ဖွဲ့စည်းပုံကိစ္စ အတိုင်ပင်ခံ ပြောကြားချက်အပေါ် တုံ့ပြန်ချက်များ
2019.10.25

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ပြီးဖို့မလွယ်ဘူးဆိုတာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မှန်းဆချက်ဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ လွှတ်တော်တွင်း ဆောင်ရွက်ချက်တွေ ကတော့ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD ပါတီတာဝန်ရှိသူတွေက ပြောကြပါတယ်။
NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်ရှင် ( မုံရွာအောင်ရှင်) က ပြင်ဆင်ရေးကို လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီက ဆက်လက်လုပ်ဆောင်မှာဖြစ်လို့ တစ်စုံတစ်ရာ ပြီးမြောက်လာနိုင်လိမ့်မယ်လို့မြင်ကြောင်း ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် ပြောလို့မဖြစ်တော့ဘူးလားဆိုတာမျိုး အဲဒါမျိုးလည်း မဟုတ်ဘူး။ နိုင်ငံရေး မှာတော့လေ။ လုပ်စရာရှိတာ ကိုယ်လုပ်ရမယ့် လမ်းကြောင်းကို လုပ်နေရတာပဲ။ တာဝန်ရှိတဲ့သူက သူရဲ့ ထင်မြင်ချက်ကို ပြောတာပဲ။ သူပြောတာကို မှားတယ်လို့ ပြောတာမဟုတ်ဘူး။ ၄၅ ဦးကော်မတီက သူလုပ်စရာရှိတဲ့ အလုပ်ကို ဆက်ပြီးလုပ်နေတာပဲ။ လုပ်စရာရှိတာ ဆက်လုပ်တဲ့အတွက် တစ်စုံတစ်ရာတော့ ပြီးမြောက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်”
ကော်မတီကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆက်လုပ်နေဦးမှာပဲလို့ ပြောလာသူထဲမှာ အဲဒီကော်မတီက နုတ်ထွက်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းလည်း ပါဝင်ပါတယ်။
“ကော်မတီကတော့ လုပ်နေမှာ။ အသံကောင်းနဲ့ ဟစ်နေဦးမှာပါပဲလေ။ ဂျပန်မှာသွားတွေ့ပြီး ပြောလိုက်တဲ့ဟာ ဒါအဲချိန်မှာ ဟိုကမေးလို့နေမှာပေါ့။ မေးတဲ့အခါ သူဒါကို ဘယ်လိုမှ လုပ်လို့မရတော့ အရင်တုန်းကတော့ ထိန်းပြီးနေလာခဲ့တာပေါ့။ ”
၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေပြောင်းလဲမှု တချို့လုပ်နိုင်မလားဆိုတဲ့ Nikkei Asian Review သတင်းဌာနရဲ့ မေးမြန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြောဖို့ခက်ခဲတယ်လို့ ဖြေခဲ့ပါတယ်။
လာမယ့်နှစ်အတွင်း အခြေခံဥပဒေ ပြင်ဆင်နိုင်မယ့် အလားအလာပေါ် မူတည်ပြီး နောက်ရွေးကောက်ပွဲအတွက် မျှော်လင့်ချက်တည်ဆောက်နေတာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလို ပြောကြားချက်ဟာ ရွေးကောက်ပွဲကတိကဝတ်ကို မကျေပွန်ရာ ရောက်တယ် ဆိုတဲ့ ထောက်ပြချက်နဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်ရှင် ( မုံရွာ အောင်ရှင်) က ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆောင်ရွက်ရမှာ အခက်အခဲတွေရှိပြီး ကတိကဝတ်ကို တည်ချင်တဲ့အတွက် ကော်မတီဖွဲ့ဆောင်ရွက်တာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကတော့ ၄၅ ဦးကော်မတီ ဖွဲ့ဆောင်ရွက်လိုက်တဲ့အတွက် ပြင်ဆင်ရေးပိုင်းက ခက်ခဲသွားတာလို့ အမြင်ရှိပါတယ်။
NLD ရဲ့ ပြင်ဆင်ရေးဆောင်ရွက်ချက်ဟာ ဖွဲ့စည်းပုံပါ အခန်း ၁၂ အခြေခံဥပဒေ ပြင်ဆင်ခြင်းနဲ့အညီ ဆောင်ရွက်တာ မဟုတ်တဲ့အပြင် ကော်မတီက ပြင်ဆင်လိုတဲ့ အကြောင်းအရာတွေ များနေတဲ့အတွက် ပြင်ဖို့ခက်ခဲသွားတာလို့ ကြံ့ခိုင်ဖ့ွံဖြိုးရေးပါတီ ခေါင်းဆောင်တွေက ဆိုပါတယ်။
တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ပြင်ဆင်ဖို့ လက်ခံထားတဲ့ ပုဒ်မ ၂၆၁ တို့လို ပုဒ်မတွေကို စပြင်ဖို့လိုတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က ပြောပါတယ်။
“ပုဒ်မ ၂၆၁ တိုင်းနဲ့ ပြည်နယ်က ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ လွှတ်တော်က အတည်ပြု ခန့်အပ်တာကို သမ္မတက အတည်ပြုဖို့ ဆိုတာ ဒါလေးကို စပြီးတင်ပြတာပေါ့။ အဲဒါက ကျနော်တို့ တင်လိုက်တယ်။ သို့သော် အခုအခက်အခဲဖြစ်သွားတာ ဘာလဲ ဆိုတော့ ပြင်လို့ရတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ပြီး လုပ်တာကိုက ပြင်လို့ရရဲ့သားနဲ့ သူရဲ့ နည်းလမ်းအတိုင်း မပြင်ဘဲနဲ့ ၄၅ ဦးကော်မတီဖွဲ့ ဆောင်ရွက်လိုက် တဲ့အတွက် ဒီကိစ္စက အကြပ်အတည်းဖြစ်သွားတယ်လို့ ကျနော်တို့ က မြင်တယ်”
ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တပ်မတော်ဘက်က စိတ်အားထက်သန်မှု မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားအပေါ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ် တချို့က မဟုတ်ကြောင်း ငြင်းဆိုကြပါတယ်။
“တပ်မတော်ကတော့ တက်ကြွမှုရှိပါတယ်။ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အခန်း ၁၂ အတိုင်းတင်ထားတာတွေ ကျနော်တို့ တော်တော်များပါတယ်။ သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ တပ်မတော်က ဆောင်ရွက်နေတာရှိပါတယ်။ ရှိနေရဲ့သားနဲ့ ဘာလို့တက်ကြွမှုမရှိဘူးလို့ ပြောလည်းတော့ ကျနော်လည်း စဉ်းစားရခက်ပါတယ်။ တကယ်စေတနာရှိတယ်၊ ပြင်ချင်တယ်ဆိုရင် သူ့ပြဌာန်းချက်နဲ့ ဥပဒေပုဒ်မတွေအတိုင်း ညှိညှိနှိုင်းနှိုင်း လုပ်သွားရင် ခက်ခဲမယ့် အလုပ်မဟုတ်ပါဘူး”
USDP ပါတီရဲ့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး ပြောသွားတာပါ။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ရွေးကောက်ပွဲကတိကဝတ်ဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး မလွယ်ကူတော့ဘူးဆိုတာ မဲဆန္ဒရှင်ပြည်သူတွေကို တိုက်ရိုက်မပြောဘဲ နိုင်ငံခြား မီဒီယာကနေ တဆင့်ပြောကြားမှုအပေါ် မဖြစ်သင့်ဘူးဆိုတဲ့ ဝေဖန်မှုတွေကလည်း ရှိပါတယ်။
ဒါတွေနဲ့ ပတ်သက်လို့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်ရှင် ( မုံရွာအောင်ရှင်) တုံ့ပြန်တာက
“အပြစ်ကတော့ ရှာကြံပြီးတော့ တင်နေတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ပြောတာလောက်တောင် လောက်တောင်မှ မှန်းဆပြီး သူတို့ ပြောနိုင်လို့လား။ သူတို့ဘာလုပ်နေလဲ။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ သူတို့ကြိုးစားနေကြလဲ။ ဘယ်လောက်ထိ လက်တွေ့လုပ်နေကြသလဲ။ NLD လောက် လုပ်ခဲ့လိုလားဆိုတာလည်း ပြန်ပြီးတော့ မေးရမလိုဖြစ်နေပြီ”
ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ဘယ်လောက်အတိုင်းအတာထိ ဆောင်ရွက်နိုင်မယ်ဆိုတာ NLD ပါတီက တပ်မတော်အပါအဝင် တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ အဓိက မူတည်နေတယ်လို့ USDP ဘက်က ရှုမြင်ပါတယ်။
ပါတီအနေနဲ့ တစ်ဦးတစ်ဖွဲ့ရဲ့ အယူအဆနဲ့ ပြင်ဆင်ရေးကို ဆောင်ရွက်တာမဟုတ်ဘဲ တပ်မတော်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်မယ်ဆိုရင် ၂၀၂၀ မတိုင်ခင် တိုင်းရင်းသားဒေသတွေမှာ အနိုင်ရပါတီတွေက ဝန်ကြီးချုပ်ဖြစ်လာနိုင်မယ့် ပုဒ်မ ၂၆၁ လို ပုဒ်မတွေ ပြင်ဆင်လာနိုင်လိမ့်မယ်လို့ ပြောကြပါတယ်။