲကွာတယ်”
ဖမ်းဆီးခံအကျဉ်းကျခံရတဲ့ကာလအတွင်း NLD ပါတီဝင် ၆၇ သေဆုံးခဲ့တယ်လို့ NLD ပါတီ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့က ပြောပါတယ်။ ဒီအပြင် ပါတီရုံးတွေ အကြိမ် ၁၂၀ ဖျက်ဆီးခံခဲ့ရပြီး လွှတ်တော်ကိုယ်စားလှယ် ၁၃၆ ဦး အပါအဝင် ပါတီဝင် ၂၇၄ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရပါတယ်။
NLD ပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၉၂၀ မှာ အနိုင်ရခဲ့ပြီး ထောက်ခံမှု ၈၂.၄ ရာခိုင်နှုန်း ရရှိခဲ့တာဖြစ်ပါတယ်။